Pages

Wednesday, July 16, 2014

ထားဝယ်လယ်သမား ၁၉ ဦးကို အမြင့်ဆုံး ထောင် ခြောက်လကျော် ချမှတ်

Photo- Marlar

Dawei Watch ထားဝယ်၊ ဇူလိုင် ၁၆

အစိုးရမှ သိမ်းဆည်းထားသည့် လယ်မြေပေါ်တွင် မြို့ပြစီမံကိန်းအကောင်အထည်ဖော်မှုကို တားမြစ်သည်ဟု ဆိုကာ တရားစွဲခံထားရသော လယ်သမား ၁၉ ဦးကို ထားဝယ်မြို့နယ်တရားရုံးက ဇူလိုင်လ ၁၆ ရက်နေ့တွင် အလုပ်ကြမ်းနှင့်ထောင်ဒဏ် ခြောက်လနှင့် ၁၅ ရက်အပါအ၀င် ထောင်ဒဏ်နှင့် ငွေဒဏ်များ စသဖြင့် ပြစ်ဒဏ်အသီးသီးချမှတ်ခဲ့ကြောင်း ရှေ့နေများထံမှ သိရသည်။

လယ်သမားနှင့် မိသားစုဝင် ၁၉ ဦးအနက် ဦးကြူလွင်အား ပြည်သူ့ဝန်ထမ်းများ တာဝန်ထမ်းဆောင်နေစဉ် ၀တ္တရားနှောက်ယှက်မှု(ပုဒ်မ ၃၅၃)၊ ပြည့်သူ့ဝန်ထမ်းများအား နာကျင်စေမှု (ပုဒ်မ ၃၃၂) နှင့် ဆဲဆိုမှု (ပုဒ်မ ၂၉၄(ခ)) စသည့် ပုဒ်မသုံးခုဖြင့် စုစုပေါင်း အလုပ်ကြမ်းနှင့် ထောင်ဒဏ် ခြောက်လ နှင့် တစ်ဆယ်ငါးရက် ကျခံရန် ပြစ်ဒဏ် အများဆုံး ချမှတ်ခဲ့ပြီး အခြားလယ်သမားတစ်ဦးဖြစ်သူ ဦးသောင်းညွှန့်အား ပုဒ်မ ၃၅၃ နှင့် ပုဒ်မ ၂၉၄(ခ) အရ အလုပ်ကြမ်းနှင့် ထောင်ဒဏ် သုံးလ နှင့် တစ်ဆယ့်ငါးရက် ကျခံရန် အမိန့်ချမှတ်ခဲ့ကြောင်း တရားခံများ၏ ရှေ့နေ ဦးအောင်စိန် ထံမှ သိရသည်။

၎င်းအပြင် ဦးထွန်းထွန်းဝင်းအပါအ၀င် လယ်သမား ၈ ဦးကို လည်း ပုဒ်မ ၃၅၃ အရ အလုပ်ကြမ်းနှင့် ထောင်ဒဏ် သုံးလစီ ကျခံရန် အမိန့်ချမှတ်ခဲ့ပြီး ဒေါ်ရီရီထွေးအပါအ၀င် လယ်သမား အမျိုးသမီး ၄ ဦးတို့ကို ပုဒ်မ ၃၅၃ နှင့် ပုဒ်မ ၂၉၄(ခ) တို့အရ ဒဏ်ငွေစုစုပေါင်း တစ်သောင်းတစ်ထောင်ကျပ်စီ ကျခံစေကာ ဒေါ်မူမူစန်းအပါအ၀င် လယ်သမား အမျိုးသမီး ၅ ဦးတို့ကို ပုဒ်မ ၃၅၃ အရ ဒဏ်ငွေ တစ်သောင်းကျပ်စီ ပေးဆောင်ရန် အမိန်ချမှတ်ခဲ့ကြောင်း တရားခံများရှေ့နေထံမှ သိရသည်။

“လယ်သမားတွေက သူတို့ရဲ့ ပိုင်ဆိုင်မှုတွေကို ကာကွယ်ရင်းနဲ့ အစိုးရရဲ့အကျိုးကို ဟန့်တားလို့ဆိုပြီး စွပ်စွဲခံခဲ့ရတာပါ” ဟု လယ်သမားများ၏ ရှေ့နေ ဦးအောင်စိန်က ပြောသည်။

လယ်သမားများသည် ပြည်သူ့ဝန်ထမ်းများတာဝန်ထမ်းဆောင်နေစဉ် ဝတ္တရားနှောင့်ယှက်မှု၊ ပြည်သူဝန်ထမ်းများအား နာကျင်စေမှု စသဖြင့် ပုဒ်မတပ်ခံခဲ့ရသော်လည်း အခင်းဖြစ်ပွားခဲ့သည့်နေ့ ဇွန်လ ၁ ရက်နေ့သည် တနင်္ဂနွေနေ့ဖြစ်ပြီး ၀န်ထမ်းတာဝန်ချိန်မဟုတ်သည့်အပြင် ယင်း ၀န်ထမ်းများကို တရားဝင်စာဖြင့် ခိုင်းစေခြင်းမရှိသောကြောင့် ပြည်သူ့ဝန်ထမ်းတာဝန်ကို နှောင့်ယှက်သည်ဟု ပြော၍ မရနိုင်ကြောင်း ဦးအောင်စိန်က ရှင်းပြသည်။

“တကယ်ဆိုရင် ယောက်င်္ကျားတွေ လုံးဝအပြစ်မရှိပဲနဲ့ ထောင်ကျခံရတာ။ အစကတည်းက ယောက်ကျားတွေကို ရှေ့မထွက်နဲ့။ မိန်းမတွေကပဲ ဦးဆောင်ပြီးပြောမယ်လို့ ပြောထားပြီးသား။ တကယ်လည်း မိန်းမတွေပဲ ဦးဆောင်ပြီး အော်ဟစ်ပြီးတောင်းပန်ခဲ့တာ။ တကယ်တမ်းအပြစ်ရှိမယ်ဆိုရင် မိန်းမတွေမှာပဲ အပြစ်ရှိတယ်” ဟု ပုဒ်မ နှစ်ခုဖြင့် ငွေဒဏ် ကျခံခဲ့ရသူ ဒေါ်ရွှေဇင်ယုက ပြောသည်။

လူတိုင်းတွင် မိမိကိုယ်ကို ကာကွယ်ပိုင်ခွင့်၊ မိမိပိုင်ဆိုင်မှုကို ကာကွယ်ပိုင်ခွင့် ရှိသောကြောင့် ယခုကဲ့သို့ အမိန့်ချမှတ်ခြင်းသည် တရားမျှတသည်ဟု မထင်မိကြောင်း ဦးအောင်စိန်က ဝေဖန်သည်။

လယ်သမားများသည် ၀န်ထမ်းများအား နှောင့်ယှက်ခြင်း၊ နာကျင်အောင်ပြုလုပ်ခြင်း မရှိဘဲ အခင်းဖြစ်ပွားစဉ် ရှိခိုးတောင်းပန်မှုသာ ပြုလုပ်ခဲ့ကြောင်း ထွက်ဆိုထားသည်။

"ကိုကြူလွင် ကတော့ ရဲတွေကိုလက်အုပ်ချီရှိခိုးလို့ ထောင်ထဲဝင်ရတာ ၀မ်းမနည်းဘူးတဲ့"ဟု ပြစ်ဒဏ် အများဆုံး ကျခံခဲ့ရသော ကလေးငယ်နှစ်ဦး၏ ဖခင် လယ်သမား ဦးကြူလွင်၏ ပြောဆိုချက်ကို တရားရုံးသို့ သွားရောက်ခဲ့သူ တစ်ဦးက ပြန်လည်ပြောဆိုသည်။

တရားခွင် အရှေ့မြင်ကွင်းအရ တရားစီရင်ချက်မချမီ ရဲတပ်ဖွဲ့အင်အားများစွာရောက်ရှိနေခြင်းက စီရင်ချက်ကို ကြိုသိနေသည့် သဘောဖြစ်ပြီး ယင်းအမှုအပေါ်တွင် အုပ်ချုပ်ရေးမဏ္ဍိုင်မှ တရားစီရင်ရေးမဏ္ဍိုင်အား လွှမ်းမိုးမှုရှိနေသည်ထင်မြင်ကြောင်း ထားဝယ် ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းမှ ဦးကျော်ကျော်သက်က ပြောသည်။

“လယ်လုပ်ရမယ့်အချိန်မှ လယ်သမားတွေကို ထောင်ချလိုက်တာက စိတ်မကောင်းဖြစ်မိတယ်” ဟု ၎င်းက ပြောသည်။

ယင်းနည်းဖြင့် ပြဿနာကို ဖြေရှင်း၍ မရနိုင်ဘဲ ယခုကဲ့သို့ ထောင်ချခြင်းသည် အဖြေတစ်ခုမဟုတ်ကြောင်း ၊ ထောင်ချခြင်းဖြင့် လယ်သမားများ နာကြည်းချက်ကြောင့် ပြဿနာ ပိုမိုကြီးထွားလာနိုင်ကြောင်း ၎င်းက ဆိုသည်။

ဇွန်လ ၁ ရက်နေ့က ထားဝယ်မြို့ဆန်းချီရပ်ကွက်ရှိ သိမ်းဆည်းလယ်ယာမြေတွင် အကောင်အထည်ဖော်နေသော မြို့ပြစီမံကိန်း ဧရိယာအတွင်း မြေကွက်ရိုက် အုတ်တိုင်စိုက်သည်ကို တားဆီးသည့် လယ်သမား ၁၉ ဦးကို ထားဝယ်ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးမျိုးနိုင်က ဇွန် လ ၂ ရက်နေ့တွင် အမှုဖွင့်တိုင်ကြားခဲ့ခြင်းဖြစ်သည်။

Displaying DSCF4251.JPG

Displaying DSCF4252.JPG 
Displaying DSCF4253.JPG
အခင်းဖြစ်ပွားသည့်နေ့မှ မြင်ကွင်း
ဓာတ်ပုံ တင့်လွင်/Dawei Watch

Dawei Watch