Pages

Monday, November 10, 2014

မွတ်စလင်ဒုက္ခသည်တွေ အမြန်ပြန်ခေါ်ယူရေး ဘင်္ဂလားဒေ့ရှ် တောင်းဆိုချက် မြန်မာပယ်ချ


10 November 2014
ဘင်္ဂလားဒေ့ရှ် နယ်စပ်ဒုက္ခသည် စခန်းတွေမှာရှိတဲ့ မွတ်စလင် ဒုက္ခသည်တွေကို မြန်မာနိုင်ငံဖက်က အမြန်ပြန်လည် လက်ခံဖို့ ဘင်္ဂလားဒေ့ရှ် နိုင်ငံဖက်က တောင်းဆိုတာကို သမ္မတ ဦးသိန်းစိန်က ပယ်ချ လိုက်တယ်လို့ သမ္မတပြောခွင့်ရ ပုဂ္ဂိုလ် ဦးရဲထွဋ်က ပြောကြားလိုက်ပါတယ်။

တရုတ်နိုင်ငံ ဘီကျင်းမြို့မှာ ကျင်းပနေတဲ့ အာရှပစိဖိတ်ဒေသနိုင်ငံများ စီးပွားရေးပူးပေါင်း ဆောင်ရွက်ရေး ထိပ်သီးညီလာခံ APEC အစည်းအဝေးမတိုင်ခင် တရုတ်အစိုးရနိုင်ငံတော် ဧည့်ရိပ်သာမှာ ဘင်္ဂလားဒေ့ရှ်သမ္မတ အဗ္ဗဒူလ်ဟာမစ်နဲ့ မြန်မာသမ္မတ ဦးသိန်းစိန်တို့ မနေ့က တွေ့ဆုံရာမှာ အခုလို ငြင်းဆိုခဲ့တယ်လို့ သမ္မတ ပြောခွင့်ရပုဂ္ဂိုလ် ပြန်ကြားရေးဝန်ကြီးဌာန ဝန်ကြီး ဦးရဲထွဋ်က သူရဲ့ Facebook လူမှုရေးစာမျက်နှာမှာ ရေးသားထားပါတယ်။

သမ္မတ ၂ ဦး တွေ့ဆုံဆွေးနွေးစဉ် ဘင်္ဂလားဒေ့ရှ်ဘက်က ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်း ရောက်ရှိနေတဲ့ မြန်မာနိုင်ငံက ထွက်ခွာလာသူတွေလို့ ပြောဆိုကြသူတွေကို မြန်မာဖက်က အမြန်ပြန်လက်ခံဖို့ ဆွေးနွေးခဲ့ကြောင်း၊ ဒီအပေါ်မှာ မြန်မာနိုင်ငံအနေနဲ့ အရင်ကတည်းက နှစ်ဘက်သဘောတူထားခဲ့တဲ့ စိစစ်ရေး မူ ၄ ချက်နဲ့ စိစစ်ပြီးမှသာ လက်ခံမယ့် ရပ်တည်ချက်အရ စိစစ်အတည်ပြုပြီးသူများသာ ၄င်းတို့ဆန္ဒအတိုင်း ပြန်လာတာမျိုးဖြစ်ဖို့လိုကြောင်း၊ ဒါ့ကြောင့် စိစစ်မှုများကို စနစ်တကျမလုပ်ဘဲ အမြန်ပြန်လက်ခံဖို့ဆိုတာ မဖြစ်နိုင်ကြောင်း၊ အခိုင်အမာပြန်လည်ပြောကြားခဲ့တယ်လို့် ဦးရဲထွဋ်က ဆိုပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ရိုဟင်ဂျာမွတ်စလင်တွေအဖြစ် မှတ်ပုံတင်စာရင်းရှိထားသူနဲ့ စာရင်းမရှိသူ စုစုပေါင်း ၂ သိန်းကျော်ရှိပြီး နယ်စပ် Cox’s Bazaar မြို့အနီးက ဒုက္ခသည်စခန်းမှာတင် ဒုက္ခသည် ၃ သောင်းကျော်ရှိတယ်လို့ သိရပါတယ်။ ဒီအထဲက မြန်မာဖက်က ဒုက္ခသည်အဖြစ် ကနဦးစိစစ်ပြီးသူ ၄ ထောင်ရှိတယ်လို့ သိရပါတယ်။

RFA Burmese