Pages

Friday, October 17, 2014

လိုင်စင်မဲ့ကား အခကြေးငွေယူ သယ်ယူသူများတွင် ရဲတပ်ဖွဲ့ဝင်နှင့် တိုင်းရင်းသား လက်နက်ကိုင်များ ပါနေ

လိုင်စင်မဲ့ကား အခကြေးငွေယူ သယ်ယူသူများတွင် ရဲတပ်ဖွဲ့ဝင်နှင့် တိုင်းရင်းသား လက်နက်ကိုင်များ ပါနေ
မော်လမြိုင်၊ အောက်တိုဘာ ၁၆
မွန်ပြည်နယ် ကျိုက်ထိုမြို့တွင် အောက်တိုဘာလ ၄ ရက်နေ့တွင် လိုင်စင်မဲ့ကား ၄ စီး ဖမ်းမိခဲ့ရာ  ၂ စီးမှာ ရဲတပ်ဖွဲ့ဝင်နှင့် တိုင်းရင်းသား လက်နက်ကိုင်တပ်သား မောင်းနှင်လာသည့် ယာဉ်များဖြစ်ကြောင်း ကျိုက်ထိုမြို့မ ရဲစခန်းမှ သိရသည်။
ဖြစ်စဉ်မှာ အောက်တိုဘာ ၁၄ ရက်နေ့က ကျိုက်ထိုမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် ကော့စံနိုင်ရပ်ကွက် အထက (၂) ရှေ့ မော်လမြိုင်-ရန်ကုန်ကားလမ်းပေါ်၌ မော်တော်ယာဉ်များအား စစ်ဆေးရှာဖွေမှုပြုလုပ်စဉ် ဘားအံမြို့နယ်ဘက်မှ ရန်ကုန်ဘက်သို့ မောင်းနှင်လာသည့် လိုင်စင်မဲ့ မော်တော်ယာဉ် ၄ စီးကို ဖမ်းဆီးရမိခဲ့ကြောင်း အထက်ပါ ရဲစခန်းမှ သိရသည်။
ဖမ်းမိသည့် ယာဉ် ၄ စီးအနက် တစ်စီးကို သုဓမ္မဝတီနယ်မြေရဲစခန်းမှ ဒုတပ်ကြပ်တစ်ဦးက မောင်းနှင်လာပြီး နောက်တစ်စီးမှာ KNU/KNLA-PC မှ တပ်သားတစ်ဦးမောင်းနှင်လာကြောင်း သိရသည်။
ယင်းလိုင်စင်မဲ့ မော်တော်ယာဉ်များကို အခကြေးငွေယူကာ သယ်ယူမောင်းနှင်လာခြင်းဖြစ်ပြီး ဒုတပ်ကြပ်မောင်းနှင်သည့် ကားအပါအ၀င်သုံးစီးမှာ တစ်စီးလျှင် ကျပ် ၅ သိန်းဖြင့် ဘားအံမှ မန္တလေးသို့ ပို့ဆောင်ပေးခြင်းဖြစ်ပြီး KNU/KNLA-PC  မှ တပ်သားမောင်းနှင်သည့် ကားမှာ မြ၀တီမှ မန္တလေးသို့ အခကြေးငွေယူကာ သယ်ယူမောင်းနှင်လာခြင်းဖြစ်ကြောင်း အထက်ပါ ရဲစခန်းမှ သိရသည်။
လက်ရှိတွင် ဖမ်းဆီးရမိသူများကို  ကျိုက်ထိုမြို့မရဲစခန်းမှ ပို့ကုန် သွင်းကုန်ဥပဒေပုဒ်မ ၈ အရ အသီးသီးအမှုဖွင့် စစ်ဆေး လျက်ရှိကြောင်း သိရသည်။
အောက်တိုဘာ ၁၃ ရက်နေ့ကလည်း မော်လမြိုင်မြို့ ဒိုင်းဝန်ကွင်းရဲစခန်းမှ လိုင်စင်မဲ့မော်တော်ယာဉ် ၃ စီး ဖမ်းဆီးရမိခဲ့ကြောင်း ဒိုင်းဝန်ကွင်းရဲစခန်းမှ သိရသည်။
မွန်ပြည်နယ်တွင် လိုင်စင်မဲ့မော်တော်ယာဉ်များကို ပြည်နယ် အစိုးရအဖွဲ့၏ ညွှန်ကြားချက်ဖြင့် စီမံချက်ချ ဖမ်းဆီးလျက်ရှိရာ ၂၀၁၄ ခုနှစ် ဇန်နဝါရီလမှ သြဂုတ်လ ၁၀ ရက်နေ့ထိ လိုင်စင်မဲ့မော်တော်ယာဉ် ၂၈၉ စီး ဖမ်းဆီးရမိထားကြောင်း မွန်ပြည်နယ် အစိုးရအဖွဲ့ထံမှ သိရသည်။
Dawei Watch