Pages

Tuesday, May 27, 2014

မြိတ်မြို့ပေါ် အထက်တန်းကျောင်း ကျောင်းအပ်ရန် အခက်တွေ့


မြိတ်၊ မေ ၂၆

မြိတ်မြို့နယ် အမှတ် ၂ အခြေခံပညာအထက်တန်းကျောင်းတွင် ကျောင်းသားဦးရေ
အကတ်အသန့် ဖြင့်သာ လက်ခံနေသဖြင့် ကျောင်းသားမိဘများ ကျောင်းမအပ်ရသည့်
အခက်အခဲများကြုံတွေ့နေရသည်ဟု ကျောင်းသားမိဘတစ်ချို့ထံမှ သိရသည်။

ကျောင်းအပ်ရန် နေ့စဉ်သွားရောက်နေသော်လည်း သုံးရက်ကြာသည်အထိ လက်မခံသေးဘဲ
အခြားကျောင်းတွင် အပ်ရန်မှာ ဝေးသဖြင့် ကျောင်းအပ်ရန် အခက်အခဲ
ရှိနေကြောင်း အင်းလေးကမ်းရပ်ကွက်နေ ရှစ်တန်းကျောင်းသူ မိဘတစ်ဦးက
ပြောပြသည်။

“ကျောင်းလာအပ်နေတာ ၆ ရက်တောင်ရှိသွားပြီ ကျောင်းအပ်တာလက်မခံသေးဘူး ”ဟု
န၀မတန်းကျောင်းသားအသစ်အဖြစ် ကျောင်းလာအပ်သည့် မြို့သစ်ရပ်နေ
ကျောင်းသားမိဘတစ်ဦးက ပြောသည်။

ကျောင်းအပ်လက်မခံခြင်းမဟုတ်ကြော
င်း မြိတ်မြို့ အမှတ် (၂) အခြေခံပညာ
အထက်တန်းကျောင်း ကျောင်းအုပ်ကြီးက ပြန်လည်ပြောဆိုသည်။

“ကျောင်းအပ်လုံးဝလက်မခံတာမဟုတ်ပါဘူး။ ကျောင်းသားဦးရေနှင့် စာသင်ဆောင်လုံလောက်မှု
မရှိသည့်အတွက် အခက်အခဲဖြစ်နေတာပါ ”ဟု ယင်းကျောင်းမှ ကျောင်းအုပ် ဆရာမကြီးက ပြောသည်။

မြိတ်မြို့တွင် ကျောင်းသားမိဘများမှာ အမှတ် (၂) ကျောင်းတွင်သာ
းစုပြုံပြီးအပ်နေသဖြင့် ကိုယ့်နဲ့နီးစပ်ရာ နီးစပ်ရာကျောင်းတွေမှာ
အပ်စေလိုကြောင်း မြို့နယ် ပညာရေးမှူးရုံးမှ ပညာရေးဝန်ထမ်းတစ်ဦးက
ပြောသည်။

“နောက်ဆုံးဆင့်အနေနဲ့ ကျောင်းမအပ်မနေရဖြစ်အောင် စီစဉ်ပေးရမှာ။
တစ်သုတ်စီခွဲတက်ရတာမျိုးဖြစ်သွားမယ်” ဟု အထက်ပါပညာရေးဝန်ထမ်းက ပြောသည်။

အဆိုပါ စာသင်ကျောင်းတွင်ကျောင်းသားဦးရေနှင့်
စာသင်ဆောင်များမလုံလောက်ရှိနေသည့်အတွက် လာမည့်နှစ်တွင် ပေ ၁၂၀ ရှည်
ရှိကျောင်းဆောင်တစ်ဆောင် ဆောက်ရန်အတွက် ခွင့်ပြုထားပြီး ဖြစ်ကြောင်း
မြို့နယ်ပညာရေးမှူးထံရုံးမှ သိရသည်။

အမှတ် ၂ အခြေခံပညာအထက်တန်းကျောင်းတွင် ကျောင်းသားဦးရေနှင့်
စာသင်ဆောင်များမလုံလောက်မှုများရှိနေသော်လည်း ယင်းကဲ့သို့ အခက်အခဲမျိုး
အခြားကျောင်းများတွင် မရှိဘဲ ကျောင်းအပ်ကာလအတွင်း ကျောင်းသားအားလုံးကို
လက်ခံပေးလျက်ရှိသည်ဟု  ပညာရေးအသိုင်းအ၀ိုင်းထံမှ သိရသည်။

အမှတ် ၂ ကျောင်းတွင် ကျောင်းသားဦးရေးများပြားနေခြင်းမှာ
အခြေခံလူတန်းစားအများစုနေထိုင်ရာ ရပ်ကွက်နှင့်နီးပြီး
နယ်မှတက်လာသူအများစုမှာလည်း ယင်းကျောင်းတွင်သာ
ကျောင်းအပ်ကြခြင်းတို့ကြောင့် ဖြစ်သည်ဟု ဒေသခံတစ်ချို့က ပြောပြသည်။

မြိတ်မြို့နယ်တွင် အထက်တန်းကျောင်း ၁၀ ကျောင်း၊ အလယ်တန်းကျောင်း ၁၀
ကျောင်း၊ မူလတန်းကျောင်း ၁၂၀ စုစုပေါင်း ၁၄၀ ကျောင်းရှိသည်ဟု မြို့နယ်
ပညာရေးမှူးရုံးမှ သိရသည်။


Dawei Watch