Pages

Monday, August 25, 2014

UNFC ပထမအကြိမ် ညီလာခံ ကျင်းပနေပြီး ခေါင်းဆောင်သစ်များ ပြန်လည်ရွေးမည်


 
Monday, 25 August 2014

ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC)၏ သုံးနှစ်တစ်ကြိမ်ကျင်းပသည့် ပထမအကြိမ် ညီလာခံကို သြဂုတ်လ ၂၅ ရက်တွင် ထိုင်းနိုင်ငံ၏ နယ်စပ်တစ်နေရာတွင် စတင်ကျင်းပနေပြီဖြစ်ပြီး ညီလာခံတွင် UNFC၏ ရှေ့လုပ်ငန်းစဉ်များ ချမှတ်ခြင်းအပြင် ခေါင်းဆောင်သစ်များလည်း ပြန်လည်ရွေးချယ်မည်ဟု UNFC၏ အထွေထွေ အတွင်းရေးမှူး နိုင်ဟံသာက မဇ္ဈိမကို ပြောသည်။
ညီလာခံတွင် UNFC ၏ သုံးနှစ်သာ လုပ်ဆောင်ခဲ့သော အခြေအနေများ ပြန်လည် သုံးသပ်ခြင်း၊ ရှေ့လုပ်ငန်းစဉ်များ ချမှတ်ခြင်းနှင့် တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးမှ နိုင်ငံရေး ဆွေးနွေးပွဲသို့ တက်လှမ်းမည့် အခြေအနေများကို ဆွေးနွေးကြမည်ဟု နိုင်ဟံသာက ပြောသည်။
“ရှေ့လုပ်ငန်းစဉ်တွေ ဆိုတဲ့ထဲမှာ လူထုစည်းရုံးရေး လုပ်ငန်းစဉ်တွေ ပါမယ်။ နောက်ပြီး လက်ရှိ တစ်ပြည်လုံး အပစ်အခတ် ရပ်စဲရေးကနေ နိုင်ငံရေးဆွေးနွေးမှုကို တက်လှမ်းနိုင်ဖို့၊ အနာဂတ် ဖက်ဒရယ်နိုင်ငံမှာ တစ်ဖက်ကလဲ ဖက်ဒရယ် စနစ်နဲ့အညီ တပ်တွေကို ဘယ်လိုဖွဲ့စည်းမလဲ။ ဒီကိစ္စတွေ အပါအဝင်ပေါ့နော်။ ဖက်ဒရယ်ပုံစံကို ဘယ်လို ဖော်ဆောင်မလဲ။ ဒါတွေကအစ အများကြီးဆွေးနွေးရမှာပါ”ဟု သူက ပြောသည်။
အဆိုပါညီလာခံကို သြဂုတ်လ ၂၅ရက်မှ ၂၈ ရက်အထိ လေးရက်ကြာ ကျင်းပကြမည်ဖြစ်ပြီး ညီလာခံအတွင်း UNFC ခေါင်းဆောင်များ ကို အသစ်ပြန်လည် ရွေးချယ်သွားမည်ဟု နိုင်ဟံသာက ပြောသည်။
ခေါင်းဆောင်များ ပြန်လည်ရွေးချယ်မှုနှင့် ပတ်သက်၍ မည်ကဲ့သို့ ရွေးချယ်မည်ကို မဇ္ဈိမက မေးမြန်းရာ “မသတ်မှတ်ရသေးဘူး။ ဘာမှသတ်မှတ်ချက်မရှိသေးဘူး။ အစီအစဉ်မရောက်သေးဘူး”ဟုသာ ပြန်လည်ဖြေကြားသည်။
UNFC ၏ လက်ရှိ ဥက္ကဋ္ဌ မှာ ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) ဒု-ဥက္ကဋ္ဌ ဒု-ဗိုလ်ချုပ်ကြီး အင်ဘန်လဖြစ်ပြီး ဒု-ဥက္ကဋ္ဌ သည် ကရင်နီအမျိုးသား တိုးတက်ရေးပါတီ (KNPP) ဥက္ကဋ္ဌ အေဘယ်လ်တွီဒ်တို့ တာဝန်ယူထားသည်။
အဆိုပါ ညီလာခံသို့ UNFC အဖွဲ့ဝင်မဟုတ်သည့် NCCT အဖွဲ့ဝင်များဖြစ်သော ဒီမိုကရေစီ အကျိုးပြု ကရင်တပ်မတော် (DKBA)၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP)၊ ရခိုင်တပ်မတော် (AA) တို့ အထူးဖိတ်ကြားချက် အရ တက်ရောက်ကြပြီး လူဦးရေစုစုပေါင်း ၆ဝ ခန့် တက်ရောက်ဆွေးနွေးမည် ဖြစ်သည်။
UNFC ၏ အဓိက ဦးတည်ချက်ဖြစ်သည့် တိုင်းရင်းသားများ၏ အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့် ရရှိသည့် ဖက်ဒရယ် ပြည်ထောင်စု အကောင်အထည်ဖော်နိုင်ရေးဖြစ်၍ ဆက်လက် ကြိုးပမ်းသွားမည်ဟု နိုင်ဟံသာက ပြောသည်။
“ကနေ့အနေအထားမှာ တိုင်းရင်းသားလက်နက်ကိုင်တွေ အများစုက UNFC မှာ စုစည်းထားမှုကနေ ဦးတည်တာက ဖက်ဒရယ် ပြည်ထောင်စုကို အကောင်အထည်ဖော်နိုင်ရေးဖြစ်တယ်။ အဲဒါကို ကနေ့အခြေအနေမှာ အစိုးရကလည်း နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးဖို့ ဦးတည်ထားတယ်ဆိုတော့ အဲဒီတွေ့ဆုံဆွေးနွေးရေး လုပ်ငန်းစဉ်အရ ဖက်ဒရယ် ပြည်ထောင်စုကို အဓိကထားပြီးတော့ ကြိုးပမ်းသွားမှာပါ”ဟု သူက ပြောသည်။
အဆိုပါ ညီလာခံ ကျင်းပပြီးနောက် ပြည်တွင်းမှ နိုင်ငံရေးပါတီအချို့နှင့်လည်း ဆက်လက် တွေ့ဆုံဆွေးနွေးရန် ဖိတ်ခေါ်ထားသည်ဟု သိရသည်။
UNFC သည် ၂ဝ၁၁ ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက်နေ့က တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ ပူးပေါင်းဖွဲ့စည်းထားသော UNFC တွင် ကချင်လွတ်လပ်ရေးအဖွဲ့ KIO၊ ကရင် အမျိုးသားအစည်းအရုံး KNU၊ ချင်းအမျိုးသားတပ်ဦး(CNF)၊ ကရင်နီအမျိုးသား တိုးတက်ရေးပါတီ(KNPP)၊ မွန်ပြည်သစ်ပါတီ(MNSP)၊ ရှမ်းပြည် တိုးတက်ရေး ပါတီ(SSPP/SSA)၊ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့(PNLO)၊ လားဟူဒီမိုကရက်တစ် အစည်းအရုံး(LDU)၊ ပလောင်(တအာင်း) အမျိုးသားလွတ်မြောက်ရေးအဖွဲ့(PSLF/TNLA)၊ ဝ အမျိုသား အစည်း အရုံး(WNO)နှင့် မြန်မာနိုင်ငံ အမျိုးသားမဟာမိတ်တပ်မတော် MNDAA ကိုးကန့်အဖွဲ့ ၁၁ ဖွဲ့ဖြင့် ဖွဲ့စည်းထားသည်။
မဇ္ဈိမ