Pages

Tuesday, November 11, 2014

ကြန့်ကြာနေသော လယ်ယာမြေမှုခင်းများ အတွက် လယ်ယာမြေ စီမံခန့်ခွဲမှု ကော်မတီများကို အရေးယူမည်ဟုဆို

 ပုသိမ်၊ နိုဝင်ဘာ ၁၀
 ဧရာဝတီတိုင်းဒေသကြီးအတွင်း ဖြစ်ပေါ်နေသော လယ်ယာမြေမှုခင်းများကို သတ်မှတ်ကာလအတွင်း ပြီးပြတ်အောင် ဆောင်ရွက်နိုင်ခြင်း မရှိသည့် သက်ဆိုင်ရာ လယ်ယာမြေ စီမံခန့်ခွဲမှု ကော်မတီများကို အရေးယူမည် ဖြစ်ကြောင်း တိုင်းဒေသကြီး စိုက်ပျိုးရေးနှင့် မွေးမြူရေးဝန်ကြီး ဦးစန်းမောင်က ပြောကြားသည်။ နိုဝင်ဘာလ ၁၀ ရက်က ကျင်းပသော ဧရာဝတီတိုင်းဒေသကြီး လွှတ်တော် အစည်းအဝေးတွင် ငပုတောမြို့နယ်မှ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးအေးကြည်၏ လယ်ယာမြေ စီမံခန့်ခွဲမှု အဆင့်ဆင့်က သတ်မှတ်ကာလအတွင်း ပြီးပြတ်အောင် ဆောင်ရွက်နိုင်ခြင်း မရှိဘဲ ကြန့်ကြာနေခြင်းနှင့် စပ်လျဉ်းသည့် မေးခွန်းကို တိုင်းဒေသကြီး ဝန်ကြီးက ဖြေကြားခဲ့ခြင်း ဖြစ်သည်။ အမှုတွဲလက်ခံရရှိသည့် နေ့မှစ၍ သတ်မှတ်ကာလအတွင်း ပြီးပြတ်အောင် ဆောင်ရွက်နိုင်ခြင်း မရှိသော လယ်ယာမြေ စီမံခန့်ခွဲမှုကော်မတီများကို အရေးယူနိုင်ရန် ဗဟိုလယ်ယာမြေ စီမံခန့်ခွဲမှု ကော်မတီသို့ တင်ပြမည် ဖြစ်ကြောင်း ဦးစန်းမောင်က ပြောဆိုသည်။ နိုင်ငံတော်သမ္မတ၊ ပြည်ထောင်စုလွှတ်တော် နာယကတို့က လယ်သမားများ ထိခိုက်နစ်နာမှု မရှိစေရေးအတွက် လယ်ယာမြေမှုခင်းများကို သတ်မှတ်ကာလအတွင်း ပြီးစီးအောင် ဆောင်ရွက်ပေးကြရန် လမ်းညွှန်ထားပြီး ဖြစ်ကြောင်း၊ အောက်ခြေရှိ လယ်ယာမြေ စီမံခန့်ခွဲမှု ကော်မတီများက ဆောင်ရွက်မပေးသဖြင့် လယ်သမားများအတွက် မေးခွန်းမေးမြန်းရခြင်း ဖြစ်ကြောင်း ငပုတောမြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးအေးကြည်က ပြောကြားသည်။
The Voice