Pages

Saturday, June 21, 2014

ထားဝယ်တွင် ပုဒ်မ ၄၃၆ ပြင်ဆင်ရေး ရွှေ့လျား လက်မှတ် စုဆောင်းမည်

Displaying DSCF4486.JPG
ဇွန်လ ၈ ရက်နေ့ ထားဝယ်ကျင်းပသည့် ပုဒ်မ ၄၃၆ ပြင်ရေး လူထုဟောပြောပွဲ မြင်ကွင်း
ဓာတ်ပုံ - တင့်လွင် / Dawei Watch
|Dawei Watch| ထားဝယ်၊ ဇွန် ၂၀
၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၃၆ ပြင်ဆင်ရေးအတွက် ဇွန်လ ၂၁ ရက်နေ့မှ စတင်ပြီး ထားဝယ်မြို့တွင်း မော်တော်ကားဖြင့် ရွှေ့လျားလက်မှတ် စုဆောင်းမည်ဖြစ်ကြောင်း ထားဝယ်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဟိုပင်က ပြောကြားသည်။
ပုဒ်မ ၄၃၆ ပြင်ဆင်ရေး လက်မှတ် မထိုးရသေးသူများ လွယ်လင့်တကူ လက်မှတ်ထိုးနိုင်ရန် ယင်းသို့ စီစဉ်ခြင်းဖြစ်ကြောင်း ဦးဟိုပင်က ပြောသည်။
“တစ်လမ်းဝင် တစ်လမ်းထွက်၊ တစ်အိမ်တက် တစ်အိမ်ဆင်း လက်မှတ်စုဆောင်းမှာ မဟုတ်ဘူး၊ လူအများစုဝေးနေတဲ့ နေရာများမှာသာ ရွှေလျားဆန္ဒပြု လက်မှတ်ကောက်သွားမယ်”ဟု ဦးဟိုပင်က ဆိုသည်။
ပုဒ်မ ၄၃၆ ပြင်ဆင်ရေး ရွှေ့လျားလက်မှတ်စုဆောင်းခြင်းကို ဇွန်လ ၂၁ ရက်နေ့မှ ဇူလိုင်၁၉ ရက်နေ့အတွင်း ထားဝယ်မြို့ အပြင် အခြားမြို့များ၌လည်း ဆက်လက်ပြုလုပ်မည်ဖြစ်ကြောင်း  ဦးဟိုပင်က ရှင်းပြသည်။
လက်မှတ်ရေးထိုးသူများသည် အသက် ၁၈ နှစ်ပြည့်ပြီးသူ မြန်မာနိုင်ငံသားဖြစ်ရမည်ဖြစ်ပြီး စိတ်ပေါ့သွပ်သူမဟုတ် မိမိဆန္ဒဖြင့် လွတ်လပ်စွာ လက်မှတ် ရေးထိုးသူဖြစ်ခြင်း စသည့်အချက်များနှင့် ကိုက်ညီကာ မှတ်ပုံတင်နံပါတ်နှင့်တကွ လက်မှတ် ရေးထိုးရမည်ဖြစ်သည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် တိုင်း၊ ခရိုင်၊ မြို့နယ်၊ ရပ်/ကျေးရုံးခွဲများ အားလုံးတွင် မေလ ၂၇ ရက်နေ့စ၍ လက်မှတ်ရေးထိုး နိုင်ရန် စာအုပ်များထားကာ လက်မှတ် စုဆောင်းခဲ့သည်။
၂၀၀၈ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၄၃၆ ပြင်ဆင်ရေး လက်မှတ်ရေးထိုးခြင်းနှင့် လူထုဟောပြောပွဲကို ဇွန်လ ၈ ရက်နေ့တွင် ထားဝယ်မြို့ရွှေဝယ်သီရိရင်ပြင်တွင် ကျင်းပခဲ့သည်။
Dawei Watch