Pages

Friday, September 5, 2014

လယ်ယာမြေပြဿ နာ တရားသောနည်းဖြင့်ဖြေရှင်းပေးရေး ထားဝယ်လယ်သမများ တတိယအကြိမ်ဆန္ဒပြမည်



Dawei Watch| ထားဝယ်၊ စက်တင်ဘာ ၃

သိမ်းဆည်းထားသည့် လယ်ယာမြေများအား တရားနည်းလမ်းတကျ ဖြေရှင်းပေးရေးအတွက် ထားဝယ်မြို့၊ ကမြောကင်းလမ်းမအနီးလယ်မြေများမှ တောင်သူအမျိုးသမီး ၃၀ ဦးဖြင့် စက်တင်ဘာ လ ၅ ရက်နေ့တွင် ဆန္ဒထုတ်ဖော်သွားမည်ဖြစ်ကြောင်း ဆန္ဒပြရန် ဦးဆောင်စီစဉ်နေသူများထံမှ သိရသည်။

ဆန္ဒထုတ်ဖော်ရန်အတွက် သြဂုတ်လ ၂၉ ရက်နေ့က ထားဝယ်မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးထံသို့ ခွင့်ပြုချက်တောင်းခံထားပြီး လက်ရှိအချိန်အထိ တစုံတရာ အကြောင်းပြန်လာခြင်းမရှိသေးကြောင်း ငြိမ်းချမ်းစွာစီတန်းလှည့်လည်ခွင့်လျှောက်ထားသူ လယ်သမားမိသားစုဝင်တစ်ဦးဖြစ်သူ ဒေါ်ရီရီထွေးက သြဂုတ်လ ၃ ရက်နေ့ နေ့လည် ၂ နာရီတွင် ပြောသည်။

“ခွင့်ပြုချက်တင်ထားတာ ငါးရက်ရှိပြီ။ ဘာမှ အကြောင်းမကြားလာသေးဘူး။ ဆန္ဒပြတာနဲ့ ပတ်သက်တဲ့ ဥပဒေကို ပြင်ထားတာလည်းရှိတော့ နားလည်တဲ့သူတွေကို မေးကြည့်တာ သူတို့(ရဲတပ်ဖွဲ့) ဘက်က အကြောင်းကြားစရာမလိုတော့ဘူးလို့ ပြောကြတယ်။ ဘာမှ အကြောင်းမကြားလာရင် ငါးရက်နေ့ပြမယ်” ဟု ဒေါ်ရီရီထွေးက ပြောသည်။

လယ်သမားများ လျောက်ထားလာသည့် ခွင့်ပြုချက်တောင်းခံလွှာကို ရဲတပ်ဖွဲ့မှ စိစစ်ပြီး မြို့နယ်အုပ်ချုပ်ရေးဦးစီးဌာနကို တင်ပြထားပြီး လက်ရှိအချိန်ထိ လယ်သမားကို တစုံတရာ အကြောင်းမပြန်ရသေးကြာင်း ထားဝယ်မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်ကျ ရဲတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

အစိုးရမှ မြို့ပြစီမံကိန်းကို အကောင်အထည်ဖော်နေသည့် လယ်ယာမြေများမှ အမျိုးသားလယ်သမား ၁၀ ဦး ထောင်ကျပြီးနောက် ယင်းမြေများပေါ်တွင် မြေတိုင်းတာခြင်း၊ ကွင်းဆင်းစစ်ဆေးခြင်းနှင့် စီမံကိန်းအကောင်အထည်ဖော်မှုများကို လုပ်ဆောင်လာသည့်အတွက် ရှိသည့်လယ်သမားအင်အားဖြင့် ဆန္ဒထုတ်ဖော်ရန် စီစဉ်ရခြင်းဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။

“အမျိုးသားတွေက ထောင်ကျနေတယ်။ အစည်းအဝေးခေါ်လိုက်တာ အမျိုးသမီးတွေပဲ လာတယ်ဆိုတော့ အမျိုးသမီးတွေနဲ့ပဲ ပြဖို့ဖြစ်သွားတယ်” ဒေါ်ရီရီထွေးက ဆိုသည်။

ဆန္ဒထုတ်ဖော်ရာတွင် “ထားဝယ်မြို့နှင့် နိုင်ငံတစ်ဝှမ်းမတရားဖမ်းဆီးထောင်ချထားသောလယ်သမားများအား အမြန်ဆုံးပြန်လွှတ်ပေးပါ”၊ “လယ်ယာမြေမတရားသိမ်းဆည်းမှု ချက်ချင်းရပ်” စသည့် အချက် ၁၅ ချက်ပါဝင်သည့် ပိုစတာဆိုင်းဘုတ်များကို ကိုင်ဆောင်ကာ “အဓမ္မအဆောက်အဦဆောက်လုပ်ခြင်းရပ်ဆိုင်းရေး” အပါအ၀င် ကြွေးကြော်သံ အချက် ၈ ချက်ကို ကြွေးကြော်သွားမည်ဖြစ်ကြောင်း ဆန္ဒထုတ်ဖော်ရန် ဦးဆောင်စီစဉ်သူများထံမှ သိရသည်။

ထားဝယ်မြို့၊ ကူးတို့ဟောင်းလမ်းမှ စတင်၍ ကမြောကင်းလမ်းအတိုင်းဆန္ဒထုတ်ဖော်ကြမည်ဖြစ်ပြီး ယင်းမှတဆင့် မြိတ်တန်းလမ်းဆုံ၊ ယင်းနောက် နိဗာန်လမ်းအတိုင်း ဥတ္တာံးကြီးလမ်းဆုံ၊ ယင်းမှ တဆင့် ရေးလမ်းအတိုင်း ဂန့်ဂေါ်ပင်ကျောင်းလမ်းဆုံနှင့် ဆန်းချီလမ်းမှတဆင့် ကမြောကင်းလမ်းအတိုင်း စီတန်းလမ်းလျောက်ကြမည်ဖြစ်ကြောင်း သိရသည်။

ထားဝယ်လယ်သမားများသည် ၂၀၁၃ ခုနစ် နိုဝင်ဘာလ ၁၁ ရက်နေ့နှင့် ၂၀၁၄ ခုနစ် ဇန်န၀ါရီလ ၁၇ နေ့ရက်နေ့တို့တွင် ဆန္ဒနှစ်ကြိမ်ထုတ်ဖော်ခဲ့ဖူးသည်။

အစိုးရမှ သိမ်းဆည်းထားသည့် လယ်ယာမြေပေါ်တွင် မြို့ပြစီမံကိန်း အကောင်အထည်ဖော်မှုကို တားဆီးသည်ဟုဆိုကာ တရားစွဲခံရသည့် လယ်သမား ၁၉ ဦးအနက် အမျိုးသားလယ်သမား ၁၀ ဦးကို အလုပ်ကြမ်းနှင့်ထောင်ဒဏ် ၁၅ ရက်အပါအ၀င် ထောင်ဒဏ်အသီးသီးချမှတ်ခဲ့ပြီး အမျိုးသမီးလယ်သမား ၉ ဦးကို ငွေဒဏ်အသီးသီးကို ဇူလိုင်လ ၁၆ ရက်နေ့က ထားဝယ်မြို့နယ် တရားရုံးက အမိန့်ချခဲ့သည်။

ယင်းအမှုကို လယ်သမားများ၏ အကျိုးဆောင်ရှေ့နေမှ ခရိုင်တရားရုံးတွင် အယူခံဝင်လျက်ရှိပြီး လာမည့် စက်တင်ဘာလ ၈ ရက်နေ့တွင် ခရိုင်တရားရုံးမှ အမိန့်ချမှတ်မည်ဖြစ်ကြောင်း အကျိုးဆောင်ရှေ့နေထံမှ သိရသည်။

Dawei Watch