Pages

Friday, November 7, 2014

ကိုပါကြီး သေနတ်ဒဏ်ရာ ၅ ချက်နဲ့ သေဆုံးကြောင်း မှုခင်းဆရာဝန်တွေ အတည်ပြု

 
6 November 2014
အလွတ်သတင်းထောက် ကိုပါကြီး ခေါ် ကိုအောင်ကျော်နိုင်ဟာ သေနတ်ဒဏ်ရာ ၅ ချက်နဲ့ သေဆုံးခဲ့တာဖြစ်တယ်လို့ မှုခင်းဆရာဝန်တွေက အတည်ပြုလိုက်တယ်လို့ သိရပါတယ်။

ကိုပါကြီးရဲ့ ရုပ်အလောင်းကို စစ်ဆေးခဲ့တဲ့ မှုခင်းဆိုင်ရာ ဆရာဝန်ကြီးတွေက သေနတ်ဒဏ်ရာ ၅ ချက်နဲ့ သေဆုံးခဲ့တာဖြစ်ကြောင်း ပြောကြားခဲ့တာဖြစ်တယ်လို့ ကိုပါကြီးရဲ့ဇနီး မသန္တာက ပြောပါတယ်။

"ကျည်ဆန်ရာ ၅ ခုတွေ့တယ်၊ မေးစေ့တည့်တည့်အောက်မှာပေါ့နော် အနီးကပ်ပစ်လို့ မေးရိုးကွဲထွက်သွားတယ်ပေါ့၊ နောက်တခါ ရင်ဘတ်မှာ ၂ ခုရယ်၊ ပေါင်မှာရယ်၊ နောက်ခြေဖနောင့်မှာရယ်၊ နောက်ကျန်တဲ့ဟာကိုတော့ မပြောပြနိုင်ဘူးပေါ့နော်၊ သူတို့တရားရုံးတင်တဲ့အခါ တရားရုံးမှာလာပြီးတော့ ထွက်ပေးပါမယ်လို့ပြောတယ်"

ကိုပါကြီးရုပ်အလောင်းကို DNA ခေါ် မျိုးရိုးဗီဇစစ်ဆေးဖို့ အစိုးရက တာဝန်ယူသွားမှာဖြစ်သလို ကိုပါကြီးရဲ့အမှုကို တရားရုံးမှာ စစ်ဆေးချိန်မှာလည်း ကိုပါကြီးရုပ်အလောင်းကို စစ်ဆေးခဲ့တဲ့ မှုခင်းဆရာဝန်ကြီးတွေက ထွက်ဆိုချက်ပေးမှာဖြစ်တယ်လို့လည်း မသန္တာက ပြောပါတယ်။

လက်ရှိအချိန်မှာ နာရေးကူညီမှုအသင်း ရန်ကုန်ရဲ့ အကူအညီနဲ့ ကိုပါကြီးရဲ့ရုပ်အလောင်းကို ရန်ကုန်မြို့ကို သယ်ယူပြီး ဂူသွင်းသဂြိုလ်ဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။

ကိုပါကြီးရဲ့ ရုပ်အလောင်းကို သယ်ယူဖို့နဲ့ ပတ်သက်ပြီး မြို့နယ်အုပ်ချုပ်ရေးတွေဆီက အကူအညီမရရှိခဲ့သလို အမည်မသိတဲ့ သံဃာ ၈ ပါးက အလောင်းကိုမသယ်ယူဖို့ မနေ့ညက လာရောက်တားဆီးခဲ့တယ်လို့လည်း မသန္တာက ပြောပါတယ်။

အလွတ်သတင်းထောက် ကိုပါကြီးဟာ KKO လို့ခေါ်တဲ့ ကရင်လက်နက်ကိုင် အဖွဲ့အစည်းတစ်ခုက ပြန်ကြားရေးတာဝန်ခံ ဗိုလ်ကြီးအဆင့်ရှိသူ ဖြစ်တယ်ဆိုပြီး တပ်မတော်က သတင်းထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။

RFA Burmese