Pages

Sunday, November 30, 2014

လော့လော့ကျောက်မီးသွေးဓာတ်အားေ ပးစက်ရုံ ၂၀၁၅နှစ်ကုန် စတင်လည်ပတ်မည်ဟုဆို

|Dawei Watch| မြိတ်၊ နိုဝင်ဘာ ၂၇
တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့ ကျောက်ဖျာကျေးရွာအုပ်စု၊
လော့လော့ကျေးရွာတွင် တည်ဆောက်မည့် ၅၀ မဂ္ဂါ၀ပ် ကျောက်မီးသွေးသုံး
ဓာတ်အားပေးစက်ရုံကို လာမည့် ၂၀၁၅ နှစ်ကုန်တွင်
စတင်လည်ပတ်နိုင်မည်ဖြစ်ကြောင်း ယင်းစက်ရုံ၏ စီမံကိန်း မန်နေဂျာ
ဦးမျိုးဝင်းသန့်ထံမှ သိရသည်။
စီမံကိန်း ဧရိယာ ၁၀၄ ဧကအတွင်း မိုးရာသီက ခေတ္တရပ်နားထားသည့်
မြေပြင်လုပ်ငန်းများကို နိုဝင်ဘာလ ဆန်းပိုင်းက ပြန်စတင်ခဲ့ပြီး
လက်ရှိတွင် ဧက ၇၀ ရှိ ရေလောင်ကန်တည်ဆောက်ပြီးစီးနေပြီဖြစ်ကြောင်း
ဦးမျိုးဝင်းသန့်က ပြောသည်။
“ဒီနှစ် ဒီဇင်ဘာနှောင်းပိုင်မှာ လျှပ်စစ်ဓာတ်တိုင်တွေ စိုက်သွားမယ်၊ ၂၀၁၅
ဒီဇင်ဘာလမှာ လျှပ်စစ်မီးပေးနိုင်တော့မယ်”ဟု ဦးမျိုးဝင်းသန့်က ဆိုသည်။
စီမံကိန်းနှင့် ဆက်စပ်သည့် ပစ္စည်းအားလုံးနီပါးရောက်ရှိနေပြီဖြစ်သည့်
လော့လော့ကျောက်မီးသွေးသုံး ဓာတ်အားပေးစက်ရုံ စီမံကိန်းကို
ကော့သောင်းကျောက်မီသွေးဓာတ်အားပေးစက်ရုံကို တည်ဆောက်သည့်
သန်းဖြိုးသူကုမ္ပဏီက နှစ် ၆၀ BOT (တည်ဆောက် လည်ပတ် လွှဲပြောင်း) စနစ်ဖြင့်
လုပ်ကိုင်မည်ဖြစ်ကြောင်း သိရသည်။
လော့လော့ကျောက်မီးသွေးဓာတ်အားပေး စက်ရုံစီမံကိန်းသည် အခြား
ကျောက်မီးသွေးဓာတ်အားပေး စက်ရုံ စီမံကိန်းများ နည်းတူ ဒေသခံများ၏
ကန့်ကွက်မှုကို ရင်ဆိုင်နေရသော်လည်း တည်ဆောက်ရေးလုပ်ငန်းများကို
ပုံမှန်အတိုင်း လုပ်ဆောင်နေသည်။
ရင်းနှီးမြှုပ်နှံမှု ပမာဏ အမေရိကန်ဒေါ်လာ ၆၅ သန်းရှိမည်ဖြစ်ပြီး
စီမံကိန်းအတွက် နားလည်မှု စာချွန်လွှာကို တနင်္သာရီတိုင်းဒေသကြီး
လျှပ်စစ်နှင့် စက်မှုဝန်ကြီးနှင့် သန်းဖြိုးသူ ကုမ္ပဏီတို့ ၂၀၁၂ ခုနှစ်
ဇူလိုင်လ ၂၇ ရက်နေ့က ရေးထိုးခဲ့ကြကြောင်း သိရသည်။
Dawei Watch