Pages

Thursday, October 23, 2014

ISIS စစ်သွေးကြွ များ၏ စစ်လေယာဉ်များ အနက် နှစ်စင်းကို ဆီးရီးယားတပ်များ ပစ်ချနိုင်ခဲ့

 
ဒမတ်စကတ် ၊ ၂၃-၁၀-၂၀၁၄

ဆီးရီးယား အစိုးရတပ် များသည် နိုင်ငံ မြောက်ပိုင်းတွင် ပျံသန်းလျက် ရှိသည့် ISIS စစ်သွေးကြွ များ၏ စစ်လေယာဉ်များ အနက် နှစ်စင်းကို ပစ်ချ နိုင်ခဲ့ကြောင်း SANA သတင်း အေဂျင်စီက အောက်တိုဘာ ၂၂ ရက်တွင် ဖော်ပြခဲ့သည်။

အဆိုပါ ISIS စစ်သွေးကြွ များသည် အလက်ပို နှင့် ရာကာပြည်နယ် အတွင်းရှိ အစိုးရစစ်ဘက် လေတပ် စခန်းများကို ဝင်ရောက် စီးနင်း တိုက်ခိုက် ပြီးနောက် MiG-21 နှင့် MiG-23 ဟု ယူဆရသည့် တိုက်လေယာဉ် သုံးစင်းကို သိမ်းဆည်း ခဲ့ခြင်း ဖြစ်ကြောင်း ဆီးရီးယား ပြန်ကြားရေး ဝန်ကြီး အွန်မန်အယ်လ်ဇိုဘီ က ပြောကြား ခဲ့သည်။

ISIS စစ်သွေးကြွ များသည် အဆိုပါ တိုက်လေယာဉ် များကို ပျံသန်းနိုင်ရန် အတွက် အီရတ် ခေါင်းဆောင်ဟောင်း ဆက်ဒမ်ဟူစိန် ၏ လေယာဉ်မှူး များက လေ့ကျင့် သင်ကြား ပေးလျက် ရှိသည်ဟု ဗြိတိန်နိုင်ငံ အခြေစိုက် ဆီးရီးယား လူ့အခွင့်အရေး ဆိုင်ရာ လေ့လာ စောင့်ကြည့်ရေး အဖွဲ့ကြီး က ပြောကြား ခဲ့သည်။

အဆိုပါ ISIS စစ်သွေးကြွ များ မောင်းနှင် ခဲ့သည့် လေယာဉ်များ သည် မြေပြင်သို့ ဆင်းသက်ရန် ကြိုးပမ်းနေစဉ် ဆီးရီးယား တိုက်လေယာဉ် များက ပစ်ချဖျက်ဆီး ခဲ့ခြင်း ဖြစ်ကြောင်း ယင်းသို့ တိုက်ခိုက်မှု ကြောင့် ISIS စစ်သွေးကြွ များ၏ လေယာဉ် နှစ်စီးမှာ ပျက်ကျ ခဲ့ကြောင်း နှင့် ကျန်တစ်စင်း ကိုမူ ISIS စစ်သွေးကြွ များက လျှို့ဝှက်သည့် နေရာတွင် ထားရှိ ခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်လေယာဉ် များသည် ဆီးရီးယား တပ်များ၏ ရေဒါမှ ဖမ်းယူ ထောက်လှမ်း မှုကို ရှောင်ရှား ရန်အတွက် အနိမ့်ပျံသန်း နေစဉ် ပစ်ခတ် တိုက်ခိုက် ခံခဲ့ရခြင်း ဖြစ်ကြောင်း မျက်မြင် သက်သေ များက ပြောကြား ခဲ့သည်။

ISIS စစ်သွေးကြွ များသည် ဆီးရီးယား နှင့် အီရတ်နိုင်ငံ အတွင်းရှိ အစိုးရတပ် များကို တိုက်ခိုက်ခဲ့ ပြီးနောက် ယင်းနှစ်နိုင်ငံ ၏ စစ်အခြေစိုက် စခန်း အများအပြားကို သိမ်းဆည်း နိုင်ခဲ့ကြောင်း သိရသည်။

#PyiChitThar