Pages

Thursday, October 23, 2014

တစ်လကျော်ကြာပျောက်နေပြီး စစ်တပ်ကဖမ်းထားသည်ဟုသတင်းထွက်ပေါ်နေသော အလွတ်သတင်းထောက် ကိုပါကြီးကိစ္စ ကာကွယ်ရေးဝန်ကြီးဌာနထံမေးပေးမည်ဟု ဦးရဲထွဋ်ဆို

  October 22, 2014 ရန်ကုန်
တစ်လကျော်ကြာပျောက်ဆုံးနေပြီး စစ်တပ်ကဖမ်းဆီးထားသည်ဟု သတင်းများထွက်ပေါ်နေသော အလွတ်သတင်းထောက် ကိုပါကြီး (ခ) ကိုအောင်ကျော်နိုင်၏ဖြစ်စဉ်အား ကာကွယ်ရေးဝန်ကြီးဌာနထံ မေးမြန်းပေးမည်ဟု ဦးရဲထွဋ်ကပြောကြားသည်။

အောက်တိုဘာ ၂၁ ရက်က ရန်ကုန်မြို့၊ ၃၆လမ်း မြန်မာဂျာနယ်လစ်ကွန်ရက်ရုံးခန်းတွင် သတင်းထောက်များနှင့်တွေ့ဆုံရာ၌ သတင်းထောက်တစ်ဦး၏ ယင်းကိစ္စရပ်အပေါ်မေးမြန်းကို ပြန်ကြားရေးဝန်ကြီးက ပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။

"ကျွန်တော်ကတော့ ဒီဟာဖြစ်တဲ့အချိန် ပြည်ပရောက်နေတာပေါ့လေ။ ဒါပေမဲ့ အခုပြန်ရောက်တဲ့အခါကျတော့ ခုနကိုမြင့်ကျော်တို့ကလည်း အဲဒီကိစ္စပြောပါတယ်။ ကျွန်တော်တို့လည်း ဒါကိုပြန်ကြားရေးဝန်ကြီးဌာနအနေနဲ့ ကာကွယ်ရေးဝန်ကြီးဌာနကို အဲဒီတိုက်ပွဲဖြစ်ရာဒေသမှာ မသင်္ကာဖွယ်ရာတွေ့ရှိလို့ ဖမ်းဆီးထားတာ ရှိ၊ မရှိ ဒါကိုလည်း ကျွန်တော်တို့မေးပေးပါ့မယ်။ ဒီနေ့မနက်မှပြန်ရောက်တော့ မနက်ဖြန်ကျမှ နေပြည်တော်ကိုရောက်မှ ဒီကိစ္စကိုဆက်ပြီးတော့ ဆောင်ရွက်ပေးပါ့မယ်" ဟု ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးရဲထွဋ်က အောက်တိုဘာ ၂၁ ရက်တွင် ပြောကြားခဲ့သည်။

ထို့ပြင် အောက်တိုဘာ ၂၁ ရက်တွင်ပင် ပျောက်ဆုံးနေသော အလွတ်သတင်းထောက် ကိုအောင်ကျော်နိုင် (ခ) ကိုပါကြီး၏ဇနီးက ရန်ကုန်မြို့တွင် သတင်းစာရှင်းလင်းပွဲတစ်ခုကျင်းပခဲ့ရာ တစ်လကျော်ကြာပျောက်ဆုံးနေသော ခင်ပွန်းအတွက် တစ်ပတ်အတွင်းထူးခြားမှုမရှိပါက ဖမ်းဆီးရာတွင်ပါဝင်သူများကို တရားစွဲဆိုသွားမည်ဟုလည်း ယင်းသတင်းစာရှင်းလင်းပွဲတွင် ပြောကြားထားသည်။

ပျောက်ဆုံးနေသော အလွတ်သတင်းထောက်ဆိုသူမှာ DKBA လက်နက်ကိုင်တိုင်းရင်းသားအဖွဲ့နှင့် ပတ်သက်မှုရှိသည်ဟုဆိုကာ ကျိုက်မရောမြို့ ၂၀၈ တပ်ရင်းမှ
 တာဝန်ရှိသူများ၊ မွန်ပြည်နယ် နယ်/လုံဝန်ကြီး၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များက ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်းနှင့် လက်ရှိအချိန်တွင် ကိုအောင်ကျော်နိုင်ဖမ်းဆီးခံရမှုကို
သက်ဆိုင်ရာမြို့နယ်ရဲစခန်း၌ လူပျောက်တိုင်ကြားထားကြောင်း ၎င်း၏ဇနီးက သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။   
ဖြိုးဝေ၊ သက်မင်း Eleven Media Group