Pages

Wednesday, July 9, 2014

လေတပ်သား ရိုက်နှက်ခံရသည့် အမျိုးသမီးကို တပ်တာဝန်ရှိသူ တောင်းပန်

Displaying DSC03301.JPG
  ရိုက်နှက်ခံရသည့် အမျိုးသမီးကို လာရောက်တောင်းပန်စဉ် ဓာတ်ပုံ - ဇော်ဇော် / Dawei Watch
|Dawei Watch| မြိတ် ၊ ဇူလိုင် ၉
တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့တွင် လေတပ်စခန်းမှ တပ်သားတစ်ဦးက အမျိုးသမီးတစ်ဦးကို အကြောင်းမဲ့ရိုက်နှက်မှု ဖြစ်ခဲ့ပြီး တစ်ပတ်အကြာတွင် ယင်းတပ်မှ ဌာနချုပ်မှူး ဗိုလ်မှူးကြီး မောင်မောင်ကျော်က ကာယကံရှင်နှင့် မိသားစုဝင်များကို လာရောက် တောင်းပန်ခဲ့ကြောင်း ရိုက်နှက်ခံရသည့် အမျိုးသမီး၏ မိသားစုဝင်များထံမှ သိရသည်။
အခင်းဖြစ်ပြီး တစ်ပတ်အကြာ ဇူလိုင်လ ၈ ရက်နေ့ နံနက်ပိုင်းတွင် မြိတ်တောင်ကျေးရွာအုပ်စု ကျေးရွာအုပ်ချုပ်ရေးမှူးရုံးတွင် ကာယကံရှင်နှင့် မိသားစုဝင်များ၊ ကျေးရွာ ရပ်မိ/ရပ်ဖရှေ့တွင် တောင်းပန်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
လေတပ်အနီးတွင် ဖြစ်သည့် ကိစ္စဖြစ်သည့်အတွက် ၎င်းတို့တွင် တာဝန်ရှိကြောင်း ၊ ရိုက်နှက်သည့် တပ်သားကိုလည်း တပ်တွင်း ဥပဒေအတိုင်း တရားမျှတအောင် ဆောင်ရွက်နေပြီး ကာယကံရှင်နှင့် မိသားစုကိုလည်း တောင်းပန်ကြောင်း ပြောကြားခဲ့သည်ဟု သိရသည်။
“ထောက်ပံ့ကြေး ၇ သောင်းကျော် ပေးသွားတယ်။ လိုအပ်တာရှိရင်လည်း နောက်ထပ် ပြောပါလို့ ပြောတယ်။ ရပ်မိရပ်ဖတွေ ရှေ့မှာ တောင်းပန်တော့ ကျွန်တော်တို့လည်း ကျေနပ်ပါတယ်” အရိုက်ခံရသည့် အမျိုးသမီး၏ ခင်ပွန်းက ပြောပြသည်။
ဇူလိုင်လ ၂ ရက်နေ့ ညနေက မြိတ်တောင်ကျေးရွာအုပ်စု၊ တောထွက်ကြီးကျေးရွာမှ ကုန်းဖောက်ကျေးရွာသို့ ဈေးဝယ်ရန်ထွက်လာသူ မအိမိုး(ခ)မထွေးငယ်နှင့် အသက် ၆၀ ကျော်ခန့် အမျိုးသမီး ၂ ဦးကို မြိတ်လေတပ်စခန်းဋ္ဌာနချုပ်မှ
လေယာဉ်ကွင်းစီမံကိန်းအနီးရှိ လုံခြုံရေး တပ်သားတစ်ဦးက မူးယစ်ရမ်းကားပြီး ရိုက်နှက်မှု ဖြစ်ပွားခဲ့သည်။
Dawei Watch