Pages

Sunday, November 16, 2014

ဘင်္ဂါလီဝင်မည့် သတင်းကြောင့် တနင်္သာရီတိုင်းတွင် ကမ်းခြေရွာများကို တပ်လှန့်ထား


 ထားဝယ်၊ နိုဝင်ဘာ ၁၄
 ဘင်္ဂါလီလူမျိုးများ မြန်မာနိုင်ငံအတွင်း ဝင်ရောက်လာမည်ဆိုသည့် သတင်းကြောင့် တနင်္သာရီတိုင်းဒေသကြီးတွင် ကမ်းခြေကျေးရွာများကို တပ်လှန့်ထားကြောင်း တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးက ပြောကြားသည်။ တနင်္သာရီကမ်းရိုးတန်း တစ်လျှောက်ရှိ ကမ်းခြေကျေးရွာများနှင့် ကျွန်းစုများရှိ ကျေးရွာများတွင် ဘင်္ဂါလီများ ဝင်ရောက်လာပါက ရဲတပ်ဖွဲ့သို့ သတင်းပို့ရန်နှင့် သတင်းမပို့နိုင်ပါက ၎င်းတို့လိုအပ်သည့် ရိက္ခာအနည်းငယ်ပေးကာ ပင်လယ်အတွင်း ပြန်လွှတ်ရန်အတွက် တပ်လှန့်ထားကြောင်း တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ရဲမှူးကြီးကြည်လင်းက ပြောကြားသည်။
 “ဘင်္ဂါလီတွေ ဒီရာသီမှာ လာမယ်ဆိုပြီး သတင်းတွေ ထွက်နေတာ ရှိပါတယ်။ ကျွန်တော်တို့ အနေနဲ့တော့ လက်ခံဖို့ မရှိပါဘူး” ဟု ရဲမှူးကြီးကြည်လင်းက ပြောဆိုသည်။

 ထိုင်းနိုင်ငံအကျဉ်းထောင်မှ ဘင်္ဂါလီလူမျိုးများကို မကြာမီ ပြန်လည်လွှတ်ပေးတော့မည် ဟူသည့် သတင်းကြောင့် မြန်မာနိုင်ငံဘက်သို့ မဝင်ရောက်နိုင်စေရေးအတွက် တနင်္သာရီကမ်းရိုးတန်း တစ်လျှောက်ရှိ ကမ်းခြေကျေးရွာများ၊ ကျွန်းစုများတွင် အထက်ပါအတိုင်း တပ်လှန့်ထားရခြင်း ဖြစ်ကြောင်း ၎င်းကဆိုသည်။ ပြီးခဲ့သည့် တန်ဆောင်မုန်းလပြည့်နေ့က ပုလောမြို့နယ်တွင် လက်နက် ကိုင်ဆောင်ထားသည့် ဘင်္ဂါလီလူမျိုးများကို ရဲတပ်ဖွဲ့မှ ဖမ်းမိထားသည်ဟု သတင်းထွက်ပေါ်ခဲ့သော်လည်း ယင်းသို့သော ဖြစ်စဉ်မျိုး မရှိခဲ့ကြောင်း တိုင်းရဲတပ်ဖွဲ့မှူး ရဲမှူးကြီးကြည်လင်းက ပြောသည်။

ဘင်္ဂါလီ လူမျိုးများအပြင် အကြမ်းဖက်အဖွဲ့များ တနင်္သာရီတိုင်းဒေသကြီးအတွင်း မဝင်ရောက်စေရေးအတွက် နယ်စပ်ဂိတ်များတွင် လုံခြုံရေး တင်းကျပ်ထားပြီး အကြမ်းဖက်အဖွဲ့များ ရှိနေသရွေ့ နယ်စပ်ဂိတ်များတွင် လုံခြုံရေးတင်းကျပ်မည် ဖြစ်ကြောင်း ၎င်းကဆိုသည်။