Pages

Wednesday, September 10, 2014

တနင်္သာရီတိုင်းစည်ပင်ဝန်ထမ်း ဖွဲ့စည်းပုံအင်အား၏ သုံးပုံတစ်ပုံဝန်းကျင်သာရှိ

Displaying garbage  (24.6.13) Phoe Zaw (63).JPGDisplaying garbage  (24.6.13) Phoe Zaw (54).JPG
|Dawei Watch| ထားဝယ်၊ စက်တင်ဘာ ၉
တနင်္သာရီတိုင်းဒေသကြီးစည်ပင်သာယာရေးအဖွဲ့တွင် ၀န်ထမ်းခန့်ထားနိုင်မှု အားနည်းသည့်အတွက်  ဖွဲ့စည်းပုံအရ ရှိရမည့် ၀န်ထမ်းအင်အား၏ သုံးပုံတစ်ပုံဝန်းကျင်သာရှိကြောင်း တိုင်းဒေသကြီးအစိုးရအဖွဲ့ထံမှ သိရသည်။
စည်ပင်သာယာရေးဥပဒေအရ ၀န်ထမ်း ၁၁၁၄ ဦးခန့်ထားရမည်ဖြစ်သော်လည်း စည်ပင်သာယာရေးအဖွဲ့၏ အခွန်၊ အခ၊ အကောက်ငွေများဖြင့်သာ ၀န်ထမ်းများကို လစာပေးရသည့်အတွက် လက်ရှိအချိန်တွင် ၀န်ထမ်းစုစုပေါင်း ၃၃၄ ဦးကို သာခန့်ထားနိုင်ကြောင်း တိုင်းအစိုးရအဖွဲ့ဝင် စည်ပင်သာယာရေးဝန်ကြီး ဦးအောင်ကျော်ဦး ကပြောသည်။
“တခြားဌာနတွေမှာက ၀န်ထမ်းလစာကို ပြည်ထောင်စုဘတ်ဂျက်က ရတယ်။ စည်ပင်မှာကျတော့ အခွန်ထမ်းပြည်သူတွေက ရတဲ့ အခွန်အခတွေနဲ့ ၀န်ထမ်းကို ပြန်ခန့်ရတာပါ။ ဒါကြောင့် အင်အားအနည်းဆုံးနဲ့ အလုပ်ဖြစ်နိုင်တဲ့ ပမာဏလောက်ကိုပဲ ခန့်ထားရတယ်” ဟု စည်ပင်သာယာရေးဝန်ကြီး ဦးအောင်ကျော်ဦး ကဆိုသည်။
ဖွဲ့စည်းပုံတွင် ပါရှိသည့်အတိုင်း ၀န်ထမ်းကို အပြည့်ခန့်ထားပါက အခွန်ထမ်းပြည်သူထံမှ ရရှိသည့် အခွန်အခများကို ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ လုပ်ဆောင်ရာတွင် အားနည်းသွားမည်ဖြစ်သည့်အတွက် အနည်းဆုံးနှင့် အလုပ်ဖြစ်နိုင်သည့်ပမာဏကိုသာခန့်ထားရကြောင်း ၀န်ကြီးက ပြောသည်။
အခွန်ထမ်းပြည်သူများထံမှ ရရှိသည့် အခွန်များ၏ ၅၀ရာခိုင်နှုန်းကို ငွေလုံးငွေရင်း ရန်ပုံငွေအဖြစ် ထားရှိကာ လမ်း၊ တံတား စသည့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများတွင်အသုံးပြုပြီး ၄၅ ရာခိုင်နှုန်းကို စည်ပင်ဝန်ထမ်းများ၏ လစာအပါအ၀င် ရုံးလုပ်ငန်းနှင့် ပက်သက်သည့် အသုံးစရိတ်၊ ကျန် ၅ ရာခိုင်နှုန်း မြို့သာယာလှပရေးအတွက် အရန်အနေဖြင့် ထားရှိသည်ဟု စည်ပင်သာယာရေးဝန်ကြီးထံမှ သိရသည်။
“လက်ရှိ ၀န်ထမ်းအင်အားနဲ့က ဆောင်ရွက်ရမယ့် လုပ်ငန်းအားလုံးကို အကွက်စေ့၊ ထောင့်စေ့အောင် လုပ်နိုင်တဲ့ အပိုင်းမှာ အားနည်းသွားပါတယ်” ဟု ၎င်းက ဆိုသည်။
ထိုကြောင့် စည်ပင်သာယာရေးအဖွဲ့များအနေဖြင့် အခွန်အခတွေ ပိုမိုရရှိစေရန် တတ်နိုင်သမျှ စိစစ်လုပ်ဆောင်နေသည်ဟု ၀န်ကြီးက ပြောသည်။
အခွန်အခများ ပိုမိုရရှိအောင်လုပ်ဆောင်ရာတွင် လက်ရှိ အခွန်ထမ်းနေသည့် ပြည်သူများအား တိုးမြှင့်ကောက်ခံခြင်းမပြုလုပ်ဘဲ အခွန်ထမ်းဆောင်ရန် ကျန်ရှိနေသူများအား စိစစ်ကောက်ခံမည်ဟု ၀န်ကြီး ဦးအောင်ကျော်ဦးက ပြောသည်။
“အရင်က ဘယ်လောက်ထည့်ရလဲဆိုတာ မမှတ်မိတော့ဘူး။ ဒီနှစ်တော့ လေးသောင်းကျော် ထည့်လိုက်ရတယ်။ လေးသောင်းက များတယ်လို့ ထင်တယ်” ဟု ထားဝယ်မြို့ ၊ ရေးလမ်းမပေါ်ရှိ ကုန်စုံဆိုင်ရောင်းသူတစ်ဦးက ပြောသည်။
လက်ရှိတွင် တနင်္သာရီတိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့ ဖွဲ့စည့်ပုံအရ ခန့်ထားရန် လိုအပ်သည့် အရာထမ်း ၃၆ ဦးတွင် ၁၇ ဦး၊ အမှုထမ်း ၁၀၇၈ ဦးတွင် ၂၂၈ ဦး နှင့် နေ့စား ၀န်ထမ်း ၈၉ ဦး ကိုသာ ခန့်ထားနိုင်သေးကြောင်း သိရသည်။
Dawei Watch