Pages

Saturday, July 5, 2014

အမျိုးသမီးတစ်ဦးကို မြိတ်လေတပ်စခန်းဋ္ဌာနချုပ်မှ တပ်သားတစ်ဦးက ရိုက်နက်





ရိုက်နက်ခံရသူကို ဆေးရုံပေါ်တွင် တွေ့ရစဉ်
ဓာတ်ပုံ - ဇော်ဇော်/Dawei Watch

Dawei Watch| မြိတ်၊ ဇူလိုင် ၃


တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့နယ်ရှိ မြိတ်လေတပ်စခန်းဋ္ဌာနချုပ်အနီးတွင် လုံခြုံရေးတပ်သားတစ်ဦးသည် မြိတ်တောင်ကျေးရွာအုပ်စု၊ တောထွက်ကြီးကျေးရွာမှ ကုန်းဖောက်ကျေးရွာသို့ ဈေးဝယ်လာသူ အသက်နှစ်ဆယ်ကျော်အရွယ် အမျိုးသမီးတစ်ဦးကို အကြောင်းမဲ့ရိုက်နှက်မှုတစ်ခုဖြစ်ပွားခဲ့ကြောင်း မြိတ်အထွေထွေရောဂါကုဆေးရုံးကြီးထံမှ သိရသည်။


မြိတ်တောင်ကျေးရွာအုပ်စု၊ တောထွက်ကြီးကျေးရွာ၌ နေထိုင်သော ယင်းအမျိုးသမီးသည်  မြိတ်လေတပ်စခန်းဋ္ဌာနချုပ် လေယာဉ်ကွင်းတိုးချဲ့စီမံကိန်းတွင် လုပ်ကိုင်နေသော နေ့စားပန်းရံ အလုပ်သမားတစ်ဦးဖြစ်ပြီး ဇူလိုင်လ ၂ ရက်နေ့ ညနေပိုင်း ၄ နာရီအချိန်ခန့်က ဈေးဝယ်ရန် ထွက်လာချိန်တွင် လေတပ်စခန်းဋ္ဌာနချုပ်၏ လုံခြုံရေးတပ်သားတစ်ဦးက မူးယစ်ရမ်းကားပြီး တုတ်ချောင်းဖြင့် ရိုက်နှက်ခဲ့ကြောင်း ယင်း အမျိုးသမီး၏ မိသားစုဝင်များက ပြောကြားသည်။


အခင်းဖြစ်ပွားချိန်တွင် လေယာဉ်ကွင်းတိုးချဲ့စီမံကိန်း ဧရိယာအနီး ကင်းပုံးတွင် လုံခြုံရေးယူထားသည့် တပ်သားတစ်ဦးသည် အပေါ်ပိုင်းအရပ်ဝတ်အင်္ကျီနှင့် လေတပ်ယူနိဖောင်းဘောင်းဘီကို ၀တ်ဆင်ထားခြင်းဖြစ်ကြောင်း အဆိုပါ အမျိုးသမီး၏ ယောက္ခမတော်စပ်သူ အသက် ၄၀ ကျော် အမျိုးသားတစ်ဦးက ရှင်းပြသည်။


ထိုသို့ ရိုက်နှက်မှုကြောင့် အသက် ၂၂ နှစ် အရွယ် မထွေးငယ် ခေါ် မအိမိုး ၀ဲဖက် မျက်နှာ နှင့် မျက်လုံးတွင် ပြင်းထန်စွာဒဏ်ရာရှိပြီး မြိတ်ပြည်သူ့အထွေထွေရောဂါကုဆေးရုံကြီးတွင် ဆေးကုသခံနေရကြောင်း ယင်းဆေးရုံထံမှ သိရသည်။


"လေတပ်ကဖြစ်တဲ့ကိစ္စမို့ သူတို့ လေတပ်ကပဲ လိုက်လုပ်နေပါတယ်။ အခုထိတော့ စခန်းမှာ လာရောက်တိုင်ကြား အမှုဖွင့်ထားတာမျိုးတော့ မရှိသေးဘူး"ဟု မြိတ် မြို့နယ်ရဲစခန်းမှ တာဝန်ကျ အရာရှိတစ်ဦးကဆိုသည်။


အဆိုပါ ကိစ္စနဲ့ ပတ်သက်၍ မူးယစ်ရမ်းပြီး ပြင်ပ အရပ်သားတစ်ဦးကို အကြောင်းမဲ့ ရိုက်နှက်ခဲ့သူ တပ်သားကို မြိတ်လေတပ်စခန်းဋ္ဌာနချုပ်တွင် ချုပ်နှောင်ထားပြီး အမှုမှန်ပေါ်ပေါက်အောင် စစ်ဆေးဆောင်ရွက်သွားမည်ဖြစ်ကြောင်း ယင်းတပ်စခန်းမှ ဗိုလ်မှူး အဆင့်ရှိ အရာရှိတစ်ဦးက ဆိုသည်။


"ဟုတ်ရင်တော့ ကျွန်တော်တို့ တာဝန်အရ အရေးယူပေးသွားမှာဖြစ်တယ်။ လက်ရှိ အနေအထားအရ တပ်တွင်းကိစ္စမိုလို့ အသေးစိတ်ကိုတော့ ဖြေကြားပေးနိုင်မှာမဟုတ်ပါဘူး"ဟု ၎င်းကဆိုသည်။


မြိတ်ခရိုင်အတွင်း ပြီးခဲ့သည့် ရက်သတ္တပတ်များကလည်း တပ်မတော်သားများက အရပ်သားများကို ရိုက်နက်မှု နှစ်ကြိမ်ဖြစ်ပွားခဲ့သေးသည်။

Dawei Watch