Pages

Friday, September 5, 2014

အလုပ်ထုတ်ခံ သူဌေးကျွန်း အလုပ်သမားအရေး နေပြည်တော်ရောက်မှ ပြေလည်


Dawei Watch | ကော့သောင်း၊ စက်တင်ဘာ ၎
အလုပ်သမားများကို ကြိုတင်အကြောင်းကြားခြင်းမရှိဘဲ အလုပ်ထုတ်သဖြင့် တိုင်ကြားထားသော သူဌေးကျွန်းဟိုတယ်မှ အလုပ်သမား အရေးမှာ မြို့နယ်မှ တိုင်းအဆင့်ဆင့်တွင် ပြေလည်မှုမရှိဘဲ နေပြည်တော်ခုံသမာဓိ ကောင်စီထံတိုင်ကြားပြီးနောက် နောက်ဆုံး ပြေလည်မှုရရှိသွားကြောင်း အလုပ်သမားများကပြောကြားသည်။
အလုပ်သမား လေးဦးအား အလုပ်ထုတ်ပယ်ခဲ့ခြင်း အတွက် သက်တမ်းကြာမြင့်စွာ တာဝန်ထမ်းဆောင်ခဲ့သည့် အလုပ်သမားများအနေဖြင့် နစ်နာကြေးငွေ ၁၈ လစာ ခံစားခွင့်ပြုရန် လျှောက်ထားခဲ့ခြင်းဖြစ်ပြီး ခုံသမာဓိကောင်စီက နှစ်ဖက် တင်ပြချက်များကို သုံးသပ်ကာ အလုပ်သမားလေးဦးကို လစာငွေ၏ ၇ ဆခွဲဝန်းကျင်ရှိ နစ်နာကြေးပေးအပ်ရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။
အလုပ်သမားများမှာ နို့တစ်ကြေး တစ်လစာ၊ အလုပ်ရပ်စဲမှု နစ်နာကြေး ငါးလစာ၊ လစာနှင့် ၀န်ဆောင်မှုကြေး တစ်လစာ၊ တစ်နှစ်စာ ခွင့်ရက်ခံစားမှု ၂၅ ရက်စာ အသီးသီး ပေးအပ်ရန် ခုံသမာဓိကောင်စီက သြဂုတ်လ ၂၅ ရက်နေ့က ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။
ယခုကဲ့သို့ အငြင်းပွားမှုနှင့် ပတ်သက်ပြီး ခုံသမာဓိ ကောင်စီ၏ ဆုံးဖြတ်ချက် အပေါ် ကျေနပ်ကြောင်း နစ်နာကြေးငွေရရှိသော အလုပ်သမားများကဆိုသည်။
ခုံသမာဓိကောင်စီ၏ ဆုံးဖြတ်ချက် အရ ကိုအောင်ဇော်ဦး ၆၄၈၂၅ ဘတ် (ကျပ်ငွေ ၁၉ သိန်းကျော်)၊ ကိုဇေယျာစိုးက ၇၉၅၀၀ ဘတ် (ကျပ်ငွေ ၂၄ သိန်းနီးပါး)၊ ကိုပြည်စိုးနှင့် ကိုဌေးမြင့်တို့က ၅၃၈၂၅ ဘတ် (ကျပ်ငွေ ၁၆ သိန်းကျော်) အသီးသီး ရရှိခဲ့သည်။
၎င်းတို့၏ ရရှိငွေများကို ကော့သောင်းမြို့နယ် အလုပ်သမားဦးစီးဌာနရုံးတွင် စက်တင်ဘာလ ၂ ရက်နေ့ နေ့လယ်အချိန်တွင် မြိတ်မြို့နယ် အလုပ်သမား ဥပဒေအရာရှိ ဦးဌေးမြင့်က လာရောက် ပေးအပ်ခဲ့သည်။
အလုပ်သမားများလုပ်ခလစာ ပုံမှန်ရရှိရေး ဧပြီလအတွင်း ဆန္ဒပြတောင်းဆိုခဲ့ပြီးနောက် သုံးလအကြာ ယင်းအလုပ်သမား လေးဦးကို အလုပ်စည်းကမ်းနှင့် မညီဟုဆိုကာ အလုပ်မှ ထုတ်ပယ်ခဲ့ခြင်းဖြစ်သည်။ 
Dawei Watch