Pages

Wednesday, July 30, 2014

တနင်္သာရီ တိုင်းဒေသကြီးမှ စစ်ဘေးရှောင် ဒုက္ခသည်များ နေရပ်ပြန်ရန် စုံစမ်းမှုရှိနေ

 Displaying DSCF6270.JPG
 Displaying DSCF6268.JPG
 ဓာတ်ပုံ- ရဲထွဋ်

ထားဝယ်၊ ဇူလိုင် ၂၉

ထိုင်းနိုင်ငံနယ်စပ် ဒုက္ခသည်စခန်းများတွင် နေထိုင်နေကြသော
တနင်္သာရီတိုင်းဒေသကြီးမှ စစ်ဘေးရှောင်များသည် ၎င်းတို၏ နေရပ်ပြန်လာရန်အတွက်
စုံစမ်းမေးမြန်းမှုများ ရှိနေကြောင်း စစ်ဘေးရှောင်ဒုက္ခသည်များပြန်လည်အခြေချကြသည့် ကျေးရွာများထံမှ သိရသည်။

၁၉၉၀ခုနှစ် နောက်ပိုင်းတွင် စစ်ဘေးကြောင့် တိမ်းရှောင်သွားကြသူအများစုမှာ
ကရင်တိုင်းရင်းသားများဖြစ်ကြပြီး လက်ရှိမှာ ထိုင်း-မြန်မာ နယ်စပ်ရှိထန်မဟင်နှင့် ဘန်တော်ရမ်း
နယ်စပ်ဒုက္ခသည်စခန်းတွင်အများဆုံးနေထိုင်ကြကြောင်းဒေသခံများနှင့်ဒုက္ခသည်စခန်းမှ
 ပြန်လာကြသူများထံမှသိရသည်။

“ဒီမှာ ပြန်လာဖို့အတွက် တစ်ချို့ ဖုန်းဆက်ပြီး မေးကြတဲ့သူတွေရှိတယ်။
စုံစမ်းကြတယ်။ ပြီးခဲ့တဲ့ လကလည်း ကုလသမဂ္ဂအဖွဲ့တစ်ဖွဲ့ကလည်း ဒုက္ခသည်တွေ
ဒီမှာလာနေရင်လက်ခံ နိုင်မလားလို့ ကျွန်တော်တို့ကို လာမေးတာရှိတယ်။
ပြန်လာရင်တော့ ကျွန်တောတို့ရွာမှာ လက်ခံသွားဖို့ရှိတယ်” ဟု
ထားဝယ်ခရိုင်၊ကလိန်အောင် မြို့နယ်ခွဲရှိ ကျေးဇူးတော်ရွာမှ
ရွာဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ဝင် စောချစ်ဝင်းထူး ကပြောသည်။

ဒုက္ခသည်များ ပြန်လာရန်အတွက် မကြာခဏ
လူကိုယ်တိုင်လာရောက်စုံစမ်းမှုများရှိသကဲ့သို့ အခြေအနေများကို ဖုန်းဖြင့်
ဆက်သွယ်မေးမြန်းမှုများလည်းရှိကြောင်း အခြေအနေလာရောက်စုံစမ်းသည့်
စံခရပူရိဒေသရှိ ဘန်းတော်ရမ်းဒုက္ခသည်စခန်းမှ ပြန်ရောက်လာသူ ကရင်
ရှင်တဖီကျေးရွာသား စောလားမူးကပြောသည်။

ဒုက္ခသည်စခန်းများတွင်နေထိုင်သည့် စစ်ဘေးရှောင်များ နေရပ်ပြန်လာရန်အတွက်
တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့မှ တိုင်းရင်းသားရေးရာဝန်ကြီး
ဦးစောဟာဗီက ထိုင်းနိုင်ငံနယ်စပ်ရှိ ထန်မဟင် ဒုက္ခသည်စခန်းသို့ ၂၀၁၀
ခုနစ်က သွားရောက်တွေ့ဆုံခဲ့ကြောင်း ၀န်ကြီးက ပြောသည်။

“သူတို့က လုံခြုံရေး၊ တစ်နှစ်စာ ဒါမှမဟုတ် နှစ်နှစ်စာအတွက်
စားနပ်ရိက္ခာထောက်ပံပေးဖို့နဲ့ မိုင်းတွေရှင်းပေးဖို့
အဲဒီအချက်သုံးချက်ကို တောင်းဆိုတယ်” ဟု ဦးစောဟာဗီက ပြောသည်။
၎င်းတို့ တောင်းဆိုသည့် လုံခြုံရေးနှင့် တစ်နှစ်သို့မဟုတ် နှစ်နှစ် အတွက်
စားနပ်ရိက္ခာကို တိုင်းဒေသကြီးအစိုးရအဖွဲ့မှတာဝန်ယူမည်ဖြစ်ပြီး
မိုင်းကိစ္စကိုမူ တိုင်းဒေသကြီးအစိုးရအဖွဲ့ အစည်းအဝေးသို့တင်ပြထားကြောင်း
၎င်းကပြောသည်။

ထန်မဟင် နှင့် ဘန်းတော်ရမ်း ဒုက္ခသည်စခန်းနှစ်ခုတွင်တနင်္သာရီတိုင်းဒေသကြီးမှ စစ်ဘေးရှောင် ဒုက္ခသည် ၁၀၀၀၀၀န်းကျင်ခန့်ရှိကြောင်း ဦးစောဟာဗီက ခန့်မှန်းပြောဆိုသည်။

ဒုက္ခသည်များနေရပ်ပြန်လာသည့်အခါ လုပ်ကိုင်စားသောက်ရန်နှင့်ပြန်လည်နေရာချထားပေးရန် မြေယာများ စီစဉ်ထားပြီးနေရပ်ပြန်ဒုက္ခသည်များနှင့် ညှိုနှိုင်းဆောင်ရွက်သွားမည်ဟု  ကေအန်ယူ တပ်မဟာ
(၄) မြိတ်-ထားဝယ်ခရိုင် ဆက်ဆံရေးရုံးမှ တာဝန်ခံက ပြောသည်။

လက်ရှိတွင် နေရပ်ပြန်ဒုက္ခသည်များ ပြန်လည်အခြေချသည့် ကျေးဇူးတော်ရွာတွင်
ကုမ္ပဏီနှင့် မြေယာအငြင်းပွားမှု ကြုံနေရပြီး ဒုက္ခသည်များ  ပြန်လာရန်အတွက်
အစိုးရ၊ သက်ဆိုင်ရာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းနှင့်
အရပ်ဘက်လူ့အဖွဲ့အစည်းများ ဆွေးနွေးညှိုနှိုင်းမှုများပြုလုပ်ထားရန်လိုအပ်ကြောင်း
ထားဝယ်ဒေသဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့မှညှိုနှိုင်းရေးမှူး ဦးသန့်ဇင်ကပြောသည်။

“ထမင်းစားရရုံနဲ့ ပြန်မလာဘူး။ဟိုမှာလည်းကျွေးထားတာပဲ။သူတို့ဂုဏ်သိက္ခာရှိရှိ ပြန်လာနိုင်ဖို့
အရေးကြီးတယ်။
လုံးဝအာမခံချက်ရှိတဲ့ နေထိုင်ဖို့နေရာပေးနိုင်ရမယ်။
သူတို့ကမိသားစုလိုက်ပြန်လာရင် ကျန်းမာရေး၊ပညာရေး၊ပညာရေးဆိုရင်လည်းထိုင်းကသင်တဲ့ ပညာရေးနဲ့

ဒီကပညာရေးစနစ်ဘယ်လိုညှိုမလဲအဲဒါတွေအရေးကြီးတယ်” ဟု ၎င်းကပြောသည်။ပြန်လာမည့် ဒုက္ခသည်များအတွက် အဓိက ရင်ဆိုင်ရမည့်ပြဿ     နာမှာမြေယာပြဿ      နာဖြစ်နိုင်ပြီး လက်ရှိတွင် ယခင်ကဒုက္ခသည်များနေထိုင်သွားကြသည့်နေရာနှင့် မြေလွတ်မြေရိုင်းများတွင်
စီးပွားရေးလုပ်ငန်းရှင်များက စီမံကိန်းများ အကောင်အထည်ဖော်
ဝင်ရောက်လုပ်ကိုင်နေကြကြောင်း ဦးသန့်ဇင်က သုံးသပ်ပြောကြားသည်။
 |Dawei Watch|