Pages

Friday, November 7, 2014

လိပ်ကျွန်းလူသတ်မှု စွပ်စွဲဖမ်းဆီးခံ မြန်မာ ၂ ဦးကို ချုပ်ရက်ထပ်တိုး

 
ထိုင်းတောင်ပိုင်း လိပ်ကျွန်း လူသတ်မှုသံသယနဲ့ ဖမ်းဆီး ချုပ်နှောင်ခံ နေရတဲ့ ကိုဝင်းဇော်ထွန်းနဲ့ ကိုဇော်လင်းတို့ နှစ်ယောက်ကို ချုပ်ထားရာကနေ ပြန်လည်လွှတ်ပေးဖို့ သူတို့ရဲ့ ကိုယ်စားလှယ် ရှေ့နေတွေက ဒီကနေ့ သွားရောက် တောင်းဆို ပေမယ့် မအောင်မြင်ခဲ့ ဘူးလို့  ကာယကံရှင် ရှေ့နေတွေက ပြောပါတယ်။

သံသယရှိသူ ၂ ဦးကို  ရှေ့နေလိုက်ပေးနေတဲ့ ထိုင်းရှေ့နေများ ကောင်စီအဖွဲ့က ၀ါရင့်ရှေ့နေ နခွန် ချူမ်းဖူးချတ်က  “ကျနော်တို့  ဒီကနေ့မနက် ၁၀ နာရီမှာ  ကောစမွီခရိုင် တရားရုံးကို သွားရောက်ပြီး  သူတို့ကို ချုပ်ရက်ဆက်မတိုးဘဲ လွှတ်ပေးဖို့ တောင်းဆိုခဲ့ပါတယ်။ ဒါပေမယ့်  အစိုးရရှေ့နေများကောင်စီက အမှုတွဲအတွက် အချက်အလက်တွေ ပြည့်စုံအောင် ပြန်စစ်ခိုင်းတာကြောင့်  စုံစမ်းရေးရဲတပ်ဖွဲ့အနေနဲ့   နောက်ထပ်စစ်ဆေးဖို့ အချိန်ယူရမယ်လို့ ပြောတယ်။  အမှန်က  ရဲတပ်ဖွဲ့က ဆက်စစ်ရမယ့်ဟာတွေက သံသယရှိသူ ၂ ဦးနဲ့ မသက်ဆိုင်တဲ့ အရာတွေပါ။ သူတို့ဘာသူတို့ သွားစစ်ဖို့ပဲ။ ဒါပေမယ့် သူတို့က တရားခံ၂ ယောက်ကို  အိတ်စ်ရေးပြန်စစ်ရဦးမယ်။ အစိုးရရှေ့နေကောင်စီရဲ့ ညွှန်ကြားချက်ကြောင့်လို့ ပြောတယ်။ ဒါကြောင့် ကျနော်တို့လည်း အလျှော့ပေးလိုက်ရတယ်” လို့ ပြောပါတယ်။

စုံစမ်းရေးရဲတပ်ဖွဲ့က  သူတို့ ၂ ဦးကို စတုတ္ထအကြိမ်မြောက် ချူပ်ရက် နောက်ထပ် ၁၂ ရက် (နိုဝင်ဘာလ ၂၀) ရက်နေ့ထိ ထပ်တိုးဖို့ တရားရုံးကို တင်ပြပြီး တရားရုံးက ခွင့်ပြုလိုက်ကြောင်း၊ ဒါပေမယ့်  ဒီရက်တွေအတွင်းမှာ အမှုတွဲကို ပြီးပြတ်အောင်ချုပ်ဖို့၊  နောက်တကြိမ် ချုပ်ရက်ထပ်တောင်းမယ်ဆိုရင် ဒီထက် အသေးစိတ်တဲ့ အချက်အလက်တွေ ပြန်တောင်းရမယ်လို့  ညွှန်ကြားခဲ့ကြောင်း ရှေ့နေ နခွန်းချူမ်းဖူးချတ်က ပြောသွားပါတယ်။

By ဒီဗွီဘီ