Pages

Friday, September 26, 2014

မြို့သစ်စီမံကိန်းအဆို ပြန်ရုပ်သိမ်းကြောင်း ကြေညာ



ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က တင်သွင်းထားတဲ့ ရန်ကုန်မြို့သစ်စီမံကိန်း အဆိုကို ပြန်လည်ရုပ်သိမ်းကြောင်း ရန်ကုန်မြို့တော်ဝန်က တိုင်းလွှတ်တော်မှာ ကြေညာလိုက်ပါတယ်။

မြို့သစ်စီမံကိန်းအကြောင်း လွှတ်တော်အမတ် ၁၂ ဦးက ရန်ကုန်တိုင်းအစိုးရကို မေးမြန်း ဆွေးနွေးရန် အစီအစဉ် မစမီ ရန်ကုန်မြို့တော်ဝန်က အဲဒီကြေညာချက်ကို ဖတ်ကြားခဲ့တာ ဖြစ်ပါတယ်။

စက်တင်ဘာ ၂၅ ရက်နေ့က ပြုလုပ်တဲ့ ရန်ကုန်တိုင်းအစိုးရအဖွဲ့ရဲ့ အစည်းအဝေးဆုံးဖြတ် ချက်အရ ရန်ကုန်မြို့သစ်စီမံကိန်းကို ဆိုင်းငံ့လိုက်ပြီး တိုင်းလွှတ်တော်ကို စက်တင်ဘာ ၂၂ ရက်နေ့က တင်သွင်းထားတဲ့ ရန်ကုန်မြို့သစ်စီမံကိန်းအဆိုကို ပြန်ရုပ်သိမ်းကြောင်း ရန်ကုန်မြို့တော်ဝန် ဦးလှမြင့်က ပြောကြားခဲ့တာပါ။

စီမံကိန်းရပ်ဆိုင်းလိုက်တာနဲ့ ပတ်သက်ပြီး သတင်းထောက်တွေ မေးမြန်းပေမယ့် အသေးစိတ် အကြောင်းပြချက်ကို မြို့တော်ဝန်က ပြန်လည်ဖြေဆိုတာတော့ မရှိပါဘူး။

အဲဒီ စီမံကိန်း လွှတ်တော်မှာဆွေးနွေးဖို့ ရုပ်သိမ်းလိုက်တာနဲ့ ပတ်သက်ပြီး လွှတ်တော်အမတ်တွေကြားမှာတော့ အမြင်အမျိုးမျိုး ရှိကြပါတယ်။
တိုင်းဒေသကြီးလွှတ်တော်အမတ် ဒေါက်တာညိုညိုသင်းက “လွှတ်တော်နည်းဥပဒေ မှာရှိတဲ့ ပုဒ်မ ၃၂(ဋ)မှာ ဘာပြောထားလဲ ဆိုတော့ ဥက္ကဋ္ဌကြီးက လွှတ်တော်မှာ ဆွေးနွေးဆဲအကြောင်းအရာနဲ့ ပတ်သက်ပြီးတော့ ရပ်ဆိုင်းဖို့အတွက်။ ရွှေ့ဆိုင်းဖို့ လုပ်နိုင်တယ်ဆိုတော့။ အန်တီက အဲဒီ အာဏာကို သုံးပေးပါဆိုပြီး တင်ထားလိုက်တယ်လေ။ နောက်ပြီး အစိုးရအဖွဲ့ကို မေးခွန်း ၁၇ ခု ပို့ခဲ့လိုက်တယ်။ အဲဒီ မေးခွန်း ၁၇ ခုကို ဖြေပေးပါဆိုပြီးတော့ စီမံကိန်းနဲ့ ပတ်သက်တဲ့မေးခွန်းတွေ ပို့ခဲ့တယ်ပေါ့။ အဲဒီတော့ အစိုးရအဖွဲ့က မေးခွန်း ၁၇ ခုလည်း သေသေချာချာ ဖတ်တယ် ထင်ပါတယ်။ သူတို့ အစည်းအဝေးမှာ စဉ်းစားတယ် ထင်ပါတယ်။ အခု ဥက္ကဋ္ဌကြီးက ခွင့်ပြုလိုက်တယ်ဆိုတော့ ဒါအားလုံးအတွက် မင်္ဂလာသတင်းပေါ့” လို့ ပြောပါတယ်။

ဒါပေမယ့် ဈေးနှုန်း အဆမတန်မြင့်မားနေတဲ့ ရန်ကုန်မြို့ရဲ့ အိမ်ခြံမြေဈေးနှုန်းကို ရန်ကုန်တိုင်းအစိုးရအဖွဲ့အနေနဲ့ သေသေချာချာ မထိန်းချုပ်နိုင်ပေမယ့် စီမံကိန်း ဆိုင်းငံ့လိုက်တယ် ဆိုတဲ့အတွက် အိမ်ခြံမြေဈေးကွက်ကိုတော့ သိသိသာသာ လှုပ်ခတ်လာနိုင်တယ်လို့ သုံးသပ်သူတွေ ရှိနေပါတယ်။

ကြည့်မြင်တိုင်မြို့နယ် မဲဆန္ဒနယ် အမှတ် (၁) တိုင်းဒေသကြီးလွှတ်တော်အမတ် ဒေါ်ကြည်ကြည်မာက “မြေဈေးတွေ တန့်သွားတာကတော့ သူတို့ရဲ့ တကိုယ်ရည် လောဘတရားကြောင့် ဝယ်ကြ ခြမ်းကြတာတော့ သူတို့ အပေးမှာပဲ မူတည်တယ်။ အန်တီတို့က ပိုင်ဆိုင်မှု ဒီဘက်မှာလည်း မရှိဘူး။ ဘာမှလည်း ဝယ်ထားတာ မရှိဘူး။ ဒီအပေါ်မှာ ဘာမှ မပြောလိုဘူး။ ပြောချင်တာကတော့ ကိုယ့်ဒေသ ဖွံ့ဖြိုးတိုးတက်ဖို့ပဲ။ ဘယ်ကုမ္ပဏီ လုပ်တာလဲ စိတ်မဝင်စားဘူး။ ကောင်းတဲ့ ကုမ္ပဏီလုပ်။ လုပ်လို့ ကိုယ့်ဒေသကြီး ဖွံ့ဖြိုးတိုးတက်ရင် အန်တီက ကျေနပ်တယ်”လို့ ဆိုပါတယ်။

ရန်ကုန်တိုင်းအစိုးရအဖွဲ့အနေနဲ့ မြို့တော်ဖွံ့ဖြိုးရေးစီမံကိန်း Conceptual Plan ကို ဂျပန် နိုင်ငံတကာပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ(ဂျိုက်ကာ) အကူအညီနဲ့ ရေးဆွဲနေချိန်မှာ မြန်မာ့စေတနာမြို့သစ် အများပိုင်ကုမ္ပဏီက ရန်ကုန်မြို့အနောက်ဘက်က ဧက ၃ သောင်းပေါ်မှာ မြို့သစ်ဆောက်ဖို့ ကမ်းလှမ်းခဲ့တာဟာ နိုင်ငံတော်ဘဏ္ဍာငွေကို လျှော့ချပြီး ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးမှုဆိုတဲ့ မူဝါဒနဲ့ ကိုက်တာကြောင့် လက်ခံခဲ့တာ ဖြစ်တယ်လို့ ရန်ကုန်မြို့တော်ဝန်က စက်တင်ဘာလ ၂၂ ရက်နေ့က ပြောဆိုခဲ့ဖူးပါတယ်။

အဲဒီ စီမံကိန်း အကောင်အထည်ဖော်မယ်လို့ သတင်းတွေ ထွက်ပေါ်လာပြီးနောက် အဲဒီဒေသက မြေဈေးတွေဟာ နေရာအကွက်အကွင်းပေါ် မူတည်ပြီးတော့ ၁ ဧကကို ကျပ်သိန်းထောင်ချီထိ အမြင့်ဆုံးဈေးပေါက်ခဲ့ပါတယ်။

By ကျော်ဇေယျာဝင်း (ဒီဗွီဘီ)
http://burmese.dvb.no/archives/66127