Pages

Sunday, May 18, 2014

စစ်ဆေးမှုမရှိသေးသည့် ထိုင်းကြက်သား ထီးခီးမှတဆင့် ထားဝယ်ဈေးကွက်သို့ အဝင်များလာ


၊Dawei Watch၊ ထားဝယ်၊ မေ ၁၈
နယ်စပ်ဂိတ်တွင် ဘေးအန္တရာယ်ကင်းရှင်းမှုရှိမရှိ မစစ်ဆေးရသေးသည့် ထိုင်းကြက်သားများ ထီးခီးနယ်စပ် ကုန်သွယ်ရေးစခန်းမှတဆင့် ထားဝယ်ဈေးကွက်အတွင်းသို့ တဖြည်းဖြည်း အဝင်များလာကြောင်း ထားဝယ်ဒေသခံ စားသုံးသူအသိုင်းအဝိုင်းမှ သိရသည်။
ယခင်က ဈေးကွက်အတွင်း ပြန့်ကျဲပြီး ဝင်ရောက်နေရာမှ လက်ရှိတွင် သီးသန့်ဆိုင်ဖွင့် ရောင်းလာသည်မျိုးအထိ ရှိလာကြောင်း ၎င်းတို့ ပြောဆိုသည်။
“အဖက်ဖက်က စစ်ဆေးမှု ခံယူပြီးမှ ဖြန့်ဖြူးရောင်းချမယ်ဆိုရင် စားသုံးသူတွေအတွက် ပိုပြီး လုံခြုံမှု ရှိလိမ့်မယ်”ဟု အသက် ၄၀ အရွယ်ရှိသော ထားဝယ်ဒေသခံတစ်ဦးက ဆိုသည်။
တိရစ္ဆာန်ထွက်ပစ္စည်းနှင့် တိရစ္ဆာန်အစာများ တင်သွင်းရာ၌ ဘေးအန္တရာယ်ကင်းရှင်းမှု မရှိလျှင် ပြည်တွင်းသို့ ဆက်လက် သယ်ယူခြင်း မပြုရန် တားမြစ်ခြင်း၊ ယာယီထိန်းသိမ်းခြင်း၊ ပြန်လည်သယ်ယူသွားစေခြင်း(သို့မဟုတ်) ဖျက်ဆီးခြင်းပြုနိုင်ကြောင်း တိရစ္ဆာန် ကျန်းမာရေးနှင့် ဖွံ့ဖြိုးရေး ဥပဒေအရ သိရသည်။
“ကနဦးအနေနဲ့ ပညာပေး၊ အသိပေး၊ သတိပေးတာတို့ လုပ်ဆောင်နေတယ်၊ လိုင်စင်မဲ့ ဆက်လက်တင်သွင်းရင် တိရစ္ဆာန် ကျန်းမာရေးနှင့် ဖွံ့ဖြိုးရေး ဥပဒေအရ အရေးယူဆောင်ရွက်သွားမယ်”ဟု ထားဝယ်မြို့နယ် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ တာဝန်ရှိသူက ဆိုသည်။
လက်ရှိတွင် ထီးခီးနယ်စပ်ဂိတ်မှ ဝင်လာသည့် တိရစ္ဆာန်ထွက်ပစ္စည်းနှင့် တိရစ္ဆာန်အစာများကို စစ်ဆေးနိုင်ရန်အတွက် ရုံးခန်းနေရာ လျှောက်ထားဆဲဖြစ်ပြီး ရုံးခန်းဖွင့်လှစ်နိုင်သည့် အချိန်တွင် သီးခြား ဓာတ်ခွဲခန်းထားရှိပြီး စစ်ဆေးနိုင်မည်ဟု အထက်ပါ တာဝန်ရှိသူက ရှင်းပြသည်။
ပြည်ပမှ တင်သွင်းလာသော တိရစ္ဆာန်ထွက်ပစ္စည်းနှင့်တိရစ္ဆာန်အစာကို မွေးမြူရေးနှင်ကုသရေးဦးစီးဌာန၏ စစ်ဆေးမှု ခံယူရန် ငြင်းဆံခြင်း၊ ဋ္ဌာန၏ ထောက်ခံချက်မရှိဘဲ ပြည်တွင်းသို့ ဆက်လက်သယ်ယူဖြန့်ဖြူးခြင်း၊ ရောင်းချခြင်းပြုပါက ထောင်ဒဏ်နှင့် ငွေဒဏ် နှစ်ရပ်စလုံးဖြစ်စေ၊ ငွေဒဏ်(သို့)ထောင်ဒဏ်ကို ဖြစ်စေကျခံရမည်ဖြစ်သည်။
ပြည်ပမှ တင်သွင်းလာသော တိရစ္ဆာန်ထွက်ပစ္စည်းနှင့် တိရစ္ဆာန်အစာ တင်သွင်းသူသည် တင်သွင်းခွင့်လိုင်စင်(သို့)ပါမစ် မရယူမီ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၏ သဘောထားမှတ်ချက်ကို ရယူရမည်ဖြစ်ပြီး တဖက်နိုင်ငံ၏ တိရစ္ဆာန်ဆေးကုဆရာဝန်(သို့) သက်ဆိုင်ရာ အာဏာပိုင်မှ ထုတ်ပေးသည့် ထောက်ခံချက်၊ ထုတ်လုပ်သည့်ပစ္စည်းနှင့်ပက်သက်သည့် အချက်အလက် အထောက်အထားများဖြင့် တင်သွင်းရမည်ဖြစ်ကြောင်း တိရစ္ဆာန်ကျန်းမာရေးနှင့် ဖွံ့ဖြိုးရေး ဥပဒေတွင် ပြဋ္ဌာန်းထားသည်။
Dawei Watch