Pages

Monday, June 16, 2014

မြိတ်စီပွားရေးဇုန်စီမံကိန်းတွင် ဆိပ်ကမ်းဇုန်တစ်ခုပါမည်


|Dawei Watch| မြိတ်၊ ဇွန် ၁၆ ရက်
တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့နယ် ကလွင်ကျေးရွာအုပ်စု ကမ်းသာယာကျေးရွာတွင် တည်ဆောက်မည့်  မြိတ်စီးပွားရေးဇုန်စီမံကိန်းတွင် ဆိပ်ကမ်းဇုန်တစ်ခုပါရှိမည် ဟု မြိတ်အနာဂတ်ဖွံ့ဖြိုးတိုးတက်ရေး အများပိုင် ကုမ္ပဏီလီမိတက်မှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။
ဇွန်လ ၁၄ ရက်နေ့ မွန်းလွဲ ၁ နာရီခွဲအချိန်ခန့်က ယင်းကုမ္ပဏီတွင် ပြုလုပ်သည့် ဒေသခံများ၊ NLD ပါတီဝင်များ၊
မီဒီယာများနှင့် တွေ့ဆုံပြီး မြိတ်စီးပွားရေးဇုန်စီမံကိန်းနှင့် ပတ်သက်ပြီး မိတ်ဆက်ခြင်း အခမ်းအနားတွင်
ပြောကြားခဲ့ခြင်း ဖြစ်သည်။
“ဆိပ်ကမ်းဇုန်တွင် တန် ၂၀၀၀ တင် ကုန်တင်သင်္ဘောများ ၀င်ထွက်သွားလာနိုင်မည်”ဟု အထက်ပါတာဝန်ရှိသူ က ပြောသည်။
လက်ရှိဆိပ်ကမ်းများ၏ နေရာအကျယ်အ၀န်းနှင့် စွမ်းဆောင်နိုင်မှု စွမ်းရည်ပိုင်း လိုအပ်ချက်များအား တစ်စိတ်တစ်ဒေသ ထောက်ပံ့သွားနိုင်ရန်အတွက် ရည်ရွယ်ပြီး ဆိပ်ကမ်းဇုန်ကို တည်ဆောက်ခြင်းဖြစ်ကြောင်း ယင်းကုမ္ပဏီမှ သိရသည်။
အဆိုပါ မြိတ်စီးပွားရေးဇုန်စီမံကိန်း တည်ဆောက်မည့် မြေနေရာတွင် အတွင်းစမ်းချောင်းရွာနှင့် ကမ်းသာယာရွာတို့ ပါရှိနေပြီး
အတွင်းစမ်းချောင်းရွာပိုင်မြေယာများကို မြေပိုင်ရှင်များနှင့် နှစ်ဦးသဘောတူညီချက်ဖြင့် အရောင်းအ၀ယ်ပြုလုပ်ပြီးဖြစ်ကာ
၎င်းရွာဖွံ့ဖြိုးရေးလုပ်ငန်းများ လုပ်ကိုင်နိုင်ရန် ကုမ္ပဏီမှ ရှယ်ယာများ ထည့်သွင်းပေးထားကြောင်း ယင်းကုမ္ပဏီမှ သိရသည်။
ကမ်းသာယာရွာရှိ လူနေအိမ် ၄၀ ခန့်ကို သွပ်မိုး၊ အုတ်ကာ တစ်ထပ်တိုက်များဖြင့် အစားထိုးတည်ဆောက်ပေးသွားမည်ဟု ယင်းကုမ္ပဏီက ပြောသည်။
မြိတ်စီးပွားရေးဇုန်စီမံကိန်းတွင် ဆိပ်ကမ်းဇုန်တစ်ခုအပြင် စီးပွားရေးနှင့် ကုန်သွယ်မှုဇုန်၊ စီးပွားရေး အဆောက်အဦးများဇုန်၊
တန်ဖိုးနည်း တန်ဖိုးသင့် အဆင့်မြင့်အိမ်ယာဇုန်များ၊ စက်မှုဇုန်၊ အားကစားနှင့်အပန်းဖြေနားနိုင်သော စိမ်းလန်းဇုန်၊ စသည်တို့လည်း  ပါဝင်မည်ဖြစ်သည်။
စီမံကိန်းကို ၂၀၁၄ ခုနှစ်မှစပြီး ၁၀ နှစ်အတွင်း အကောင်အထည်ဖော်မည်ဟု သိရသည်။
Dawei Watch