နိုဝင်ဘာ ၁၃ ရက်က ကျင်းပသည့် အာဆီယံ+၃ ထိပ်သီးဆွေးနွေးပွဲအား တွေ့ရစဉ် (ဓာတ်ပုံ-ဥာဏ်ဝင်းရှိန်)
(၂၅)
 ကြိမ်မြောက် အာဆီယံထိပ်သီးဆွေးနွေးပွဲအပြီး ထုတ်ပြန်ခဲ့သော ၂ဝ၁၄ ခုနှစ် 
အတွက် အာဆီယံအလှည့်ကျဥက္ကဠ၏ ကြေညာချက်၌ တောင်တရုတ်ပင်လယ်အရေးအတွက် 
စိုးရိမ်မှုရှိနေသေးကြောင်းနှင့် ငြိမ်းချမ်းစွာဖြေရှင်းရန် 
သဘောတူညီခဲ့သည်ဆိုသော အချက်မှလွဲ၍ အခြားထူးခြားချက်များ မပါရှိခဲ့ပေ။ 
နိုဝင်ဘာ ၁၃ ရက်က ထုတ်ပြန်သော အာဆီယံအလှည့်ကျဥက္ကဠ၏ ကြေညာချက်တွင် 
အာဆီယံဒေသတွင်းတိုးတက်မှု၊ ၂ဝ၁၅ အာဆီယံအသိုက်အမြုံဖော်ဆောင်ရေးအတွက် 
ပြင်ဆင်နေမှု၊ ၂ဝ၁၅ အလွန် အာဆီယံအခြေအနေများကို ထည့်သွင်းခဲ့ပြီး 
တောင်တရုတ်ပင်လယ်အရေးကို ဒေသတွင်းနှင့် နိုင်ငံတကာကဏ္ဍ၌ 
ထည့်သွင်းဖော်ပြခဲ့ခြင်း ဖြစ်သည်။ 
ကြေညာချက်တွင် အပိုဒ် ၉၅ ပိုဒ်ပါဝင်ခဲ့ကာ တောင်တရုတ်ပင်လယ်အရေးအတွက် 
နှစ်ပိုဒ်ထည့်သွင်းခဲ့ပြီး ဖော်ပြခဲ့သောအကြောင်းအရာများမှ 
အသစ်အဆန်းသဘောတူညီမှုများ မဟုတ်ခဲ့ကြောင်း တွေ့ရှိရသည်။ 
တောင်တရုတ်ပင်လယ်အတွင်း လွတ်လပ်စွာရေကြောင်းသွားလာရေး၊ 
လေကြောင်းပျံသန်းမှုများနှင့် ရေကြောင်းလုံခြုံရေး၊ ဘေးကင်းမှုများကို 
ဆက်လက်ထိန်းသိမ်းရန် အာဆီယံခေါင်းဆောင်များက ထပ်မံအတည်ပြုကြောင်း 
အလှည့်ကျဥက္ကဠက ပြောကြားသည်။ 
အစည်းအဝေးတွင် တောင်တရုတ်ပင်လယ်ဆိုင်ရာ လုပ်ထုံးလုပ်နည်းဆိုင်ရာ 
ကြေညာချက် (DOC) ၊ တောင်တရုတ်ပင်လယ်ဆိုင်ရာ အာဆီယံမူဝါဒခြောက်ချက်၊ 
တောင်တရုတ်ပင်လယ်ဆိုင်ရာ လုပ်ထုံးလုပ်နည်းဆိုင်ရာ ကြေညာချက်ဆိုင်ရာ ၁ဝ နှစ်
 ပြည့် ကြေညာချက်၊ (၁၅) ကြိမ်မြောက် အာဆီယံ-တရုတ် ထိပ်သီးအစည်းအဝေးပူးတွဲ 
ကြေညာချက်၊ (၂၄) ကြိမ်မြောက် အာဆီယံထိပ်သီးဆွေးနွေးပွဲတွင် ဖော်ဆောင်ခဲ့သော
 သက်ဆိုင်ရာအာဆီယံကြေညာချက်တွင် ပါဝင်သည့် မူဝါဒများကို 
ထပ်မံအလေးထားအနက်ထား ပြောကြားခဲ့ကြောင်း အာဆီယံအလှည့်ကျ ဥက္ကဠက ဆိုသည်။ 
DOC ကိစ္စ အကောင်အထည်ဖော်မှု တိုးတက်ချက်နှင့်အတူ DOC အရ 
လိုက်နာဆောင်ရွက်ရမည့် တောင်တရုတ်ပင်လယ်ဆိုင်ရာနိုင်ငံများ လိုက်နာရမည့် 
လုပ်ထုံးလုပ်နည်းများ (COC) က ဖော်ဆောင်ရန် သဘောတူညီချက်ကို 
အာဆီယံခေါင်းဆောင်များက ကြိုဆိုကြောင်း၊ အာဆီယံခေါင်းဆောင်များအနေဖြင့် 
တရုတ်ရေပိုင်နက်အတွင်း DOC အပြည့်အဝအကောင်အထည်ဖော်ရေးနှင့် COC 
စောစီးစွာအဆုံးသတ်ရေးအတွက် တရုတ်နိုင်ငံနှင့် ဆွေးနွေးမှုများလုပ်ရန် 
သဘောတူခဲ့ကြသည်ဟု ၎င်းက ကြေညာချက်တွင် ဆက်လက်ပြောကြားသည်။ 
“တောင်တရုတ်ပင်လယ်အရေးအတွက် ကျွန်ုပ်တို့အနေဖြင့် စိုးရိမ်မှုများ 
ရှိနေသေးသည်။ ကျွန်ုပ်တို့အနေဖြင့် အငြင်းပွားမှုများကို ဖြေရှင်းရာတွင် 
၁၉၈၂ ခုနှစ် ကုလသမဂ္ဂပင်လယ်ပြင်ဆိုင်ရာ ဥပဒေဆုံးဖြတ်ချက်အပါအဝင် 
နိုင်ငံတကာဥပဒေများအတိုင်း ငြိမ်းချမ်းစွာဖြေရှင်းရန် အားလုံးသဘောတူသည်။ 
ထိုသို့ဖြေရှင်းရာတွင် ထိန်းထိန်းသိမ်းသိမ်း လုပ်ဆောင်ပြီး ဒေသတွင်း 
တင်းမာမှုများ ပိုမိုဖြစ်ပေါ်လာနိုင်သည့် လုပ်ဆောင်ချက်များနှင့် 
အခြေအနေရှုပ်ထွေးသွားစေနိုင်သည့် လုပ်ရပ်များကို ရှောင်ကြဉ်ရမည် ဖြစ်သည်။ 
အာဆီယံအဖွဲ့ဝင်နိုင်ငံများအနေဖြင့် ဒေသတွင်းငြိမ်းချမ်းရေး၊ တည်ငြိမ်ရေး၊ 
ရေကြောင်းလုံခြုံရေးနှင့်  အပြန်အလှန်ယုံကြည်ရေးအတွက် လုပ်ဆောင်မှုများ၏ 
အရေးပါမှုများကို အလေးထားပြောကြားခဲ့ပြီး အငြင်းပွားမှုများကို 
ငြိမ်းချမ်းစွာဖြေရှင်းနည်းများ ဖော်ဆောင်ရမည်”ဟု အာဆီယံအလှည့်ကျဥက္ကဠ၏ 
ကြေညာချက်၌ ဖော်ပြပါသည်။ 
ကိုရီးယားကျွန်းဆွယ်အရေးနှင့် ပတ်သက်၍ တောင်ကိုရီးယားနှင့် 
မြောက်ကိုရီးယားတို့အကြား အဆင့်မြင့်တွေ့ဆုံပွဲများ ပြုလုပ်ခဲ့သည့်အတွက် 
အားတက်စေခဲ့ကြောင်း၊ ကိုရီးယားကျွန်းဆွယ်အတွင်း ငြိမ်းချမ်းရေး၊ 
လုံခြုံရေးနှင့် တည်ငြိမ်ရေးကို အာဆီယံက အလေးထားသည့်အပြင် ကုလသမဂ္ဂလုံခြုံ 
ရေးကောင်စီဆုံးဖြတ်ချက်နှင့် ၂ဝဝ၅ ခုနှစ် စက်တင်ဘာ ၁၉ ရက် 
ခြောက်နိုင်ငံအစည်းအဝေး ပူးတွဲကြေညာချက်များအတိုင်း 
ဆက်လက်လိုက်နာလုပ်ဆောင်ရန် တိုက်တွန်းကြောင်း အာဆီယံအလှည့်ကျဥက္ကဠက ပြောကြား
 သည်။ 
ထို့အပြင် ကိုရီးယားကျွန်းစွယ် အဏုမြူလက်နက် ဖျက်သိမ်းရေးကိုလည်း 
ငြိမ်းချမ်းစွာဖော်ဆောင်ရန်အတွက် အားပေးထောက်ခံကြောင်းကိုလည်း ပြောကြားသည်။
အရှေ့တီမောက အာဆီယံအဖွဲ့ဝင်နိုင်ငံ လျှောက်ထားခြင်းအပေါ် 
အာဆီယံပူးပေါင်းဆောင်ရွက်ရေးကော်မတီ (ACCWG) ၏ လုပ်ဆောင်မှုများကို 
အားရကျေနပ်ကြောင်း နှင့် အာဆီယံ၏ လုပ်ငန်းများတွင် အရှေ့တီမော 
ပါဝင်နိုင်မှုအခြေအနေနှင့် အာဆီယံ၏ ပတ်သက်မှုအခြေအနေများကိုလည်း 
အသိအမှတ်ပြုကြောင်း အာဆီယံအလှည့်ကျဥက္ကဠက ဆိုသည်။ 
အီရတ်နှင့် ဆီးရီးယားတွင် အရှိန်အဟုန်ပြင်းထန်လာသည့် 
ဘာသာရေးအစွန်းရောက် အကြမ်းဖက်မှုများသည် နိုင်ငံတွင်းသာမက 
အရှေ့အလယ်ပိုင်းဒေသတစ်ခုလုံးကိုပါ ထိခိုက်လာနိုင်သည်ဆိုသော အချက်ကို 
ဆွေးနွေးပွဲအတွင်း ထည့်သွင်းဆွေးနွေးခဲ့ပြီး သေချာကိုင်တွယ်မှုမပြုပါက 
တစ်ကမ္ဘာလုံးသို့ ကူးစက်လာနိုင်ဖွယ်ရှိသည်ဟု ဖော်ပြခဲ့သည်။ ထို့နောက် 
အဆိုပါကိစ္စရပ်များကို နိုင်ငံတကာ တရားဥပဒေများနှင့် ကုလသမဂ္ဂ 
ပဋိဥာဉ်စာတမ်းတို့နှင့်အညီ အစွန်းရောက်အကြမ်းဖက်မှုများကို အမြစ်မကျန် 
နှိမ်နင်းသွားရမည်ဖြစ်ပြီး အစွန်းမရောက်ရေး ကမ္ဘာလုံးဆိုင်ရာလှုပ်ရှားမှု 
(GMM) ကို မြှင့်တင်သွားမည်ဖြစ်ကာ အစွန်းရောက်မှုမှန်သမျှကို 
တိုက်ဖျက်သွားရမည်ဖြစ်သည်ဟု အာဆီယံအလှည့်ကျ ဥက္ကဠ က ကြေညာချက်၌ 
ထည့်သွင်းပြောကြားသည်။ 
အကြမ်းဖက်မှု၊ အစွန်းရောက်စစ်သွေးကြွဝါဒီများကို 
ဆန့်ကျင်သွားရမည့်နည်းတူ တစ်ချိန်တည်းတွင် နိုင်ငံရေး၊ စီးပွားရေး၊ 
လူမှုရေးကဏ္ဍများတွင် တရားမျှတမှုကို ဆောင်ကြဉ်းပေးရမည်ဖြစ်ကြောင်း၊ 
ဤနည်းအားဖြင့် ဘာသာရေး၊ ယဉ်ကျေးမှုနှင့် လူ့အဖွဲ့အစည်းများအကြား နားလည်မှု၊ 
ပူးပေါင်းဆောင်ရွက်မှုများ အရှိန်အဟုန်မြင့်လာမည် 
ဖြစ်ပြီးအစွန်းရောက်ဝါဒီများ၏ အသံများ ပပျောက်သွားမည်မှာ သေချာကြောင်း 
အာဆီယံအလှည့်ကျ ဥက္ကဠက ပြောကြားသည်။ 
မြန်မာနိုင်ငံသည် ၂ဝ၁၄ ခုနှစ်အတွက် အာဆီယံအလှည့်ကျဥက္ကဠ 
တာဝန်ကိုရယူခဲ့ပြီးနောက် (၂၅) ကြိမ်မြောက် အာဆီယံထိပ်သီးဆွေးနွေးပွဲနှင့် 
ဆက်စပ်အစည်းအဝေးများသည် အလှည့်ကျဥက္ကဠ တာဝန်ယူထားချိန်အတွင်း ယခုနှစ်အတွက် 
အပြီးသတ်အနေဖြင့် ပြုလုပ်ခဲ့ခြင်းဖြစ်သည်။ 
၂ဝ၁၅ ခုနှစ်အတွက် အာဆီယံအလှည့်ကျ ဥက္ကဠတာဝန်ကို မလေးရှားနိုင်ငံက လွှဲပြောင်းရယူမည်ဖြစ်သည်။
EMG
EMG
