Pages

Sunday, July 27, 2014

အမေရိကန်နိုင်ငံတွင် ကျင်းပမည့် Miss Universe ပြိုင်ပွဲသို့ သွားရောက်ယှဉ်ပြိုင်ရန် မြန်မာကိုယ်စားပြုအလှမယ် သျှားထွဋ်အိန္ဒြာအား ရွေးချယ်

Published on: July 27, 2014
Miss Universe Myanmar2014 အလှမယ်ဆုရှင် သျှားထွဋ်အိန္ဒြာ (Photo-AFP))
Miss Universe ပြိုင်ပွဲသို့ နှစ်ပေါင်း ၅၄ နှစ်အတွင်း ဒုတိယအကြိမ်မြောက် သွားရောက်ယှဉ်ပြိုင်ရန်အတွက် မြန်မာကိုယ်စားပြု အလှမယ်ရွေးချယ်ပွဲကို ဇူလိုင် ၂၆ ရက်တွင် ရန်ကုန်မြို့ အမျိုးသားကဇာတ်ရုံ၌ ပြုလုပ်ခဲ့သည်။ အဆိုပါရွေးချယ်ပွဲတွင် Miss Universe Myanmar ဆန်ခါတင် အလှမယ် ၂ဝ ဦးထဲမှအဆင့်ဆင့် ရွေးချယ်ခဲ့ခြင်းဖြစ်ပြီး အကဲဖြတ်ဒိုင်လူကြီးများအဖြစ် မစ္စဆရီမန်၊ မစ္စတာဆာရောင်း၊ ဒေါ်ကလျာပြည့်ဝေလျှံ၊ ဒေါက်တာအိသန္တာကျော်၊ အကယ်ဒမီရန်အောင်၊ မိုးဟေကိုတို့က ပါဝင်ဆောင်ရွက်ခဲ့သည်။ မြန်မာကိုယ်စားပြုအလှမယ် ရွေးချယ်ပွဲတွင် ယခုနှစ်၏ Theme ဖြစ်သော ကချင်ပြည်နယ်နှင့် ပတ်သက်သည့် ရှုခင်းများတေးသီချင်းများဖြင့် တင်ဆက်ခဲ့သည်။ Miss Universe Myanmar ပြိုင်ပွဲကို ဒီဇိုင်းစိုင်းလတ် ဖန်တီးချုပ်လုပ်ထားသော ကချင်ဝတ်စုံများဖြင့် ပြိုင်ပွဲဝင် ၂ဝ ဦးက ဝတ်ဆင်ကာ စတင်ဖွင့်လှစ်ခဲ့သည်။
ပြိုင်ပွဲပထမဆင့် ဆန်ခါတင်ပြိုင်ပွဲဝင် ၂ဝ ဦး၏ ကချင်ဝတ်စုံဖြင့် ဝတ်ဆင်ယှဉ်ပြိုင်မှုကို ပြုလုပ်ပြီးနောက် ဒုတိယအဆင့် ယှဉ်ပြိုင်မှုအစီအစဉ်တွင် ပြိုင်ပွဲဝင်များအား swim suit ဖြင့် ယှဉ်ပြိုင်စေခဲ့သည်။ swim suit ဖြင့် ယှဉ်ပြိုင်မှုအပြီးတွင် ဆန်ခါတင်ပြိုင်ပွဲဝင် ၁ဝ ဦးကို ရွေးချယ်ကြေညာခဲ့သည်။ ထို့နောက်စိတ်ကြိုက် ညနေခင်းဝတ်စုံများဖြင့် ဝတ်ဆင်ယှဉ်ပြိုင်စေခဲ့သည်။ အဆင့်သုံးဆင့်ဖြင့် ယှဉ်ပြိုင်မှုများအပြီးတွင် ပရိသတ်မဲ ပေးရွေးချယ်သည့် Miss Famous  ဆုအပါအဝင် Title ဆုများကို ပေးအပ်ခဲ့ပြီး ယင်းဆုကို ခါးနံပါတ် ၆ ဇွန်သံစဉ်က ရရှိခဲ့သည်။ နောက်ဆုံးဆန်ခါတင် ငါးဦးကို ရွေးချယ်ကာ ဗဟုသုတမေးခွန်းများအား မဲနှိုက်ရွေးချယ်ကာ ဖြေကြားစေခဲ့သည်။

Miss Universe Myanmar ပြိုင်ပွဲတွင် ပြိုင်ပွဲဝင်များ ယှဉ်ပြိုင်နေကြစဉ်(ဓာတ်ပုံ-ထက်ရှိုင်း)
ဆက်လက်၍ ဆန်ခါတင်ငါးဦးထဲမှ ဆုစာရင်း အဆင့်ဆင့်ကို ကြေညာပြီးနောက် Miss Universe Myanmar  အလှမယ်အဖြစ် ရွေးချယ်ခံရသူကို ကြေညာခဲ့ရာ ခါးနံပါတ် ၁၈ သျှားထွဋ်အိန္ဒြာအား ရွေးချယ်ခဲ့သည်။ Miss Universe Myanmar အဖြစ် ရွေးချယ်ခံရသည့် ခါးနံပါတ် ၁၈ သည် အမေရိကန်နိုင်ငံ လက်စ်ဗီးဂက်စ်မြို့တွင် ဒီဇင်ဘာလ၌ ပြုလုပ်မည့် Miss Universe ပြိုင်ပွဲသို့မြန်မာ ကိုယ်စားပြုအလှမယ်အဖြစ်သွားရောက်ယှဉ်ပြိုင်ခွင့် ရရှိမည်ဖြစ်သည်။
Miss Universe Myanmar 2014 ရွေးချယ်ပွဲတွင် 1st Runner Up ဆုကို ခါးနံပါတ် ၁၆ ယွန်းမီမီကျော်နှင့် 2nd Runner Up ဆုကို ခါးနံပါတ် ၂ ရွှေစင်ကိုကိုတို့က အသီးသီး ဆွတ်းခူးခဲ့ကြသည်။
Miss Universe ပြိုင်ပွဲသို့ ၁၉၅၈ ခုနှစ် မှစတင်ကာ မြန်မာကိုယ်စားပြု အလှမယ်များ သွားရောက်ယှဉ်ပြိုင်နိုင်ခဲ့ပြီး ၁၉၆ဝ ပြည့်နှစ်တွင် ပြုလုပ်ခဲ့သည့်ပြိုင်ပွဲတွင် မြန်မာကိုယ်စားပြုအလှမယ် ဒေါ်မြင့်မြင့်မေက Miss Congeniality Title ဆုကို ရရှိခဲ့သည်။ နှစ်ပေါင်း ၅၃ နှစ်ကြာမြင့်ပြီးနောက် ၂ဝ၁၃ ခုနှစ်တွင် ရုရှားနိုင်ငံမော်စကိုမြို့၌ ပြုလုပ်ခဲ့သော ပြိုင်ပွဲသို့ မြန်မာကိုယ်စားပြုအလှမယ် မိုးစက်ဝိုင်သွားရောက် ယှဉ်ပြိုင်နိုင်ခဲ့ပြီး ယခုနှစ်တွင် ဒုတိယအကြိမ် ထပ်မံသွားရောက် ယှဉ်ပြိုင်နိုင်မည်ဖြစ်သည်။
Eleven Media Group