Pages

Wednesday, September 24, 2014

နိုင်ငံရေးလမ်းပြမြေပုံ သဘောတူညီချက် မရသေးဘူးလို့ NCCT ပြော

 

24 September 2014 

တစ်နိုင်ငံလုံး အပစ်ခတ် ရပ်စဲရေး ဆိုင်ရာ စာချုပ်ထဲမှာ ပါတဲ့ “နိုင်ငံရေး လမ်းပြမြေပုံ” နဲ့ပတ်သက်ပြီး ပြည် ထောင်စု ငိမ်းချမ်းရေး ဖော်ဆောင်မှု လုပ်ငန်း ကော်မတီ UPWC နဲ့ အပစ်ခတ်ရပ် စဲရေး ဆိုင်ရာ ညှိနှိုင်း ရေး အဖွဲ့ NCCT တို့အကြား တိကျတဲ့ သဘော တူညီမှု မရရှိ သေးကြောင်း NCCT အဖွဲ့ဝင်တွေက ပြောပါ တယ်။

ဒီကနေ့ ရန်ကုန်မြို့ မြန်မာငြိမ်းချမ်းရေးစင်တာမှာ NCCT နဲ့ UPWC တို့ရဲ့ တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး စာချုပ်ချုပ်ဆိုရေး ဆွေးနွေးပွဲတတိယနေ့အပြီးမှာ NCCT အဖွဲ့ဝင် ဒေါက်တာ ဆလိုင်းလျံမှုန်း ဆာခေါင်က အခုလိုပြောခဲ့တာပါ။

"ဒီနေ့ဟာ ကျနော်တို့ တော်တော်များများ ဆွေးနွေးတယ်၊ တိကျသော သဘောတူညီချက်တော့ မရသေးဘူး၊ စိစစ်ဆွေးနွေးနိုင်ဖို့အတွက် ကျနော်တို့ အများကြီးလမ်းဖွင့်ထားပါတယ်၊ သို့သော် တချို့နေရာမှာတော့ နည်းနည်းပါးပါး နောက်ကြောင်းပြန်ပြီးတော့ ဆွေးနွေးနေတာလည်း အများကြီးရှိတယ်၊ တစ်နိုင်ငံလုံး အပစ်အခက်ရပ်စဲရေးသဘောတူစာချုပ်မှာ ကျနော်တို့ ဖော်ပြချင်တဲ့ နိုင်ငံရေးတွေ့ဆုံဆွေးနွေးရေး လမ်းပြမြေပုံကိစ္စတွေလည်း ကျနော်တို့ အသစ်လိုလို ပြန်ဆွေးနွေးတာလည်း တွေ့ရပါတယ်"

ဒီကနေ့ ဆွေးနွေးပွဲမစတင်ခင်မှာ NCCT အဖွဲ့ဟာ တပ်မတော်ကိုယ်စားလှယ်တွေ၊ ပြည်ထောင်စု ၀န်ကြီး ဦးအောင်မင်းတို့နဲ့ သီးသန့်တွေ့ဆုံခဲ့ပါတယ်။

အဲ့ဒီလိုတွေ့ဆုံရာမှာ တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးဆွေးနွေးပွဲ နောက်ကြောင်းပြန်မလှည့်သွားဖို့ ညှိနှိုင်းခဲ့ကြတယ်လို့ ဒေါက်တာ ဆလိုင်းလျံမှုန်းဆာခေါင်က ပြောပါတယ်။

"ကျနော်တို့အနေနဲ့က ဒီဆွေးနွးပွဲကို ကျနော်တို့တွေက နှစ်ဖက်စလုံးကလုံးကနေပြီးတော့ ကြိုးကြိုးစားစားနဲ့ပေါ့နော်၊ စိတ်ရှည်ရှည်ထားပြီးတော့ ကျနော်တို့ဆွေးနွေးကြဖို့ နောက်ကြောင်းပြန်မလှည့်ဖို့၊ နောက်ကြောင်းပြန်မလှည့်ဖို့ အပစ်အခတ်ရပ်စဲရေး စာချုပ်ချုပ်ပြီးတော့ နိုင်ငံရေးတွေ့ဆုံဆွေးနွေးဖို့အတွက် လိုအပ်တယ်ဆိုတဲ့ဟာကို ကျနော်တို့အနေနဲ့ ညှိနှိုင်းကြတာ၊ သဘောတူကြတာဖြစ်ပါတယ်"

တပ်ပိုင်းဆိုင်ရာနေရာချထားရေးကိစ္စတွေနဲ့ပတ်သက်ပြီး အသေးစိတ်မဆွေးနွေးရသေးကြောင်း လည်း သိရပါတယ်။

ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်မှု လုပ်ငန်းကော်မတီ UPWC နဲ့ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းဆောင်ရွက်ရေးအဖွဲ့ NCCT တို့ဟာ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး စာချုပ်ချုပ်ဆိုနိုင်ဖို့အတွက် လာမယ့် စက်တင်ဘာလ ၂၆ရက်နေ့အထိ ဆွေးနွေးဖို့ စီစဉ်ထားတာဖြစ် ပါတယ်။

RFA Burmese