Pages

Sunday, June 8, 2014

ကော့သောင်းတွင် ယာဉ်ထိန်းရဲနှင့် ဝန်ထမ်းပြည်သူ မကြာခဏ ပဋိပက္ခ ဖြစ်ပွား

 ကော့သောင်း၊ ဇွန် ၈

တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းမြို့တွင် ယာဉ်ထိန်းရဲနှင့် ဒေသခံပြည်သူများ၊ 
အစိုးရဝန်ထမ်းများအကြား မကြာခဏ ပဋိပက္ခ ဖြစ်ပွားလျက်ရှိကြောင်း ကော့သောင်းမြို့ခံများထံမှ 
သိရသည်။

ယာဉ်ထိန်းရဲများက စည်းကမ်းမလိုက်နာသည့် ယာဉ်များဖမ်းဆီးသည့်အခါ တစ်ဦးနှင့် တစ်ဦး 
စကားအပြောဆို တင်းမာများဖြစ်လေ့ရှိပြီး တခါတရံ ကိုယ်ထိလက်ရောက် ပြုလုပ်သည် ဖြစ်ရပ်များလည်း 
ရှိခဲ့ကြောင်း မြို့ခံများမှ ပြောသည်။

ပြီးခဲ့သည့် အပတ်က အစိုးရဝန်ထမ်းတစ်ဦးနှင့် ယာဉ်ထိန်းရဲ စကားအခြေတင်ဖြစ်ခဲ့ပြီး ဇွန်လ ၂ ရက်နေ့ 
ညနေပိုင်းကလည်း ဦးထုပ်မဆောင်းဘဲ ၃ ယောက်စီးလာသည့် ဆိုင်ကယ်အား ဖမ်းဆီးလိုက်ရာ 
ယင်းဆိုင်ကယ် မောင်းလာသူနှင့် ယာဉ်ထိန်းရဲ အခြေတင် စကားများကာ ယာဉ်ထိန်းရဲအား ထိုးကြိတ်ပြီး 
ဘုန်းကြီးကျောင်းဝင်းအတွင်း ဝင်ပြေးသွားခဲ့ကြောင်း လိုက်လံ ဖမ်းဆီးပေးရာတွင် ပါဝင်သည့် 
ဦးစိုးလွင်မှ ပြောသည်။

အနီးအနားရှိ ရပ်ကွက်နေပြည်သူများနှင့် ယာဉ်ထိန်းရဲများက ဘုန်းကြီးကျောင်းအတွင်း လိုက်သွားစဉ် 
ဘုန်းကြီးတစ်ပါးနှင့် အတူ အဆိုပါ ထွက်ပြေးသွားသူမှ လာရောက် အဖမ်းခံခဲ့ကြောင်း၊ အဖမ်းခံစဉ်တွင် 
၎င်း၏ မျက်နှာတွင် သွေးကဲ့သို့ နီရဲနေသည့်အတွက် အနီးကပ်ကြည့်သည့်အခါမှ မျက်နှာတွင် ဆေးအနီများ 
လိမ်းထားသည်ဟု သိရကြောင်း ရပ်ကွက်နေပြည်သူများနှင့် ယာဉ်ထိန်းရဲများထံမှ သိရသည်။

ယာဉ်ထိန်းရဲများအနေဖြင့် ယာဉ်များ ဖမ်းဆီးသည့်အခါ ဒေသခံများနှင့် 
စကားအခြေတင် ဖြစ်သည်ကို နေ့စဉ်လိုလို မြင်တွေ့နေရသော်လည်း ယခုကဲ့သို့ 
ကိုယ်ထိလက်ရောက် ဖြစ်သည်ကို မမြင်ဖူးဟု ယင်းအခင်း ဖြစ်ခဲ့စဉ်က မြင်တွေ့ခဲ့ရသည့် ဆိုင်ကယ် 
အငှားယာဉ်မောင်းသူများမှ ပြောသည်။

ယာဉ်ထိန်းရဲများ တာဝန်ထမ်းဆောင်နေချိန် ပြည်သူများရော၊ အစိုးရ ဝန်ထမ်းများပါ 
စည်းကမ်းလိုက်နာသင့်ပြီး ယာဉ်ထိန်းရဲများကလည်း ပြည်သူများ မြင်သာသည့် နေရာများတွင်သာ 
ဖမ်းဆီးသင့်ကြောင်း ကော့သောင်းဒေသခံများက ဝေဖန်လျက်ရှိသည်။ 
Dawei Watch