Pages

Thursday, October 16, 2014

အိမ်အကူကို ကိုယ်အင်္ဂါထိခိုက်အောင် ရိုက်နှက်သည်ဟုဆိုသည့် မြောက်ဥက္ကလာပဆေးရုံကြီးမှ ဆရာဝန်မိသားစုအား သက်ဆိုင်ရာက ခေါ်ယူစစ်ဆေးနေ


မင်္ဂလာဒုံမြို့နယ် ထောက်ကြန့်တွင် အိမ်အကူမိန်းကလေးတစ်ဦးအား ကိုယ်အင်္ဂါထိခိုက်အောင် ရိုက်နှက်သည်ဟုဆိုသည့် ဆရာဝန်မိသားစုအား ခေါ်ယူစစ်ဆေးနေပြီ ဖြစ်ကြောင်း ထောက်ကြန့်နယ်မြေရဲစခန်းမှ အောက်တိုဘာ ၁၄ ရက်က သိရသည်။

“အမှုဖွင့်ခံထားရတဲ့ ဆရာဝန်မိသားစုကို ခေါ်ယူစစ်ဆေးနေပါပြီ။ အခြားစစ်ဆေးစရာလေးတွေကို စစ်ဆေးပြီးသွားရင်တော့ တရားစွဲဆိုနိုင်ဖို့အတွက် လာမယ့်အပတ်ထဲမှာ ဥပဒေအကြံပေး တောင်းခံသွားဖို့ရှိပါတယ်”ဟု ထောက်ကြန့်နယ်မြေရဲစခန်း မှ ရဲအရာရှိတစ်ဦးက ဆိုသည်။

ဖြစ်စဉ်မှာ ၂၀၁၃ ခုနှစ် ဇန်န၀ါရီလခန့်တွင် မြန်အောင်မြို့နယ် ဇလုပ်ကြီးအုပ်စု ကန့်ဘလူကျေးရွာနေ မ....(၁၄နှစ်) သည် ဒေါ်--၏ အဆက်အသွယ်ဖြင့် ရန်ကုန်တိုင်း မင်္ဂလာဒုံမြို့နယ် ပုလဲ(၃)ရပ်ကွက်ရှိ ဆရာဝန်မိသားစုအိမ်တွင် အိမ်အကူလုပ်ရန် ရောက်ရှိလာခဲ့ပြီး တစ်လကျော်ခန့်အကြာ နောက်ပိုင်းတွင် အိမ်ရှင်နှင့်ဆရာဝန်ဖြစ်သည့် ၎င်း၏သမီးနှင့် သမက်တို့က မ....(၁၄ နှစ်)အား ဟင်းခိုးစားသည်ဟုဆိုကာ မျက်နှာအား ယောင်းမ၊ ငရုတ်ကျည်ပွေ့တို့ဖြင့် ထုရိုက်ခြင်း၊ အ၀တ်လျှော်သည့်အခါ မပြောင်ဟု ဆိုသည့်အခါ၊ စိတ်တိုင်းမကျသည့်အခါများတွင်လည်း ၀ါးရင်းတုတ်၊ တံမြက်စည်းတို့ဖြင့်လည်း ရိုက်နှက်ခဲ့ကြောင်း မ....(၁၄ နှစ်)က ဆိုသည်။

ထို့အပြင် ရိုက်နှက်ခံရ၍ လက်များတွင် ပေါက်ပြဲ၊ ရောင်ရမ်းဒဏ်ရာများ ရရှိနေစဉ်တွင်လည်း အိမ်ရှင်ဖြစ်သူ ဒေါ်နုနုစိန်ဆိုသူ၏သမီး ဆရာဝန် မသဉ္ဇာစိုးဆိုသူက ၎င်းကလေး၏အနှီးများကို လျှော်ဖွတ်ခိုင်းခဲ့ပြီး ရေညစ်၍ လက်များက ထွက်သောသွေးများ က အနှီးများကို ပေသည်ဆိုကာ ရေနွေးဖြင့် ပြုတ်လျှော်ခိုင်းခဲ့ကြောင်း၊ ရေနွေးဆူသည့်အခါတွင်လည်း အိုးထဲသို့အနှီးအားစိမ်ခိုင်းပြီး မ....(၁၄ နှစ်) ၏လက်ကိုလည်း လက်တွင် ပိုးများရှိသည်ဟုဆိုကာ လက်ကိုပါစိမ်ခိုင်းကာ နှိပ်စက်ခဲ့ကြောင်း မ....(၁၄ နှစ်)၏ ပြောပြချက်အရ သိရသည်။

အိမ်ရှင် ဒေါ်နုနုစိန်ဆိုသူ၏ သမီးနှင့် သမက်တို့မှာ မြောက်ဥက္ကလာပဆေးရုံကြီးတွင် အလုပ်လုပ်ကိုင်နေကြသူများဖြစ်ကြောင်း မ....(၁၄ နှစ်)၏ မိသားစုများထံမှ သိရသည်။  ထောက်ကြန့်နယ်မြေရဲစခန်းက စက်တင်ဘာလက အမှုဖွင့်ခဲ့ခြင်းဖြစ်သည်။
 မင်းသိန်းနိုင် Eleven Media Group