Pages

Saturday, July 5, 2014

တနင်္သာရီတိုင်းအတွင်း မြို့နယ် ၄ ခုတွင် ကျောင်းပြင်ပ ပညာရေးကျောင်း ၂၂ ကျောင်း အကောင်အထည်ဖော်

|Dawei Watch| ထားဝယ်၊ ဇူလိုင် ၅
တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ မြို့နယ် ၄ မြို့နယ်၌ မူလတန်းအဆင့် ကျောင်းမပြီးသေးသောသူများကို ကျောင်းပြင်ပ ပညာရေးကျောင်း ၂၂ ကျောင်းတွင် ပြီးခဲ့သည့် လလယ်မှ စတင်သင်ကြားပေးလျက်ရှိကြောင်း ကျောင်းပြင်ပ ပညာရေး တိုင်းဒေသကြီး ကြီးကြပ်ရေးမှူး ဦးသန်းညွန့်က ပြောကြားသည်။
ယခုနှစ်အတွက် ဇွန်လ ၁၆ ရက်နေ့တွင် စတင် သင်ကြားပြီး ပညာရေးဝန်ကြီးဌာန၊ Unicef နှင့် အလှူရှင်တို့က ပူးပေါင်းကာ ထားဝယ်မြို့နယ်တွင် ၆ ကျောင်း၊ လောင်းလုံးမြို့နယ်တွင် ၃ကျောင်း၊ ပုလောမြို့နယ်တွင် ၆ ကျောင်း၊ မြိတ်မြို့နယ်တွင် ၇ကျောင်းတို့တွင် သင်ကြားပေးလျက်ရှိကြောင်း အထက်ပါ ကြီးကြပ်ရေးမှူးက ပြောသည်။
“ကျောင်းတက်မယ့် ကျောင်းသားဦးရေ စာရင်းပို့ထားတာ ၁၂၉ဦး ရှိတယ်”ဟု ဦးသန်းညွန့်က ဆိုသည်။
အဆိုပါ ကျောင်းပြင်ပပညာရေးကျောင်းများကို ထားဝယ်မြို့နယ်တွင် Unicef က လည်းကောင်း၊ ပုလောမြို့နယ်ကို
အမှတ်(၁) အခြေခံပညာဦးစီးဌာနက လည်းကောင်း၊ လောင်းလုံးမြို့နယ်နှင့် မြိတ်မြို့နယ်တို့တွင် အလှူရှင်များက လည်းကောင်း တာဝန်ယူပြီး ယင်းကျောင်းများတွင် ကျောင်းဆရာဆရာမနှင့် ပြင်ပမှ ဆရာဆရာများက သင်ကြားပေးလျက်ရှိသည်ဟု သိရသည်။
ကျောင်းပြင်ပပညာရေးကျောင်း တက်ရောက်မည့်သူသည် မူလတန်းအဆင့် ပညာရေး မပြီးဆုံးသေးသူ၊ အသက် ၁၀နှစ်မှ ၁၄
နှစ်အကြားရှိသူ ဖြစ်ရမည် ဖြစ်သည်။
ကျောင်းသား ကျောင်းသူများကို စာအုပ်၊ ထီး၊ ပိုးအိတ်၊ အင်္ကင်္ျီတို့ကို ထောက်ပံ့ပေးပြီး တနေ့လျှင်  ကျောင်းသားများ အားလပ်သည့်အချိန်တွင် ၂နာရီခွဲ၊ တပတ်တွင် ၆ ရက် သင်ကြားပေးလျက်ရှိသည်ဟု တိုင်းကြီး ကြပ်ရေးမှူး ဦးသန်းညွန့်က ရှင်းပြသည်။
ကျောင်းသားများက မိသားစုဝင်ငွေရှာဖွေရန်အတွက် ကျောင်းပျက်သည့်အခါ အုပ်ချုပ်ရေးမှူးများကို အကူအညီ တောင်းခံသော်လည်း လိုက်လံခေါ် မပေးခြင်း၊ အုပ်ချုပ်ရေးမှူးများ စိတ်ဝင်စားမှုနည်းခြင်းတို့ကြောင့် ကျောင်းသား ပျောက်သွားသည်မျိုး ကြုံတွေ့ရလေ့ရှိကြောင်း ဦးသန်းညွန့်က ပြောသည်။
တိုင်းအတွင်း ကျောင်းပြင်ပပညာရေးကို ၂၀၁၁ခုနှစ်မှစ၍ စတင်ဆောင်ရွက်ခဲ့ပြီး ပြီးခဲ့သည့်နှစ်က ၁၃၂ဦးတက်ရောက် သင်ကြားခဲ့ကာ ၉၂ရာခိုင်နှုန်း အောင်မြင်ခဲ့သည်ဟု သိရသည်။

Dawei Watch