Pages

Thursday, August 14, 2014

တရုတ်စီးပွားရေးလုပ်ငန်းရှင်များ ကျောက်ထုတ်ခွင့် မွန်ပြည်နယ်အစိုးရ ခွင့်ပြုမည်မဟုတ်

Displaying DSC07237.jpg
 တရုတ်စီးပွားရေးလုပ်ငန်းရှင်တို့မှ မြေဝယ်ယူထားသည့် တောင်တန်းကို အံဒင်ရွာမှလှမ်းမြင်ရစဉ်
ဓာတ်ပုံ - ယဉ်စနိုင်း / Dawei Watch

|Dawei Watch| မော်လမြိုင်၊ သြဂုတ် ၁၂
မွန်ပြည်နယ်တောင်ပိုင်း ရေးမြို့နယ်အတွင်းတွင် ကျောက်ထုတ်လုပ်ရန်အတွက် တရုတ်စီးပွားရေးလုပ်ငန်းရှင်များက မြေလိုက်ဝယ်နေသည်ကို ပြည်နယ်အစိုးရအဖွဲ့က တားမြစ်ထားပြီး ကျောက်ထုတ်ခွင့်လည်း ပြုမည်မဟုတ်ကြောင်း ပြည်နယ်အစိုးရထံမှ သိရသည်။
ပြည်နယ်အစိုးရအဖွဲ့ထံ တစ်စုံတစ်ရာအသိပေးထားခြင်းမရှိဘဲ ကျောက်ထုတ်လုပ်ရန်ဟုဆိုကာ ဒေသခံများထံမှ တဆင့် မြေများ လာရောက်ဝယ်ယူနေသည်ကို တားမြစ်ထားသည့်အပြင် ကျောက်ထုတ်လုပ်ရန်အတွက် လျာထားချက်ကိုလည်း လုံးဝခွင့်ပြုပေးသွားမည်မဟုတ်ကြောင်း ရေးမြို့နယ်တာဝန်ခံဝန်ကြီး နိုင်လဝီအောင်က ပြောသည်။
“သူတို့က ခိုးလုပ်လို့ သိသွားရင် အရေးယူမယ်” ဟု ၄င်းက ပြောသည်။
လက်ရှိတွင် ခေါဇာမြို့နယ်အတွင်းတွင် ဧကပေါင်းများစွာ ဝယ်ယူထားပြီးဖြစ်ကာ ရေးမြို့နယ်၊ အံဒင်ကျေးရွာဘက်တွင်လည်း ပြည်နယ်အစိုးအရအဖွဲ့ထံ အသိပေးအကြောင်းကြားထားခြင်းမရှိဘဲ ငွေကျပ်သိန်းပေါင်း ၄ ထောင်ဝန်းကျင် တန်ဖိုးရှိ မြေများကို ဝယ်ယူထားကြောင်း ကျောက်ထုတ်လုပ်ရန်အတွက် လမ်းဖောက်လုပ်ထားခြင်း၊ စက်ယန္တရားများ ယူချထားခြင်းများ ဆောင်ရွက်ထားသည့်အတွက် ပြည်နယ်အစိုးရအနေဖြင့် တားမြစ်ထားကြောင်း ၄င်းက ပြောသည်။
ကနဦးမြေလာဝယ်သူများမှာ နိုင်ငံသားများဖြစ်ပြီး နောက်ပိုင်းမှ တရုတ်နိုင်ငံသားများက တဆင့် ၀ယ်ခိုင်းသည်ဟု သိရပြီး ကျောက်ထုတ်ရန်ဟု သိရကြောင်း ရေးမြို့နယ် အံဒင်ရွာခံ ဦးဖိုးဇော်က ပြောသည်။
“ဈေးကြီးကြီးနဲ့ ဝယ်တယ်ဆိုတော့ တချို့ကလည်း ရောင်းကြတယ်၊ တချို့ကလည်း ဒီဟာ ဘာလုပ်လဲဆိုပြီး မရောင်းကြတာလဲရှိတယ်၊ သူတို့ဝယ်နေတာကလည်း အကုန်လုံး တကွက်လုံးကို ဝယ်နေတာမဟုတ်ဘူး။ ဟိုမှာတကွက် ဒီမှာတကွက်နဲ့ လိုက်ဝယ်တယ်၊ အခုဆို လမ်းတွေဖောက်ထားတယ်၊ စက်ပစ္စည်းတွေလည်း ရောက်နေတယ်၊ ဒါပေမယ့် ဘာမှတော့ မလုပ်ရသေးဘူး” ဟု ဦးဖိုးဇော်က ပြောသည်။
အဆိုပါကိစ္စကို မွန်ပြည်သစ်ပါတီကလည်း တားထားကြောင်း အထက်ပါ ဒေသခံက ရှင်းပြသည်။
ထို့အပြင် ရေးမြို့နယ်အတွင်းရှိ ဟံဂံကျေးရွာနှင့် အခြားကျေးရွာများတွင်လည်း တရုတ်လူမျိုးအမည်ခံဖြင့် မြေများ လာရောက်ဝယ်ယူနေကြောင်း ဒေသခံတို့၏ ပြောပြချက်အရ သိရသည်။
၂၀၁၄ ခုနှစ်အတွင်း မွန်ပြည်နယ်သို့ တရုတ်စီးပွားရေးလုပ်ငန်းရှင်များ ခြေဆန့်ဝင်လာပြီး ရေးမြို့နယ်ကဲ့သို့ပင် မုဒုံမြို့နယ်ဘက်တွင်လည်း လယ်ယာမြေများကို ဈေးကြီးပေး လာရောက်ဝယ်ယူနေသည့်အတွက် ဒေသခံများက စိုးရိမ်မကင်းဖြစ်နေကြသည်။
Dawei Watch