Pages

Thursday, May 29, 2014

မြိတ်ကမ်းလွန်တွင် ခရီးသည်နှင့် ကုန်တင်ယာဉ် တစ်စီး နစ်မြုပ်


Dawei Watch | မြိတ်၊ မေ ၂၉

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊
ကျွန်းစုမြို့နယ် ရေပိုင်နက်ရှိသဲဖြူကျွန်းကျေးရွာအနီးတွင် မေလ ၂၈ ရက်နေ့ နေ့လယ် ၁ နာရီခွဲအချိန်က ခရီးသည်နှင့် ကုန်တင် စက်ရေယာဉ်တစ်စီးသည်
လှိုင်းကြီးမှုကြောင့် ပင်လယ်ပြင်အတွင်း နစ်မြုပ်ခဲ့ကြောင်း လိုက်ပါသွားသည့် ခရီးသည်များထံမှ သိရသည်။

အဆိုပါ ခရီးသည်နှင့် ကုန်တင်စက်လှေရေယာဉ်သည် မေလ ၂၈ ရက်နေ့ နံနက် ၇ နာရီခွဲအချိန်က မြိတ်မြို့ နောက်လယ်ရပ်ကွက်၊ နောက်လယ် ၇ လမ်း လှေဆိပ်မှတဆင့် ကျွန်းစုမြို့နယ်၊ ရေကန်အော်စံပြကျေးရွာသို့ အသွား လှိုင်းကြီးမှု အနည်းငယ်စတင်ဖြစ်ပွားခဲ့ရာမှ စက်လှေရေယာဉ်ဝမ်းပိုက်အတွင်းသို့ ရေများဝင်ရောက်ပြီး နစ်မြုပ်ခဲ့ခြင်း ဖြစ်ကြောင်း ၎င်းတို့ထံမှ သိရသည်။

ယင်းရေယာဉ်ပေါ်တွင် ခရီးသည် ၆၀ ကျော်ပါဝင်ပြီး စက်လှေနစ်မြုပ်ရာသို့ သဲဖြူကန်းကျေးရွာနှင့် မအူတောင်ကျေးရွာနေ ပြည်သူများကစက်လှေများဖြင့် ကူညီကယ်ဆယ်မှုကြောင့် လှေပေါ်ပါခရီးသည်
အားလုံး ဒဏ်ရာရ၊ သေဆုံးပျောက်ဆုံးသူ မရှိကြောင်း ခရီးသည်များထံမှ သိရသည်။

ခရီးသည်များတွင် ကလေးငယ်များ၊ သက်ကြီးရွယ်အိုများ၊ ပညာရေး ၀န်ထမ်းများ ပါဝင်သည့်အတွက် ၎င်းတို့အတွက် ပိုမိုစိုးရိမ်ခဲ့ရကြောင်း ရေယာဉ်ပေါ်တွင် လိုက်ပါခဲ့သည့် အမျိုးသားတစ်ဦးကဆိုသည်။

လူအသေအပျောက်မရှိဘဲ တင်ဆောင်လာသော ပစ္စည်းများ နစ်မြုပ်မှုကြောင့် ခန့်မှန်းတန်ဖိုး သိန်း ၁၀၀ ၀န်းကျင်ခန့် ရှိကြောင်း ရှော်တော်မော်ကျေးရွာရဲစခန်းမှ ရဲအုပ်ဇင်မောင်က ပြောကြားသည်။

ယင်းကိစ္စနှင့် ပတ်သက်၍ ရေယာဉ်မောင်းသူကို ရေယာဉ်ကို မဆင်မခြင် မောင်းနှင်မှု ဖြစ်သည့် ပြစ်မှုဆိုင်ရာ ဥပဒေ ပုဒ်မ ၂၈၀ ဖြင့် တရားစွဲဆိုထားကြောင်း ယင်းစခန်းထံမှ သိရသည်။

နစ်မြုပ်သွားသည့် ရေယာဉ်ပေါ်တွင် ပါသွားသည့် ပစ္စည်းအချို့ကို ပြန်လည်ဆယ်ယူရရှိနေပြီး ရေယာဉ်ကိုမူ ဆယ်ယူနိုင်ခြင်းမရှိသေးကြောင်း ဒေသခံများထံမှ သိရသည်။

ကျွန်းစုမြို့နယ်၊ ရေကန်အော်စံပြကျေးရွာသို့ မြိတ်မှ စက်လှေ ရေယာဉ်နှစ်စီး  ၂ ရက်ခြားအလှည့်ကျစနှစ်ဖြင့် ပြေးဆွဲနေပြီး နစ်မြှုပ်သော စက်လှေမှာ  အလျား ၄၅ပေ၊ အနံ ၁၀ပေ ရှိသည်။

Dawei Watch