Pages

Thursday, June 5, 2014

မြိတ်မြို့နယ် စာသင်ကျောင်းအချို့ ကျောင်းသုံးပုံနှိပ်စာအုပ် ဘာသာရပ်အစုံ မရသေး


၊Dawei Watch၊ မြိတ် ၊ ဇွန် ၎
ဇွန်လ ၂ ရက်နေ့က ကျောင်းစတင် ဖွင့်လှစ်ခဲ့သော်လည်း တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့နယ် အခြေခံပညာကျောင်း အချို့တွင် သူငယ်တန်းမှ သတ္တမတန်းအထိ ကျောင်းသုံးပုံနှိပ်စာအုပ် ဘာသာရပ်အစုံ မရသေးဟု ကျောင်းသားမိဘများထံမှ သိရသည်။
ကျောင်းအပ်နှံသည့်နေ့မှ စ၍ ဇွန်လ ၃ ရက်နေ့အထိ သူငယ်တန်းမှ ၇ တန်းအထိ အချို့ဘာသာရပ်များအတွက် ပုံနှိပ်စာအုပ်များကို မရသေးဟု ကျောင်းသား မိ/ဘများက ပြောသည်။
ကျောင်းတွင် ပုံနှိပ်စာအုပ် အလုံအလောက် မရသည့်အတွက် ပြင်ပစာအုပ်ဆိုင်များတွင် သွားဝယ်သော်လည်း စာအုပ်ဆိုင် များတွင် ပုံနှိပ်စာအုပ် ပြတ်လပ်သည်ဟု မြိတ်မြို့ အ.ထ.က (၁) တွင် ပညာသင်ကြားနေသည့် တတိယတန်း ကျောင်းသားတစ်ဦး၏ မိခင်က ပြောသည်။
ယခုနှစ်တွင် မူလတန်းနှင့် အလယ်တန်း ပုံနှိပ်စာအုပ်များကို အခမဲ့ပေးမည်ဟု သိထားသည့်အတွက် ကျောင်းသုံး ပုံနှိပ်စာအုပ်များကို ဆိုင်တင် မရောင်းဖြစ်ဘဲ ယခင်နှစ်က လက်ကျန်များကိုသာ ရောင်းချခဲ့ကြောင်း စာအုပ်အရောင်းဆိုင် အသိုင်းအ၀ိုင်းမှ သိရသည်။
“စာအုပ်တွေ သင်္ဘောနဲ့ ပို့ထားပါတယ်၊ ရာသီဥတုကြောင့် သင်္ဘောမရောက်လာသေးတဲ့အတွက် အလုံအလောက် မရသေးတာပါ။ ရောက်လာရင်တော့ အားလုံးကို ဖြန့်ဝေပေးသွားမှာပါ”ဟု မြိတ်မြို့နယ် ပညာရေးမှူးက ဆိုသည်။
လက်ရှိတွင် အချို့ကျောင်းသားများမှာ စာအုပ် မျှဝေကြည့်ပြီး အချို့မှာ ပြီးခဲ့သည့်နှစ်က ကျောင်းသားဟောင်းများဆီမှ ရသည့် စာအုပ်အဟောင်းများဖြင့် သင်ကြားနေသည်ဟု မြိတ်မြို့ အမှတ် ၂ အ.ထ.က မှ ကျောင်းသားတစ်ဦးက ပြောသည်။
Dawei Watch