Pages

Saturday, May 3, 2014

မွန်ပြည်နယ်တွင် ထိုင်းနိုင်ငံသား အများဆုံးလာရောက် လည်ပတ်



 မော်လမြိုင်၊ မေ ၃
မွန်ပြည်နယ်အတွင်း လာရောက်လည်ပတ်သည့် ပြည်ပခရီးသွားများထဲတွင် ထိုင်းနိုင်ငံသားများ အများဆုံးဖြစ်ကြောင်း မွန်ပြည်နယ် ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းများထံမှသိရသည်
ထိုင်းနိုင်ငံသားများသည် ကျိုက်ထီးရိုးနှင့် မုဒုံမြို့နယ်အတွင်းတည်ရှိသည့် အတောင် ၄၀၀ ပြည့် လျောင်းတော်မူဘုရား ဆရာတော်ထံသို့ အဓိကထား လာရောက်လည်ပတ် ကြခြင်းဖြစ်သည်။
“သူတို့က အဓိက ကျိုက်ထီးရိုးသွားတယ်။ ပြီးတော့ ဝင်းစိန်တောရဆရာတော်ထံသွားကြတယ်။နောက်ပြီးတော့ စိတ်ဝင်စားတဲ့တခြားနေရာတွေလည်း သွားကြပါတယ်” ဟုမွန်ပြည်နယ် ဟိုတယ်နှင့် ခရီးသွာလာရေးလုပ်ငန်းမှ ဦးစိုးပိုင်ကပြောသည်။
ထိုင်းနိုင်ငံသားများသည် ရန်ကုန်မှတဆင့် မော်တော်ကားဖြင့် မွန်ပြည်နယ်သို့ လာရောက်ကြပြီး အထူးသဖြင့် နယ်စပ်လမ်းများဖြစ်သည့် မဲဆောက်-မြဝတီ၊ ထားဝယ်-ထီးခီးနယ်စပ်လမ်း၊ မောတောင်၊ ကော့သောင်းလမ်းတို့မှလည်း ဝင်ရောက်လာကြသည်ဟု ဆိုသည်။
မွန်ပြည်နယ်နှင့် ထိုင်းနိုင်ငံသို့ တိုက်ရိုက်ဆက်သွယ်ထားသည့် ဖောက်လုပ်ဆဲ သံဖြူဇရပ်-ဘုရားသုံးဆူ မော်တော်ကားလမ်း ပြီးသွားသည့်အခါ  ထိုင်းနိုင်ငံသားများ လက်ရှိထက် ပိုမိုဝင်ရောက်လာမည်ဟု ဦးစိုးပိုင်က ပြောသည်။
မွန်ပြည်နယ်အတွင်း နိုင်ငံခြားသားဝင်ရောက်လာမှုများလာသည်နှင့်အမျှ ဒေသတွင်းသဘာဝအလှများကို ဖော်ထုတ်လျှက်ရှိကာ လက်ရှိ တူးဖော်ထားသည့် သုဝဏ္ဏဘူမိမြို့ဟောင်းနေရာကိုလည်း ရှေးဟောင်းယဉ်ကျေးမှုဇုန်အဖြစ်သတ်မှတ်ရန်ရှိကြောင်း မွန်ပြည်နယ် စီမံ/စီးပွားဝန်ကြီး ဒေါက်တာ မင်းနွယ်စိုးက ပြောသည်။
မွန်ပြည်နယ်အတွင်းသို့ နိုင်ငံပေါင်း ၅၂ နိုင်ငံခန့်မှ နိုင်ငံသားများ လာရောက်လည်ပတ်လျက်ရှိနေပြီး ကမ္ဘောဒီးယား၊ ထိုင်း၊ ပြင်သစ်၊ တရုတ်၊ ဂျာမနီ၊ အမေရိကန်၊ သြစတြေလျ စသည့်နိုင်ငံတို့မှ အများဆုံးပါဝင်သည်။
၂၀၁၂ ခုနှစ်က မွန်ပြည်နယ်အတွင်း လာရောက်လည်ပတ်သူဦးရေ ၆၆,၇၈၈ ရှိပြီး၊ ၂၀၁၃ ခုနှစ်တွင် လာရောက်လည်ပတ်သူ ခရီးသွားဦးရေ ၁၁၃,၁၅၃ ပြီး ၎င်းတို့ထဲမှ ထိုင်းနိုင်ငံသားများ အများဆုံးဖြစ်သည်။
|Dawei Watch|