Pages

Friday, September 5, 2014

တိုင်း၊ခရိုင်၊မြို့နယ် အုပ်ချုပ်ရေးမှူးများကိုလူထု ရွေးချယ်ပိုင်ခွင့်ရှိရေး လယ်သမားဆန္ဒပြပွဲတွင်တောင်းဆို



 ဓာတ်ပုံ -Champion Win Kyaw(Facebook)
၊ ထားဝယ်၊ စက်တင်ဘာ ၅

တိုင်းဒေသကြီး၊ ခရိုင်နှင့် မြို့နယ်အုပ်ချုပ်ရေးမှူးများကို ပြည်သူလူထုမှ ရွေးချယ်ဖြုတ်ချပိုင်ခွင့်ရှိသည့် ဥပဒေပြဌာန်းပေးရန် လယ်မြေပြဿနာဖြေရှင်းပေးရေးအတွက် ထားဝယ်လယ်သမားများ တတိယအကြိမ်ဆန္ဒထုတ်ဖော်ရာတွင် အချက်တစ်ချက်အနေနှင့် တောင်းဆိုခဲ့သည်။

စက်တင်ဘာလ ၅ ရက်နေ့တွင် လယ်ယာမြေပြဿနာကိုတရားနည်းလည်းတကျဖြေရှင်းပေးရေး တတိယအကြိမ် ဆန္ဒထုတ်ဖော်ကြသည့် လယ်သမားများကထောင်ကျနေသည့်လယ်သမားလွှတ်ပေးရေး၊ လယ်ယာမြေပေါ်တွင် စီမံကိန်းအကောင်အထည်ဖော်မှုချက်ချင်းရပ်၊ ပုဒ်မ ၄၃၆ ပြင်ဆင်ရေးနှင့် အထက်ပါအတိုင်းအုပ်ချုပ်ရေးမှူးများကို ပြည်သူကရွေးချယ်ခန့်အပ်နိုင်သည့် ဥပဒေပြဌာန်းပေးရေးစသည်အချက်များကိုကြွေးကြော်သံများနှင့် ပိုစတာ၊ဆိုင်းဘုတ်များ ဖြင့် တောင်းဆိုခဲ့ကြသည်။

လယ်သမားများ၏ လယ်ယာမြေများကိုသိမ်းဆည်းထားသူများမှာ မြို့နယ်အုပ်ချုပ်ရေးမှူး၊ ခရိုင်အုပ်ချုပ်ရေးမှူးများဖြစ်ကာ ယင်းအုပ်ချုပ်ရေးမှူးများသည် လယ်သမားများ၏ ဘ၀ကိုညှာတာထောက်ထားမှုမရှိသည့်အတွက် ပြည်သူများကရွေးချယ်တင်မြှောက်နိုင်ပါက ပြည်သူများဖြစ်သည့် လယ်သမားများကိုလည်းအနိုင်ကျင့်မှုမျိုးပြုလုပ်တော့မည်မဟုတ်ဟု ဆန္ဒထုတ်ဖော်ရာတွင် ပါဝင်သူ ဒေါ်ရီရီထွေးကဆိုသည်။

“မြေသိမ်းတဲ့ ကောလိပ်တော်အရာရှိ (ခရိုင်အုပ်ချုပ်ရေးမှူး) က လူတွေ ရွေးချယ်ထားတဲ့သူမဟုတ်ဘူး။ နင်တို့ဘာပဲလုပ်လုပ် ငါတို့ဘယ်တော့မှ မပြုတ်ဘူးဆိုတဲ့ သဘောထားတွေ သူတို့မှာရှိတယ်။ အဲဒါကြောင့် ပြည်သူလူထုကတင်မြှောက်၊ ဖြုတ်ချနိုင်အောင် အဲဒီလိုတောင်းဆိုရတာပါ” ဟုဒေါ်ရီရီထွေးကပြောသည်။

ယင်းသို့ ဥပဒေပြဌာန်းပေးနိုင်ရန်အတွက် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ပြီးမှသာ ပြဌာန်းနိုင်မည်ဖြစ်သည့်အတွက် ယင်းအခြေခံဥပဒေကို ပြင်ဆင်နိုင်ရန် ပုဒ်မ ၄၃၆ ကိုပြင်ဆင်ပေးရေးကိုတောင်းဆိုရခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။

“ဖြစ်နိုင်ပါတယ်။ ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေကိုတောင်ပြည်သူက ရွေးချယ်သေးတာပဲ။ အဲဒီဥပဒေပြဌာန်းဖို့ကို လွှတ်တော်ထဲမှာအဆိုတင်သွင်းဖို့ ကြိုးစားနေပါတယ်” ဟု လောင်းလုံးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်စိုးက ပြောသည်။

လယ်ယာမြေပြဿနာကိုတရားနည်းလမ်းတကျဖြေရှင်းပေးရေးအတွက် လယ်သမားအမျိုးသမီးအင်အား ၃၀ ခန့်ဖြင့် စက်တင်ဘာလ ၅ ရက်နေ့ နံနက် ၈ နာရီမှ ၁၀ နာရီအထိ ထားဝယ်မြို့တွင်းတွင် လှည့်လည် ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

ထားဝယ်မြို့ ကမြောကင်းလမ်းရှိသိမ်းဆည်းခံလယ်ယာမြေကိစ္စတွင် ပြည်ထဲရေးဝန်ကြီးဌာနမှ ရသင့်ရထိုက်သူများကို အိမ်ရာမြေကွက်များ ပြန်လည်နေရာချထားပေးခဲ့ပြီး ဖြစ်ကြောင်း ပုဇွန်တောင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်က ပြည်သူ့လွှတ်တော် ဒဿမပုံမှန်အစည်းအဝေးတွင် မေးမြန်းမှုကို ဖြေကြားခဲ့သော်လည်း အောက်ခြေတွင်မူ အမှန်တကယ် လယ်လုပ်နေသည့် လယ်သမားများအနေဖြင့် ဆန္ဒဖော်ထုတ်နေရဆဲဖြစ်သည်ဟု လယ်သမားများက ပြောသည်။

အစိုးရမှ မြို့ပြစီမံကိန်းကို အကောင်အထည်ဖော်နေသည့် လယ်ယာမြေများမှ အမျိုးသားလယ်သမား ၁၀ ဦး ထောင်ကျပြီးနောက် ယင်းမြေများပေါ်တွင် မြေတိုင်းတာခြင်း၊ ကွင်းဆင်းစစ်ဆေးခြင်းနှင့် စီမံကိန်းအကောင်အထည်ဖော်မှုများကို လုပ်ဆောင်လာသည့်အတွက် ရှိသည့်လယ်သမားအင်အားဖြင့် ဆန္ဒထုတ်ဖော်ရန် စီစဉ်ရခြင်းဖြစ်ကြောင်း ဒေါ်ရီရီထွေးက ရှင်းပြသည်။

“အမျိုးသားတွေက ထောင်ကျနေတယ်”ဟု ၎င်းက ဆိုသည်။

ထားဝယ်လယ်သမားများသည် ၂၀၁၃ ခုနစ် နိုဝင်ဘာလ ၁၁ ရက်နေ့နှင့် ၂၀၁၄ ခုနစ် ဇန်န၀ါရီလ ၁၇ နေ့ရက်နေ့တို့တွင် ဆန္ဒနှစ်ကြိမ်ထုတ်ဖော်ခဲ့ဖူးသည်။

အစိုးရမှ သိမ်းဆည်းထားသည့် လယ်ယာမြေပေါ်တွင် မြို့ပြစီမံကိန်း အကောင်အထည်ဖော်မှုကို တားဆီးသည်ဟုဆိုကာ တရားစွဲခံရသည့် လယ်သမား ၁၉ ဦးအနက် အမျိုးသားလယ်သမား ၁၀ ဦးကို အလုပ်ကြမ်းနှင့်ထောင်ဒဏ် ၁၅ ရက်အပါအ၀င် ထောင်ဒဏ်အသီးသီးချမှတ်ခဲ့ပြီး အမျိုးသမီးလယ်သမား ၉ ဦးကို ငွေဒဏ်အသီးသီးကို ဇူလိုင်လ ၁၆ ရက်နေ့က ထားဝယ်မြို့နယ် တရားရုံးက အမိန့်ချခဲ့သည်။

ယင်းအမှုကို လယ်သမားများ၏ အကျိုးဆောင်ရှေ့နေမှ ခရိုင်တရားရုံးတွင် အယူခံဝင်လျက်ရှိပြီး လာမည့် စက်တင်ဘာလ ၈ ရက်နေ့တွင် ခရိုင်တရားရုံးမှ အမိန့်ချမှတ်မည်ဖြစ်ကြောင်း အကျိုးဆောင်ရှေ့နေထံမှ သိရသည်။

Dawei Watch