Pages

Sunday, July 20, 2014

စဥ့်ကူး ရွှေလုပ်သားတစ်ထောင် လုပ်ကွက် ချပေးဖို့ ဆန္ဒပြ

မန္တလေးတိုင်းဒေသကြီး စဥ့်ကူးမြို့နယ် ကန်တောင်ရွာက ရွှေလုပ်သားတစ်ထောင်လောက်ဟာ ရွှေလုပ်ကွက်တွေကို ကုမ္ပဏီတွေက လက်ဝါးကြီးအုပ်ထားတာကို ကန့်ကွက်ကြောင်းနဲ့ ကျေးရွာသားတွေ လုပ်ကိုင်စားသောက်နိုင်မယ့် ရွှေ လုပ်ကွက် မြေ ၇ ဧက ချထားပေးဖို့ စဥ့်ကူးမြို့နယ် သတ္တုတွင်းဝန်ကြီးဌာနရုံးရှေ့မှာ ဒီနေ့ ဆန္ဒပြတောင်းဆိုခဲ့ကြပါတယ်။
ကန်တောင်ရွာက ရွှေလုပ်ကွက်တွေအားလုံးဟာ အစိုးရနဲ့ ကုမ္ပဏီပိုင်တွေဖြစ်နေတဲ့အတွက်  ဒေသခံတွေ လုပ်ကိုင် စားသောက်ဖို့ မြေနေရာမရှိဖြစ်နေတယ်လို့  ဆန္ဒပြပွဲကို ဦးဆောင်တဲ့ ရွှေလုပ်သား ကိုမောင်ဆွေက ပြောပါတယ်။
"ကျနော်တို့ ဒီရွာသားတွေဘက်ကနေပြီးတော့မှ ဒီမြေယာဟာ ကုမ္ပဏီမြေနဲ့ လွတ်တယ်ပေါ့ အဲ့ဒီမှာ ကျနော် တို့ မြေစာရင်းတွေနဲ့ ခေါ်တိုင်းတာခင်ဗျ၊ ခေါ်တိုင်းတဲ့ အခါကျတော့ ဒီဥစ္စာဟာ နိုင်ငံတော်ပိုင်မြေ ဖြစ်နေ တယ် ကုမ္ပဏီက မပိုင်ဘူးခင်ဗျ၊ မပိုင်တဲ့ သူတို့ဧရိယာနဲ့ လွတ်နေတဲ့အခါကျ နိုင်ငံတော်ပိုင်မြေဆိုတော့ ကျနော်တို့ ရွှေလုပ်သားတွေက ကန်တောင်ဒေသမှာရှိတဲ့ ရွှေလုပ်သားတွေက စုဖွဲ့ပြီးတော့ ဒီလုပ်ကွက်လေး ကို ရွာသားပိုင်အဖြစ်ချထားပေးရန် အမှတ်(၂) သတ္တုတွင်းဝန်ကြီးဌာနကို ကျနော်တို့ တောင်းဆိုတယ်ခင်ဗျ"
စဥ့်ကူးမြို့နယ် ကန်တောင်ရွာတ၀ိုက်မှာ လွန်ခဲ့တဲ့ ၁၉၉၀ ခုနှစ်မတိုင်ခင်က ဒေသခံရွာသားတွေက တနိုင်တပိုင် ရွှေတူး တဲ့လုပ်ငန်း လုပ်ကိုင်ခဲ့ကြပြီး အဲ့ဒီနောက်ပိုင်းမှာ ကုမ္ပဏီတွေက အစိုးရရဲ့ခွင့်ပြုချက်နဲ့ လုပ်ကွက်တွေကို သိမ်းယူခဲ့ တာကြောင့် ဒေသခံတွေ လုပ်ကိုင်စားသောက်ဖို့ နေရာမရှိတောဘူးလို့ ဒေသခံတွေက ပြောကြပါတယ်။
ဆန္ဒပြပွဲကို ဦးဆောင်တဲ့ ဒေသခံရွှေလုပ်သား ကိုမောင်ဆွေကို RFA သတင်းထောက် မဝေမာထွန်း ဆက်သွယ်မေးမြန်း ထားပါတယ်။
 RFA