Pages

Friday, May 30, 2014

သုံးနှစ်အတွင်း ရာဘာဈေး ထက်ဝက်ကျ၊ လုပ်ငန်းရပ်ဆိုင်းရဖွယ်ရှိ

Displaying DSC05454.jpg
မုဒုံရာဘာအဝယ်ဒိုင်တစ်ခုတွင် နယ်မှ ရာဘာလာရောက်တင်သွင်းနေသည့် မြင်ကွင်း
ဓါတ်ပုံ-ယဉ်စနိုင်း/ Dawei Watch
|Dawei Watch| မော်လမြိုင်၊ မေ ၃၀
သုံးနှစ်အတွင်း ရာဘာဈေးနှုန်းထက်ဝက်ကျသွားပြီး ရာဘာ ဈေးပြန်မတက်လာပါက
လုပ်ငန်းရပ်ဆိုင်းရဖွယ်ရှိ ကြောင်း မွန်ပြည်နယ်နှင့် တနင်္သာရီတိုင်းဒေသရှိ
ရာဘာခြံပိုင်ရှင်များကပြောသည်။

၂၀၁၁ ခုနှစ်က ရာဘာ တစ်တန်ကို ကမ္ဘာ့ပေါက်ဈေး ဒေါ်လာ ၃၀၀၀ ကျော်ရှိခဲ့ရာမှ
ဆက်တိုက်ဈေးနှုန်းကျဆင်းလာရာ လက်ရှိတစ်တန်ကို  ဒေါ်လာ ၁၇၀၀
ဝန်းကျင်သာရှိတော့ကြောင်း  မော်လမြိုင်စက်မှုဇုန်ရှိ MACT
အဆင့်မြင့်ရာဘာထုတ်သန့်စင်စက်ရု
ံပိုင်ရှင် ဦးအောင်ကျော်ညွန့်က ပြောသည်။

“ဒီနှစ်ရာဘာဈေးကတော့ အရမ်းကို ထိုးကျသွားတယ်”ဟု ၎င်းကပြောသည်။
ရာဘာဈေးနှုန်းမှာရာသီအစတွင် တစ်ပေါင်ကို ကျပ် ၉၅၀ ၀န်းကျင်ရှိခဲ့ရာမှ
လက်ရှိရာသီကုန်ခါနီးတွင်  တစ်ပေါင်ကို ကျပ် ၆၀၀ ၀န်းကျင်အထိ
ဈေးကျလာခြင်းကြောင့် လာမည့်နှစ်အတွင်း
လုပ်ငန်းရပ်ဆိုင်းနိုင်ဖွယ်ရှိကြောင်း ထားဝယ်မြို့ရာဘာခြံပိုင်ရှင်
အသိုင်းအ၀ိုင်းကပြောသည်။

“အခုရနေတဲ့ ဈေးနှုန်းနဲ့ တွက်ရင် အလုပ်သမားခက အိတ်စိုက်ဖြစ်နေတယ်။
နောင်နှစ်ဖွင့်ဈေးကလည်း အခုဈေးအတိုင်းဆိုရင်တော့
မလုပ်တော့ဘူး။နားတော့မယ်” ဟု တနင်္သာရီတိုင်းဒေသကြီး ကံပေါက်ဒေသမှ ၁၅
ဧကခန့်လုပ်ကိုင်နေသည့် ရာဘာခြံပိုင်ရှင် တစ်ဦးကပြောသည်။

အလုပ်သမားငှားရမ်းလုပ်ကိုင်နေသည့် ခြံပိုင်ရှင်အများစုမှာ
ရာဘာအစေးလှီးခြင်းကို ရပ်နားကြမည်ဖြစ်ပြီး ယခုဈေးနှုန်းအတိုင်းသာ
ဆက်ဖြစ်နေလျှင် လာမည့်နှစ်တွင် အစေးလှီးသည့်အပင် အရေအတွက်ကို
လျှော့ချခြင်း၊ အစေးထွက်နည်းသည့် အရိုင်းပင်များကို မခြစ်တော့ခြင်း
စသည်တို့ကို လုပ်ဆောင်လာကြမည်ဖြစ်ကြောင်း ရာဘာခြံပိုင်ရှင်များကပြောသည်။

“ထိုင်းကပြန်လာပြီး ရာဘာလာလုပ်နေတာ။ ဈေးဒီလောက်ကျမယ်မထင်ဘူး။
ဒီဈေးအတိုင်းသာဆိုရင် လာမယ့်နှစ်ထိုင်းကိုပဲ ပြန်သွားတော့မယ်”
ဟုထားဝယ်မြို့နယ် သဗျာကျေးရွာမှ ခြံပိုင်ရှင်တစ်ဦးကပြောသည်။

ယင်းသို့ ခြံများရပ်နားခြင်း၊ အလုပ်သမားလျှော့ချလာခြင်းနှင့်
အစေးလှီးသည့် အပင်အရည်အတွက်လျှော့ချလာဖြင်းတို့ကြောင့် လာမည့်နှစ်တွင်
ရာဘာအထွက်နှုန်း သုံးပုံနှစ်ပုံခန့် လျော့နည်းသွားနိုင်ကြောင်း
ထားဝယ်ခရိုင်ရာဘာ စိုက်ပျိုးထုတ်လုပ်သူများအသင်းမှ ဦးအောင်မျိုးက
ခန့်မှန်းပြောကြားသည်။

ဈေးနှုန်းကျဆင်းခြင်းမှာ ဈေးကွက်ပျောက်နေခြင်းကြောင့်ဖြစ်ပြီး
အရည်အသွေးကြောင့် ဈေးကွက်ပျောက်နေရသည်ကို ခြံပိုင်ရှင်များအနေဖြင့်
လက်ခံနိုင်ရန်လိုအပ်ကာ အရည်အသွေးမြှင့်ထုတ်လုပ်ရန်
ကြိုးစားဆောက်ရွက်ကြရန်လိုအပ်ကြောင်း ၎င်းကပြောသည်။