Pages

Wednesday, July 30, 2014

အမျိုးသားကြီးပွားတိုးတက်ရေးကုမ္ပဏီအပါအ၀င် ကုမ္ပဏီသုံးခုမှ နိုင်ငံတော်သို့ ရွှေစင်ပိဿာချိန် ၁၀၀၀ နီးပါး ပေးသွင်းရန် ကြွေးကျန်ရှိကြောင်း စစ်ဆေးပေါ်ပေါက်

 July 29, 2014

အမျိုးသားကြီးပွားတိုးတက်ရေးကုမ္ပဏီ၊ ရွှေမိုးယံကုမ္ပဏီနှင့် အာရှကမ္ဘာမြေကုမ္ပဏီတို့မှ နိုင်ငံတော်သို့ ပေးသွင်းရမည့် ရွှေကြွေးကျန်မှာ ပိဿာချိန် ၁၀၀၀ နီးပါးအထိရှိနေကြောင်း ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၏ စစ်ဆေးတွေ့ရှိချက် အစီရင်ခံစာအပေါ် ပြည်ထောင်စုလွှတ်တော်၊ ပြည်သူ့ငွေစာရင်းပူးပေါင်းကော်မတီက စိစစ်ထားသည့် အစီရင်ခံစာတွင် ဖော်ပြထားသည်။

ထိုသို့ ရွှေကြွေးကျန်များရှိသော်လည်း အဆိုပါကုမ္ပဏီများအား ငါးနှစ်အထိ ထပ်မံစာချုပ်ချုပ်ဆိုထားခြင်းများကြောင့် နိုင်ငံတော်အနေဖြင့်များစွာ နစ်နာလျက်ရှိသည်ဟု အစီရင်ခံစာ၌ ထည့်သွင်းထားခြင်း ဖြစ်သည်။

အမျိုးသားကြီးပွားတိုးတက်ရေးကုမ္ပဏီ၊ ရွှေမိုးယံနှင့် အာရှကမ္ဘာမြေကုမ္ပဏီ သုံးခုတို့သည့် နိုင်ငံတော်သို့ ၂၀၁၄ ခုနှစ် ဇန်န၀ါရီ ၃၁ ရက်အထိ ပေးသွင်းရမည့် ရွှေစင်ကြွေးကျန်မှာ ပိဿာချိန် ၁၀၀၀ ကျော်ဖြစ်ကြောင်း၊ ၂၀၁၄ ခုနှစ် မတ် ၁၇ ရက်အထိ ရွှေစင် ၄၆ ပိဿာကျော်သာ ပေးသွင်းသည့်အတွက် ရွှေစင်ပိဿာချိန် ၉၆၀ နီးပါးကြွေးကျန်ရှိနေကြောင်း သိရသည်။

ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၏ စစ်ဆေးတွေ့ရှိချက်များအပေါ် ပြည်ထောင်စုလွှတ်တော်၊ ပြည်သူ့ငွေစာရင်းပူးပေါင်းကော်မတီက လုပ်ကိုင်ခွင့်ရကုမ္ပဏီအနေဖြင့် စာချုပ်ပါ စည်းကမ်းချက်များအတိုင်း လိုက်နာမှုမရှိကြောင်း၊ ရွှေကြွေကျန်များရှိသော်လည်း ဖော်ပြပါကုမ္ပဏီများနှင့် နှစ်ရှည်ငါးနှစ်အထိ ထပ်မံစာချုပ်ချုပ်ဆိုထားခြင်းစသည့်အချက်များကြောင့် နိုင်ငံတော်အနေဖြင့် များစွာနစ်နာလျက်ရှိကြောင်း တွေ့ရှိရသည်ဟု ထည့်သွင်းသုံးသပ်ခဲ့သည်။

ယင်းအပြင် မြန်မာ့ကျောက်မျက်ရတနာရောင်းဝယ်ရေးလုပ်ငန်းအပေါ် စိစစ်ရာတွင်လည်း အမှတ် ၆၆၊ ကမ္ဘာအေးစေတီလမ်းပေါ်ရှိ နှစ်ထပ်အဆောက်အအုံကို မြန်မာ VES ဖက်စပ်ကုမ္ပဏီလီမိတက်သို့ ငှားရမ်းရာတွင် စာချုပ်တွင် မပါဝင်သည့် သုံးထပ်အဆောက်အအုံနှစ်လုံးကို အသုံးပြုခဲ့ကြောင်း စစ်ဆေးတွေ့ရှိရသည်ဟု ဖော်ပြထားသည်။

အမှတ်(၁) သတ္တုတွင်းလုပ်ငန်းအနေဖြင့်လည်း ဖက်စပ်လုပ်ကိုင်သည့် ကုမ္ပဏီခြောက်ခုမှ ထုတ်လုပ်သော သတ္တုလက်ကျန်များ မရောင်းချနိုင်သည့်အတွက် နိုင်ငံတော်အနေဖြင့် ရသင့်သည့် ကျပ် ၁၂၃၇ သန်းကျော်မှာ နစ်နာလျက်ရှိကြောင်းကိုလည်း စာရင်းစစ်ချုပ် အစီရင်ခံစာတွင် ထည့်သွင်းတင်ပြထားသည်။
မာန်သူရှိန်Eleven Media Group