Pages

Saturday, May 17, 2014

ရေနံချက်စက်ရုံထောက်ခံ လက်မှတ်ကိစ္စ ကာယကံရှင်၏ဆန္ဒပါမပါ ကန့်ကွက်သူများ စုံစမ်းမည်

Displaying 1) Tin Lwin  (1).JPG
 ဧပြီလ ၂၉ ရက်နေ့  ရေနံချက်စက်ရုံ ကန့်ကွက်ဆန္ဒပြမှု မြင်ကွင်း

ဓာတ်ပုံ - တင့်လွင်/Dawei Watch
၊Dawei Watch၊ထားဝယ်၊ မေ ၁၇
လောင်းလုံးရေနံချက်စက်ရုံကို ထောက်ခံသူများက စက်ရုံကိုလိုလားကြောင်း နိုင်ငံတော်သမ္မတနှင့် 
သက်ဆိုင်ရာ တာဝန်ရှိသူများထံသို့ ဒေသခံများ၏ လက်မှတ်နှင့်တကွ ပူးတွဲတင်ပြရာတွင် အကြောင်းအရင်း မသိရဘဲ လက်မှတ်ထိုးပေးလိုက်ရသူများရှိသောကြောင့် ကာယကံရှင်များ
 ဆန္ဒအရ ထိုးပေးထားသည့် လက်မှတ်များ ဟုတ်မဟုတ်ကို စုံစမ်းသွားမည်ဖြစ်ကြောင်း 
စီမံကိန်းကန့်ကွက်သည့် ဒေသခံများက ပြောသည်။
ရေနံချက်စက်ရုံကို အလိုရှိသူများက ဦးဆောင်၍ စီမံကိန်း အနီးအနားရှိ ကျေးရွာများ 
အပါအဝင် လောင်းလုံးမြို့ပေါ်ဒေသများရှိ ဒေသခံများ၏ လက်မှတ်ပေါင်း 
၁၃၇၀ ဖြင့် နိုင်ငံတော်သမ္မတထံသို့ ရေနံချက်စက်ရုံစီမံကိန်းကို ထောက်ခံကြောင်းကို မေလ ၁၆ ရက်နေ့က တင်ပြထားသည့်စာတွင် စစ်ပြဲကျေးရွာအုပ်စု အရှေ့ဘက်ကာကျေးရွာမှ အိမ် ၇ အိမ်က
 အကြောင်းအရင်း မသိရဘဲ လက်မှတ်ထိုးပေးလိုက်ရသည်ဟု ယင်းဒေသခံများက ပြောသည်။
“လက်မှတ်ထိုးပေးပါလို့ ပြောတယ်။ အရင်လိုပဲ မင်းငွေ(အစိုးရ စိုက်ပျိုးစရိတ်ချေးငွေ)ကိစ္စထင်လို့ 
လက်မှတ်ထိုးပေးလိုက်တယ်။ ဘာအတွက်လဲလို့ ပြန်မေးမှ ရေနံချက်စက်ရုံ ထောက်ခံတဲ့ကိစ္စလို့ ပြောတာ။ 
အဲဒါဆို ဖျက်ပေးလို့ပြောတော့ ထိုးပြီးသား ပြန်ဖျက်လို့ မရတော့ဘူးလို့ ပြောတော့ ဘာမှလုပ်လို့ 
မရတော့ဘူး”ဟု အရှေ့ဖက်ကာ ကျေးရွာမှ ဒေါ်သန်းပိုက ပြောသည်။

စီမံကိန်းဒေသအနီးကျေးရွာများဖြစ်သည့် ဂေါ့အင်း၊ ရင်းဘုတ် ကျေးရွာများက ဒေသခံအချို့ကမူ ၎င်းတို့ကျေးရွာများတွင် လက်မှတ်ထိုးခိုင်းသည့်ကိစ္စကို မသိရှိကြောင်း၊ သို့သော် အောက်ရေဖြူကျေးရွာတွင် လက်မှတ်များ လိုက်လံစုဆောင်းနေသည်ဟု သတင်းကြားသည်ဟု ဆိုသည်။
“အခုက အဲဒီရွာတစ်ရွာတည်းပဲ ရှိသေးတယ်။ ကျန်တဲ့ရွာတွေမှာလည်း ဒီလိုပဲလားဆိုတာ 
ဆက်စုံစမ်းရဦးမယ်”ဟု အောက်ရေဖြူကျေးရွာမှ စီမံကိန်း ကန့်ကွက်သူ ဦးမောင်မောင်အေးက ပြောသည်။
မိမိတို့သည် ရေနံချက်စက်ရုံတွင် 
အစုရှယ်ယာဝင်ထားသူများမဟုတ်ဘဲ ရေနံချက်စက်ရုံ၏ ကောင်းကျိုးများကို သိရှိခြင်းကြောင့် 
ယင်းစက်ရုံစီမံကိန်းအား လိုလားသူများထံတွင်သာ လက်မှတ်များ ကောက်ယူခြင်းဖြစ်ကြောင်း သမ္မတထံ 
စာတင်ရန်အတွက် ဦးဆောင်စီစဉ်သူ ဦးအောင်စိန်က တုန့်ပြန်ပြောဆိုသည်။

“အဲဒါက ကောလဟာလတွေဖြစ်ဖို့ များပါတယ်။ လက်မှတ်စုဆောင်းတဲ့အခါမှာ သမ္မတဆီတင်မယ့် 
 စာကို ပြတယ်။ ပြီးရင် ရှင်းပြတယ်။ ပြီးမှ လက်မှတ်ထိုးခိုင်းတာပါ။ အတင်းအဓမ္မ မထိုးခိုင်းပါဘူး”ဟု 
ဦးအောင်စိန်က ပြောသည်။
ရေနံချက်စက်ရုံကို အလိုရှိကြောင်း နိုင်ငံတော် သမ္မတထံသို့တင်ပြသည့် စာတွင် 
စီမံကိန်းအနီးကျေးရွာများဖြစ်သည့် ညင်းမော်၊ လေးသွန်းခံ၊ စစ်ပြဲ၊ ရင်းဘုတ်၊ ကညုံကျွန်း၊ 
ကထောင်းနီ၊ အောက်ရေဖြူ၊ ဂေါ့အင်း တို့အပြင် လောင်းလုံးမြို့ပေါ်နှင့် 
မြို့ဟောင်းကျေးရွာတို့မှ ဒေသခံများ၏ လက်မှတ် ၁၃၇၀ ခန့်ပါရှိကြောင်း သိရသည်။

Dawei Watch