Pages
▼
Saturday, October 25, 2014
စတိုးဆိုင်ပိုင်ရှင်အား ဓါးဖြင့်ထောက်ကာ ငွေနှင့်ပစ္စည်းများ လုယက်မှုဖြစ်
ရန်ကုန်၊ အောက်တိုဘာ ၂၅
၂၄.၁၀.၂၀၁၄ရက်နေ့ ၀၃၁၅အချိန် အင်းစိန်မြို့နယ်၊ အောင်ဆန်းရပ်ကွက်၊ အောက် မင်္ဂလာဒုံ လမ်းနေ ဦးမျိုးသွင်မှ ၎င်းသည် နေအိမ်တွင်(၂၄)နာရီဖွင့်လှစ် ထားသော စတိုးဆိုင်၌ ဈေးရောင်းနေစဉ် အသက် (၃၀)နှစ် ၀န်းကျင်ခန့်ရှိ အမျိုးသား (၃)ဦးမှ ဆိုင်အတွင်းသို့ ရောက်ရှိလာပြီး ဘီယာဝယ်လိုကြောင်း ပြောသဖြင့် ၎င်းမှ ရေခဲသေတ္တာ အတွင်းရှိ ဘီယာဗူးအား လှည့်၍ ယူခဲ့ကြောင်း၊ ထိုစဉ် အဆိုပါ အမျိုးသား (၃)ဦးမှ ၎င်း၏ လည်ပင်းနှင့် နံကြားသို့ ဓါးဖြင့်ထောက်ကာ အော်ဟစ်ပါက ဓါးဖြင့် ထိုးမည်ဟု ခြိမ်းခြောက်၍ ပါးစပ်အား တိပ်အဝါဖြင့် ကပ်ပိတ်ပြီး လက်နှစ်ဖက်အားလည်း နောက်ပြန်ကပ်ချည် ခဲ့ကြောင်း၊ ထို့နောက် ဆိုင်ကောင်တာ အတွင်းရှိ ငွေကျပ်(၄)သိန်း၊ တယ်လီနောဆင်းကတ် (၂၄)ကတ်၊ Portable TV (၁)လုံး၊ အင်ဗာတာနှင့် ဘက္ထရီ (၁)လုံး၊ မုန့်ခြင်း (၁)ခြင်း၊ ပဲနို့ (၁)ဖာ၊ ကျွဲရိုင်း (၁)ဖာ၊ Black Label (၁)လုံး၊ Red Label (၁)လုံး၊ စုစုပေါင်း တန်ဖိုးငွေကျပ် (၇၁၅၀၀၀)တို့အား ယူဆောင် ပြီးနောက် ၎င်းအား နေအိမ် နောက်ခန်း အတွင်းသို့ ခေါ်ဆောင်လှဲချကာ ရှပ်အင်္ကျီစဖြင့် ဦးခေါင်းအား အုပ်ချည်ပြီး ခြေထောက်ကိုလည်း ချည်နှောင်၍ ဆိုင်အတွင်းမှထွက်ပြေး သွားခဲ့ကြကြောင်းနှင့် ထိုသို့ ဓါးဖြင့်ထောက်ကာ ငွေနှင့်ပစ္စည်းများ ယူဆောင်သွားသူ အမျိုးသား(၃)ဦးအား စုံစမ်း အရေးယူပေးရန် တိုင်တန်းလာခဲ့ကြောင်း သိရှိရပါသည်။
တိုင်တန်းချက်အရ ဓါးဖြင့်ထောက်ကာငွေနှင့် ပစ္စည်းများ လုယက်ယူဆောင်သွားသူ အမျိုးသား(၃)ဦး အား အင်းစိန်မြို့မရဲစခန်း(ပ)၁၁၀၆/၂၀၁၄၊ ပြစ်မှု ပုဒ်မ ၃၉၂ ဖြင့် အမှုဖွင့်လှစ်ပြီး ဖမ်းဆီးရမိရေးစုံစမ်း ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။
Yangon Police
https://www.facebook.com/yangonpolice