Pages

Tuesday, July 8, 2014

ထားဝယ်တွင် ဆယ်စုနှစ်တစ်ခုကျော် ရှားပါးနေသည့် ပလာကထိန်ငါး အလုံးအရင်း ပြန်တွေ့

https://mail.google.com/mail/u/1?view=att&th=14710c3051fdc71c&attid=0.1&disp=thd&realattid=f_hxbr1w230&zw
|Dawei Watch| ထားဝယ်၊ ဇူလိုင် ၇
ထားဝယ်ခရိုင် ရေပိုင်နက်အတွင်း ဆယ်စုနှစ်တစ်ခုကျော်အကြာ ရှားပါးနေသည့် ရေပေါ်ငါးမျိုးစိတ်တစ်မျိုးဖြစ်သည့် ဒေသအခေါ် ပလာကထိန် ငါးကို ယခုရက်ပိုင်းအတွင် အလုံးအရင်းဖြင့် ပြန်လည်တွေ့ရှိခဲ့ရကြောင်း ထားဝယ်ခရိုင် ငါးလုပ်ငန်းအဖွဲ့ချုပ်နှင့် သဘော့ဆိပ်ကျေးရွာမှ ငါးလုပ်ငန်းလုပ်ကိုင်သူများထံမှ သိရသည်။
ယင်းငါးမျိုးစိတ်သည် ၁၉၉၉ ခုနစ်နောက်ပိုင်းတွင် ပျောက်ကွယ်သွားခဲ့ပြီး အခြားငါးမျိုးစိတ်များနှင့်အတူ အနည်းငယ်မျှသာ တခါတလေ ဖမ်းမိသည့်မှ အပ ယခုကဲ့သို့ အလုံးအရင်းဖြင့် ဖမ်းဆီးရမိခဲ့ခြင်းမရှိခဲ့ကြောင်း ထားဝယ်ခရိုင် ငါးလုပ်ငန်းအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးကျော်ကျော်သက်က ပြောသည်။
“ဘာဖြစ်လို့ အခုမှ အများကြီးပေါ်လာရသလဲဆိုတာ အံသြနေတယ်။ မနေ့က လှေတွေ ၀င်လာတာ ဒီငါးတွေချည်းပဲ ပါလာတယ်လို့ ပြောတယ်” ဦးကျော်ကျော်သက်က ဆိုသည်။
မည်သည့်အချိန်က ပင်လယ်ပြင်အတွင်း ပြန်လည်ပေါ်ပေါက်နေသည်ကို မသိရဘဲ ဇူလိုင်လ ၆ ရက်နေ့က သဘော့ဆိပ်ကမ်းခြေသို့ ကမ်းနီးငါးဖမ်းလှေများ ပြန်ရောက်လာသည့် အချိန်တွင် ယင်း ပလာကထိန်ငါးများသာ ဖြစ်နေသည်ကို တွေ့ရမှ သိရသည်ဟု ကမ်းခြေကျေးရွာတစ်ခုဖြစ်သည့် သဘောဆိပ်ကျေးရွာမှ ငါးလုပ်ငန်းလုပ်ကိုင်သူများက ဆိုသည်။
“ငါးအငယ်ထဲမှာဆိုရင် ဒီကောင်က ဈေးအကြီးဆုံး ငါးပဲ။ ထိုင်းမှာဆိုရင် အရင်တုန်းကတောင် တစ်ကီလိုကို ၃၂ ဘတ် လောက်ပေးရတယ်” သဘော့ဆိပ်ကမ်းခြေတွင် နေထိုင်သူ ဦးဖိုးကျော်က ဆိုသည်။
ယင်း ပလာကထိန်ငါးသည် ဈေးကွက်ဝင် ငါးတစ်မျိုးဖြစ်ပြီး ဒေသအတွင်း စားသုံးရန် သာမက ဆားသိပ်ကာ ထိုင်းဈေးကွက်သို့လည်း တင်ပို့နိုင်သည်ဟု ဦးကျော်ကျော်သက်က ရှင်းပြသည်။
ငါး၏ အရွယ်အစားမှာ ဦးခေါင်းမှ အမြီးဖျားအထိ ၇ လက်မ မှ ၉ လက်မ အထိ အရွယ်အစားအမျိုးမျိုးကြောင်း သိရသည်။
“ဘာကြောင့် အရင်က လုံးဝနီးပါးပျောက်နေပြီး ဘာကြောင့် အခုမှ လုံးဝပြန်ပေါ်လာရသလဲဆိုတာ သိပ်စဉ်စားစရာကောင်းတဲ့ အချက်ပဲ။ ဆရာတို့အနေနဲ့လည်း ထဲထဲဝင်ဝင် သုတေသနပြုဖို့ လိုနေပြီ” ဟု ထားဝယ်သုတေသနအဖွဲ့မှ ဦးဇော်သူရက မှတ်ချက်ပြုသည်။
ယခင်က ထိုင်းနိုင်ငံမှ ၀ါတန်းလှေများသည် မြန်မာရေပိုင်နက်အတွင်းသို့ ၀င်ရောက်ငါးဖမ်းမှုများရှိခဲ့ပြီး နောက်ပိုင်းအတွင် သက်ဆိုင်ရာဌာနများမှ တင်းကျပ်ပြီးသည့်နောက်ပိုင်းတွင် ယင်းလှေများ မ၀င်ရောက်လာခြင်းကြောင့် ဖြစ်နိုင်ကြောင်း ငါးလုပ်ငန်းလုပ်ကိုင်သူ အသိုင်းအ၀ိုင်းက မှတ်ချက်ပြုကြသည်။
မြန်မာ့ပင်လယ်ရေပြင်၏ ရေပေါ်လွှာနေ ငါးထုထည်ပမာဏသည် ၂၀၁၃ ဒီဇင်ဘာလက ပြုလုပ်သည့် သုတေသနအရ ၁၉၈၀ ခုနစ် တွင် ပြုလုပ်ခဲ့သည့် သုတေသနထက် ၉၀ ရာနှုန်းခန့်လျော့ကျသွားသည်ဟု သက်ဆိုင်ရာ တာဝန်ရှိသူများမှ ပြောဆိုထားသည့် အတွက် ယင်းငါးမျိုးစိတ်များ ပြန်လည်တွေ့ရှိလာခြင်းနှင့် ပက်သက်၍ ၉၀ ရာနှုန်းလျော့ကျသွားသည့် ငါးများတွင် မည်သည့် မျိုးစိတ်များပါဝင်နေသည်ကို ပြန်လည်မေးခွန်းထုတ်လိုသည်ဟု ဦးဇော်သူရ က ပြောသည်။
၁၉၈၀ ခုနစ်က မြန်မာ့ပင်လယ်ပြင်တွင် ရေအနက် မီတာ၂၀၀ ရေပေါ်လွှာနေ ငါးထုထည် တန်ချိန် တစ်သန်းတစ်သိန်း ရှိခဲ့သော်လည်း ၂၀၁၃ ခုနစ် နိုင်ဝင်ဘာလ ၁၃ ရက်နေ့မှ ဒီဇင်ဘာ လ ၁၈ ရက်နေ့အထိ နော်ဝေးသိပ္ပံပညာရှင်နှင့် ငါးလုပ်ငန်းဦးစီးဌာနမှ တာဝန်ရှိသူများ၊ မော်လမြိုင်နှင့်မြိတ်တက္ကသိုလ်များမှ ကထိကများ၊ တပ်မတော်ရေမှ တာဝန်ရှိသူများ စုစုပေါင်း ၁၂ ဦးတို့၏ သုတေသန ပြုချက်များအရ တန်ချိန် တစ်သိန်းတစ်သောင်းသာ ကျန်ရှိတော့သဖြင့် ရေပေါ်လွှာနေ ငါးထုထည်ပမာဏသည် ၉၀ ရာနှုန်းလျော့ကျလာခဲ့သည်ဟု မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ် ဒုတိယဥက္ကဌ ဦးဟန်ထွန်းက ပြီးခဲ့သည့် မေလ ၇ ရက်နေ့က အတည်ပြုပြောကြားခဲ့သည်။
Dawei Watch