Pages

Friday, June 20, 2014

တနင်္သာရီတိုင်းအတွင်း ဖမ်းဆီးရမိထားသည့် လိုင်စင်မဲ့မော်တော်ကား ၃၃ စီး အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ရောင်းမည်


၊Dawei Watch၊ ထားဝယ်၊ ဇွန် ၂၀
တနင်္သာရီတိုင်ဒေသကြီးအတွင်း ဖမ်းဆီးရမိထားသည့် လိုင်စင်မဲ့ မော်တော်ကား ၃၃ စီးကို အိတ်ဖွင့် တင်ဒါစနစ်ဖြင့် ရောင်းချမည်ဖြစ်ကြောင်း အိတ်ဖွင့်တင်ဒါ ရောင်းချရေး ကော်မတီထံမှ သိရသည်။
အထက်ပါတင်ဒါ အဆိုပြုလွှာဖွင့်ပွဲကို လာမည့် ဇူလိုင်လ ၇ ရက်နေ့တွင် တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးတွင် ပြုလုပ်မည်ဖြစ်ပြီး အဆိုပြုပုံစံကို ဇွန် ၂၃ ရက်နေ့မှ ဇူလိုင်လ ၄ ရက်နေ့အထိ ရုံးချိန်အတွင်း တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးတွင် ဝယ်ယူနိုင်ကြောင်း ယင်းကော်မတီက အသိပေးထားသည်။
ယင်းမော်တော်ကား ၃၃ စီးအနက် ထားဝယ်မြို့နယ် တရားရုံးဝင်းတွင် ၁၉ စီး၊ မြိတ်မြို့နယ် တရားရုံးဝင်းတွင် ၉ စီးနှင့် ကော့သောင်းမြို့နယ် တရားရုံးဝင်းတွင် ၅ စီး အသီးသီး ထိန်းသိမ်းထားကြောင်း သိရသည်။
ယာဉ်များကို လက်ရှိမျက်မြင် အခြေအနေအတိုင်း အပြီးအပိုင် ရောင်းချခြင်းဖြစ်၍ တင်ဒါ အောင်မြင်သူသည် ယာဉ်များ ထိန်းသိမ်းထားသည့် သတ်မှတ်နေရာများတွင် ၇ ရက်အတွင်း ကိုယ်တိုင် ထုတ်ယူရမည်ဟု အိတ်ဖွင့် တင်ဒါဈေးနှုန်း ပေးသွင်းသူများ လိုက်နာရမည့် စည်းကမ်းချက်တွင် ဖော်ပြထားသည်။
ထို့အပြင် တင်ဒါအောင်မြင်သည့် မော်တော်ယာဉ်အား တင်ဒါအောင်မြင်သည့်နေ့မှ ၆ လအတွင်း သက်ဆိုင်ရာ ကုန်းလမ်း ပို့ဆောင်ရေး ညွန်ကြားမှုဦးစီးဌာနတွင် ယာဉ်မှတ်ပုံတင်ပြုလုပ်ရမည် ဖြစ်သည်။
Dawei Watch