Pages

Friday, November 7, 2014

ဟားမာ့စ်အဖွဲ့က အစ္စရေးနိုင်ငံအပေါ် ပိုမိုကြီးမားသည့် စစ်ပွဲတစ်ရပ် ထပ်မံဆင်နွှဲရန် ကြိုတင် ပြင်ဆင်လျက်ရှိ

 
တဲလ်အဗစ် ၊ ၇-၁၁-၂၀၁၄

အစ္စလာမ္မစ် ဟားမာ့စ် လှုပ်ရှားမှု လက်နက်ကိုင် အဖွဲ့ဖြစ်သည့် Al- Qassam Brigades သည် အစ္စရေးနိုင်ငံ အပေါ် ပိုမိုကြီးမားသည့် နောက်ထပ် စစ်ပွဲတစ်ရပ် ထပ်မံဆင်နွှဲရန် အတွက် လက်နက်များ တပ်ဆင်၍ ကြိုတင် ပြင်ဆင်လျက် ရှိကြောင်း နိုဝင်ဘာလ ၅ ရက်နေ့တွင် ထုတ်ဖော် ပြောကြား ခဲ့သည်ဟု Xinhua သတင်းတစ်ရပ်အရ သိရသည်။

မိမိတို့ အနေဖြင့် နောက်ဆုံး ဖြစ်ပွားခဲ့သည့် တိုက်ပွဲမှ အောင်မြင်မှု ထက် ပိုမိုကြီးမားသော အောင်ပွဲများ ရယူနိုင်ရေး အတွက် လက်နက်များ တပ်ဆင်၍ ကြိုတင် ပြင်ဆင်လျက် ရှိပြီး အဆိုပါ တိုက်ပွဲသည် ရန်သူ အစ္စရေးနိုင်ငံ ၏ သမိုင်းတွင် အခက်ခဲ အကြမ်းတမ်းဆုံး တိုက်ပွဲ ဖြစ်လာမည် ဖြစ်ကြောင်း ၄င်းအဖွဲ့က အီးမေးလ်မှ တစ်ဆင့် ကြေညာချက် တစ်စောင် ထုတ်ပြန်ခဲ့သည်။

၂ဝ၁၄ ခုနှစ် ဇူလိုင်လ ၈ ရက်နေ့မှစ၍ အစ္စရေး နိုင်ငံသည် ဂါဇာကမ်းမြောင် ဒေသနှင့် ဟားမာ့စ် ဦးဆောင်သော စစ်သွေးကြွ အဖွဲ့များအား ရက်ပေါင်း ၅ဝ ကြာ အကြီးစား ဝေဟင်နှင့် မြေပြင် စစ်ဆင်ရေး တစ်ရပ် ဆင်နွှဲခဲ့ရာ အဆိုပါ စစ်ဆင်ရေးကြောင့် အစ္စရေး နိုင်ငံသား ၇ဝ ဦးနှင့် ပါလက်စတိုင်း ပြည်သူ ၂၁၅ဝ ဦး သေဆုံးခဲ့ရပြီး လူပေါင်း ၁၁,ဝဝဝ ဦးကျော် ထိခိုက် ဒဏ်ရာရရှိ ခဲ့ကြောင်း သိရသည်။

အစ္စရေးနိုင်ငံ အနေဖြင့် ၄င်း၏ ရာဇ၀တ်မှု မြောက်သည့် လုပ်ရပ်များ အတွက် ကြီးမားသည့် တန်ဖိုးကို ပြန်လည် ပေးဆပ်ရလိမ့်မည် ဖြစ်ကြောင်း ဟားမာ့စ်အဖွဲ့က ထုတ်ပြန် ကြေညာ ခဲ့သည်။ နိုဝင်ဘာလ ၅ ရက်နေ့ အစောပိုင်း တွင်လည်း ဂျေရုဆလင်မြို့ ၏ အရှေ့ဘက် မြို့ဟောင်းတစ်ခုရှိ Al-Aqsa ဗလီ၏ ပရိဝုဏ် အတွင်း၌ ပါလက်စတိုင်း ဝတ်ပြုဆုတောင်း သူများနှင့် အစ္စရေး ရဲတပ်ဖွဲ့တို့ အကြား ပဋိပက္ခ ဖြစ်ပွားခဲ့ရာ ပါလက်စတိုင်း ပြည်သူ ၅ဝ ဦးခန့် ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။
အစ္စရေး ရဲတပ်ဖွဲ့က ဝတ်ပြု ဆုတောင်းသူ ပါလက်စတိုင်း ၅ ဦးကို ဖမ်းဆီး ထိန်းသိမ်း ခဲ့ကြောင်းနှင့် အစ္စရေး ရဲတပ်ဖွဲ့အား ကျောက်ခဲများဖြင့် ပစ်ပေါက် တိုက်ခိုက်ခဲ့သည့် ပါလက်စတိုင်း ပြည်သူများ ကိုလည်း မျက်ရည်ယိုဗုံး များနှင့် ရာဘာ ကျည်ဆန် များဖြင့် ပစ်ခတ်နှိမ်နှင်း ခဲ့ကြောင်း မျက်မြင် သက်သေတစ်ဦး က ထုတ်ဖော် ပြောကြား ခဲ့သည်။ အစ္စရေး ရဲတပ်ဖွဲ့သည် အသက် ၅ဝ နှစ်အောက်ရှိ ပါလက်စတိုင်း ဝတ်ပြု ဆုတောင်းသူ များအား ဝတ်ပြုခွင့် တားဆီးပိတ်ပင် ခဲ့သောကြောင့် အဆိုပါ ပဋိပက္ခများ ဖြစ်ပွားခဲ့ရခြင်း ဖြစ်ကြောင်း သိရှိရသည်။

#PyiChitThar