Pages

Thursday, July 24, 2014

ဆရာကြီး သခင်ကိုယ်တော်မှိုင်းကွယ်လွန်ခြင်း နှစ် ၅၀ ပြည့် ကျင်းပ

 
 နှစ်ပေါင်း ၃၈နှစ်ကြာ အခမ်းအနားကျင်းပခွင့် ပိတ်ပင်ခံထားရတဲ့ ရွှေတိဂုံဘုရား တောင်ဘက် မုခ်က ဆရာကြီး သခင်ကိုယ်တော်မှိုင်း ဂူဗိမာန်မှာ ဆရာကြီး ကွယ်လွန်ခြင်း နှစ် ၅၀ပြည့် အထိမ်းအမှတ် အခမ်းအနားကို ဆရာကြီးရဲ့ မိသားစုဝင်တွေက ဒီနေ့ ပထမဆုံး အကြိမ် ပြန်လည်ကျင်းပခွင့်ရခဲ့ပါတယ်။

အခမ်းအနားကျင်းပခွင့်ရခဲ့ပေမယ့် ဒဂုံမြို့နယ်အုပ်ချုပ်ရေးမှူးရုံးက စည်းကမ်းချက် ၁၂ချက်နဲ့အညီ ကျင်းပဖို့ ပြောထားတယ်လို့ ဆရာကြီး သခင်ကိုယ်တော်မှိုင်းရဲ့ မြေးသမက်ဖြစ်သူ စာရေးဆရာ ဦးသန်းစိုးနိုင်က ပြောပါတယ်။

"၃၈ နှစ်ကြာပြီးတဲ့နောက် ၃၈ နှစ်မတိုင်ခင် ၇၆ ခုနှစ်အထိ ကျင်းပခွင့်ရသေးတယ်၊ လာပြီး ကြည့်ရှု့ခွင့်ရတယ်၊ အရင်တုန်းကဆိုရင်တော့ ကျနော်တို့ ကျားကူးဓမ္မာရုံမှာ လုပ်ခွင့်ရခဲ့တယ်၊ ကျနော်တို့ ၁၉၇၆ ခုနှစ်မတိုင်ခင်အထိ လုပ်ခဲ့တဲ့အခွင့်အရေးက ရခဲ့တယ်၊ ဒါပေမယ့် ၇၆ ခုနှစ်မှိုင်းရာပြည့်ပွဲတော် အရေးအခင်းဆန္ဒပွဲတွေ ဖြစ်ပြီးတဲ့နောက်ပိုင်းမှာ ဒီလုပ်ပိုင်ခွင့်တွေကို ပိတ်လိုက်ပါတယ်၊ ဒါပေမယ့် အဲ့ဒါတွေပြန်ရလာတဲ့အတွက် ကျနော်တို့က ဒီနေရာမှာ ပြန်ပြီး ကျင်းပတာပါ"

ဒီနေ့အခမ်းအနားမှာ ဆရာကြီး သခင်ကိုယ်တော်မှိုင်းကို အလေးပြုခြင်း၊ ဆရာကြီးရဲ့ကဗျာတွေ ကို ရွတ်ဆိုခြင်းတို့ ပြုလုပ်ခဲ့ကြပါတယ်။

အခမ်းအနားကို ဆရာကြီးမိသားစုဝင်တွေ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ စာရေးဆရာများသမဂ္ဂ နဲ့ ကဗျာဆရာများသမဂ္ဂက အဖွဲ့ဝင်တွေ တက်ရောက်ခဲ့ကြပါတယ်။

ဒါ့အပြင် ပန်းဆိုးတန်းမှာရှိတဲ့ The Last Leaf Gallery မှာ ကဗျာဆရာများ သမဂ္ဂက ‘မဟာမှိုင်းအလွန် နှစ် ၅၀ပြည်’့ ခေါင်းစဉ်နဲ့ ဆရာကြီး သခင်ကိုယ်တော်မှိုင်းအမှတ်တရ ကဗျာရွတ်ပွဲ ကျင်းပခဲ့ပါတယ်။

ဒီအတောအတွင်း မုံရွာမြို့မှာ ဆရာကြီးသခင်ကိုယ်တော်မှိုင်း ကွယ်လွန်ခြင်း အနှစ် (၅၀) ပြည့် အထိမ်း အမှတ် အဖြစ် ‘မှိုင်းအလွန် နှစ်ငါးဆယ်’ အခမ်းအနားကျင်းပတာကို မြို့ နယ်အာဏာ ပိုင်တွေက ခေါ်ယူ သတိပေးခဲ့ပါတယ်။ သခင်ကိုယ်တော်မှိုင်း ငြိမ်းချမ်းရေးကွန်ရက် နာယက ကဗျာ၊ စာရေးဆရာကြီး ဦးအံမောင်နဲ့  ကော်မတီဝင်ဦးသန်းအေးတို့ကို ခွင့်ပြုချက်မတောင်းဘဲ ကျင်းပတဲ့အတွက်ဆိုပြီး မြို့  နယ်အုပ်ချုပ်ရေးမှုးရုံးကိုခေါ်ပြီး သတိပေးပြောဆိုတာလို့  ဆရာ ဦးအံမောင်က RFA ကိုပြောပါတယ်။

"မြို့နယ်အုပ်ချုပ်ရေးအဖွဲ့ထင်ပါတယ်ဗျာ အဲ့ဒီမှာ ကျနော်တို့ တွေ့ဆုံခဲ့ပြီးတော့ ဆွေးနွေးပြောဆို ခဲ့ရပါတယ်၊ ကျနော်တို့ ဒီလိုပွဲမျိုးတွေ ကျင်းပတဲ့အခါမှာ သူတို့ဆီကို ၅ ရက်ကြိုတင်အကြောင်း ကြားဖို့ သတိပေးလိုက်ပါတယ်၊ ကျနော်တို့က ဖိတ်စာကို ပို့လိုက်ပါတယ်၊ ရဲစခန်းကိုပို့လိုက် တာပါ၊ အဲ ဒါပေမယ့်လို့ သူတို့က သူတို့ရဲ့ပုံစံနဲ့ အကြာင်းကြားမှုကို လုပ်စေချင်ပါတယ်လို့ ပြော လိုက်ပါတယ်ဗျ"

မှိုင်းအလွန် နှစ်ငါးဆယ်ပွဲကို မုံရွာ မြို့မ-ဂါတ်ကျောင်းမှာ မနေ့ကနဲ့ ဒီနေ့ နှစ်ရက်ကျင်းပဖို့ ပြင်ဆင် ထားပြီး မနေ့ကတော့ ပန်းချီပြပွဲ၊ အထိမ်းအမှတ်ပစ္စည်းရောင်းပွဲနဲ့ စာတမ်းဖတ်ပွဲတွေပြုလုပ် ခဲ့ပါတယ်။ ဒီနေ့တော့ ခေါ်ယူသတိပေးခံရတဲ့အတွက် နေ့ဝက်နဲ့ အခမ်းအနားကို ရပ်လိုက်ရ တယ်လို့ ဆိုပါတယ်။

မန္တလေးမြို့ မှာလည်း ၈၄ လမ်းနဲ့ ၃၈ လမ်းထောင့် ဓမ္မသာလာခန်းမမှာ မှိုင်းအလွန် နှစ်ငါးဆယ် ပွဲကို မနေ့ကစလို့ ၃ ရက်ကြာ ကျင်းပနေပါတယ်။ ဒါပေမဲ့ အနှောင့်အယှက် အခက်အခဲမရှိ ကျင်းပနိုင်တယ် လို့ သိရပါတယ်။

RFA Burmese