Pages

Saturday, August 16, 2014

မွန်ပြည်နယ်အတွင်း ထားဝယ် - ရန်ကုန် ခရီးသည်တင်ယာဉ် ၁၂ စီးခန့် လေးခွအပစ်ခံရ

Displaying DSCF6970.JPG
  လေးခွဖြင့် အပစ်ခံထားရသဖြင့် မှန်အက်နေသည့် ယာဉ်ကို တွေ့ရစဉ်
 Displaying DSCF6975.JPG
|Dawei Watch| ထားဝယ်၊ သြဂုတ် ၁၆
ထားဝယ် - ရန်ကုန် ခရီးသည်တင်ယာဉ် ၁၂ စီးထက်မနည်း သြဂုတ်လ ၁၅ ရက်နေ့ ည ၁၁
နာရီဝန်းကျင်တွင် မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်အတွင်း ဖြတ်သန်းစဉ်
လေးခွဖြင့် အပစ်ခံခဲ့ရကြောင်း ရန်ကုန်-ထားဝယ်ယာဉ်လိုင်းများမှ
ယာဉ်မောင်းနှင့်ယာဉ်လိုက်များက ပြောကြားသည်။
သံဖြူဇရပ်မြို့နယ်၊ ၀ဲခမိကျေးရွာအုပ်စု၊ ပိန္နဲတောကျေးရွာနှင့်
အေးသာယာကျေးရွာအကြား မိုင်တိုင်အမှတ် ၆၁ မိုင်တိုင်အနီးတွင် လူနှစ်ဦးက
တောင်ကုန်းနဘေးတစ်ဖက်တစ်ချက်ရှိ ရော်ဘာခြံနှင့် ညအမှောင်ကို အမှီပြုကာ
လေးခွဖြင့် ပစ်ခတ်ခဲ့၍ ရန်ကုန်မှ ထားဝယ်သို့ ပြေးဆွဲလာသည့်
ခရီးသည်တင်ယာဉ် ၈စီးနှင့် ထားဝယ်မှ ရန်ကုန်သို့ ပြေးဆွဲလသည့်
ခရီးသည်တင်ယာဉ် ၄စီး အထက်မနည်း ပစ်ခံရကြောင်း ၄င်းတို့က ရှင်းပြသည်။
“လအရောင်အောက်မှာ လေးခွနဲ့ပစ်မယ့် လူနှစ်ယောက်ကို တွေ့လိုက်တာနဲ့
ခရီးသည်တွေ ကားအပေါ်မှာ ၀ပ်လိုက်လို့ ခရီးသည်တွေမထိဘဲ့ မှန်
နှစ်ချပ်ကိုထိပြီး ကွဲသွားတယ်” ဟု ရွေဝယ်ရတနာခရီးသည်တင်ယာဉ်မှ ယာဉ်လိုက်
ကိုလှဝေက ဆိုသည်။
အဆိုပါလမ်းပိုင်းဧရိယာအတွင်း ယခုနှစ်ပိုင်းအတွင်း သံဖြူဇရပ်မြို့အထွက်
ရထားလမ်းနေရာ၊ တံတားညီနောင်နေရာ၊ လိမ္မော်ခြံနေရာတို့တွင်
ခရီးသည်တင်မော်တော်ယာဉ်များကို ကျောက်ခဲများဖြင့် ပစ်ခံရသည့် ဖြစ်စဉ်များ
ဖြစ်ခဲ့ဖူးပြီး ယခုအကြိမ်မှာ ခရီးသည်တင်ယာဉ်အများစုကို ဆက်တိုက်ပစ်ခံ
ခဲ့ရခြင်းဖြစ်ကြောင်း ထားဝယ်အခြေစိုက်ယာဉ်လိုင်းများ
ထံမှ သိရသည်။
လေးခွဖြင့်ပစ်သူများသည် ယာဉ်တစ်စီးပစ်ပြီးလျှင် လမ်းနဘေးရှိ
ရော်ဘာခြံအတွင်းသို့ ပြေးဝင်သွားခဲ့ပြီး ပြန်ထွက်လာကာ နောက်ယာဉ်တစ်စီးကို
ထပ်မံပစ်ခြင်းဖြစ်ကာ ယာဉ်အများစုမှာ နှစ်ချက်စီထိမှန်ခဲ့သည်ဟု သိရသည်။
ထိုသို့ခရီးသည်တင်ယာဉ်များ ပစ်ခံရခြင်းအား
ရန်ကုန်-ထားဝယ်ပြည်ထောင်စုလမ်းမကြီးနဘေး ရေးမြို့နယ်ဧရိယာ
၊စံပြကျေးရွာရှိ DKBA လက်နက်ကိုင်အဖွဲ့အစည်းနှင့် ရေးမြို့အထွက်
မွန်လက်နက်ကိုင်အဖွဲအစည်းတို့ကို သတင်းပို့ တိုင်ကြားခဲ့ကြောင်း
ယာဉ်လိုက် ကိုလှဝေက ပြောဆိုသည်။
“ဒီလမ်းပိုင်းမှာ ညဖက်ဆိုင်ကယ်မြင်ရင် လမ်းနဘေးလူမြင်ရင် ကြောက်နေရတယ်။
ညဖက်ခရီးသွားနေရလို့ အန္တရာယ်ကင်းရှင်းစွာ မောင်းနှင်သွားလာချင်တယ်” ဟု
လေးခွနဲ့နှစ်ချက်ပစ်ခံရသော မိုးကောင်းကင်ခရီးသည်တင်ယာဉ်မှ
ယာဉ်မောင်းတစ်ဦးက ဆိုသည်။
မော်တော်ယာဉ်များ ပစ်ခံရခြင်းကို စုံစမ်းကာ မှတ်တမ်းပြုစုပြီး သက်ဆိုင်ရာ
အဖွဲ့အစည်းများသို့တင်ပြကာ အဖြေမှန်ဖော် ထုတ်နိုင်ရေးအတွက်
လုပ်ဆောင်သွာမည်ဖြစ်ကြောင်း ထားဝယ်မြို့နယ်ပုဂ္ဂလိက
ယာဉ်များပြေးဆွဲရေးလုပ်ငန်း ထိန်းသိမ်းကြီးကြပ်ရေးကော်မတီ ဥက္ကဌ
ဦးပိုသိန်း က ပြောသည်။
ယင်း ပြည်ထောင်စုလမ်းမကြီးကို အသုံးပြုကာ ရန်ကုန်-မော်လမြိုင်-ထားဝယ်
ခရီးသည်တင်ယာဉ်လိုင်း ၂၀လိုင်း ပြေး ဆွဲလျက်ရှိသည်။