Pages

Wednesday, June 4, 2014

ထားဝယ်မြို့ ပုဒ်မ ၄၃၆ ပြင်ဆင်ရေး လူထုဟောပြောပွဲ မင်းကိုနိုင်လာမည်

|Dawei Watch| ထားဝယ်၊ ဇွန် ၎
တနင်္သာရီတိုင်းဒေသကြီး ထားဝယ်မြို့ ရွေဝယ်သီရိ အားကစား ရင်ပြင်တွင် ဇွန်လ ၈ ရက်နေ့၌ ပြုလုပ်မည့် ၂၀၀၈ ဖွဲ့စည်းပုံ အခြခံဥပဒေ ပုဒ်မ ၄၃၆ ပြင်ဆင်ရေး လူထုဟောပြောပွဲကို ၈၈ မျိုးဆက်မှ ဦးမင်းကိုနိုင် တက်ရောက် ဟောပြောမည်ဖြစ်ကြောင်း ထားဝယ်ခရိုင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဦးတင်လှိုင်က ပြောကြားသည်။
၈၈မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းမှ ဦးမင်းကိုနိုင်နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(ဗဟို)၊ ဗဟိုဥပဒေရေးရာ ကော်မတီမှ ဦးဌေးဦးတို့အပြင် တနင်္သာရီတိုင်း ဒေသကြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ တွဲဖက်အတွင်းရေးမှူး ဦးအေးနိုင်နှင့် ထားဝယ်မြို့နယ်အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဦးဟိုပင်တို့ကလည်း ဟောပြောသွားမည်ဖြစ်ကြောင်း ဦးတင်လှိုင်ထံမှ သိရသည်။
“ဟောပြောပွဲ ပြုလုပ်ခွင့်ရရှိရေးအတွက် ၀န်ကြီးချုပ်နဲ့တော့ ဆွေးနွေးပြီးပြီ ခွင့်ပြုချက်ရရှိရေးအတွက် တိုင်းဒေသကြီးအစိုးရ အဖွဲ့ရုံးက ညွန်ကြားရေးမှူးမှ စီစဉ်ဆောင်ရွက်ပေးမယ်”ဟု ဦးတင်လှိုင်က ဆိုသည်။
အဆိုပါ ၂၀၀၈ ဖွဲ့စည်းပုံ အခြခံဥပဒေ ပုဒ်မ ၄၃၆ ပြင်ဆင်ရေး လူထုဟောပြောပွဲ နံနက် ၈ နာရီခွဲမှ ၁၀နာရီခွဲအထိ ကျင်းပ ပြုလုပ်သွားမည်ဖြစ်ပြီး ထားဝယ်ဒေသအတွင်းမှ ပြည်သူလူထုများအပါအ၀င် နိုင်ငံရေးပါတီများ၊ လူမှုအဖွဲ့အစည်းများ စသည့် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး သဘောတူသည့်သူများ တက်ရောက်မည်ဖြစ်ကြောင်း သိရှိရသည်။
“အများပြည်သူ သဘောမတူတဲ့ ပုဒ်မ ၄၃၆ တာဝန်အရ ပြုပြင်ကြ” “ဒီမိုကရေစီ စံနှုန်းနဲ့ မညီတဲ့ ပုဒ်မ ၄၃၆ မထောက်ခံနဲ့ ကန့်ကွက်ကြ” “အခြေခံ ဥပဒေပြင်ဆင်ရန် တစ်နိုင်ငံလုံး ဆန္ဒဖော်ထုတ်ရေး လူထုနည်းနဲ့ တွန်းအားပေး”ဟု အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်နှင့် ၈၈မျိုး ဆက်ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း ပူးပေါင်းကော်မတီမှ အသိပေးထားသည်။
ယင်း ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၄၃၆ ပြင်ဆင်ရေး၊ ပုဒ်မ ၅၉(ဃ)(စ)ဖျက်သိမ်းရေးအတွက် မတ်လ ၂၆ ရက်နေ့က ထားဝယ်မြို့တွင် NLD ပါတီဝင် ခုနှစ်ရာဝန်းကျင် ဆန္ဒထုတ်ဖော်ခဲ့သည်။
Dawei Watch