Pages

Monday, December 29, 2014

၂၀၁၄ ခုနှစ်မှာ မျှော်မှန်းထားသလို လက်မှတ်မရေးထိုးနိုင်ခဲ့သည့် အပစ်ရပ်စဲရေး စာချုပ်

အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များအကြား တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး ဆောင်ရွက်နိုင်ရေးအတွက် အစိုးရ၏ ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ (UPWC) နှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များ၏ တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ (NCCT) တို့သည် ၂၀၁၃ ခုနှစ် နိုဝင်ဘာ လဆန်းပိုင်းတွင် ကချင်ပြည်နယ် မြစ်ကြီးနားမြို့တွင် စတင်တွေ့ဆုံ ဆွေးနွေးခဲ့ရာ ၂၀၁၄ ခုနှစ် နှစ်ကုန်ပိုင်း တရားဝင်ဆွေးနွေးပွဲနှင့် အလွတ်သဘော ဆွေးနွေးမှု အကြိမ်ပေါင်းများစွာ ပြုလုပ်ခဲ့သော်လည်း မျှော်မှန်းထားသလို ၂၀၁၄ ခုနှစ်အတွင်း လက်မှတ်မရေးထိုးနိုင်ခဲ့မှုကို Weekly Eleven News ဂျာနယ်က ၂၀၁၄ ခုနှစ် ထင်ရှားကျော်ကြား ဖြစ်ရပ်တစ်ခုအဖြစ် ဖော်ပြလိုက်ပါသည်။

UPWC နှင့် NCCT တို့သည် မူလက အပစ်ရပ်စဲရေး ဆောင်ရွက်ရန် အပစ်ရပ်စာချုပ် မူကြမ်းတစ်ခုစီ ကိုင်စွဲ၍ ညှိနှိုင်းဆောင်ရွက်ခဲ့ရာမှ တစ်ဆင့် ၂၀၁၄ ခုနှစ်မတ်တွင် ရန်ကုန်မြို့၌ ပြုလုပ်သော တရားဝင်ဆွေးနွေးပွဲတွင် နှစ်ဖက်ကိုယ်စားလှယ်များ ပူးပေါင်း၍ အခန်းခုနစ်ခန်း ပါဝင်သော တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ် (မူကြမ်း) တစ်စောင် ရေးဆွဲရန် သဘောတူညီခဲ့ပြီး ဧပြီ၊ သြဂုတ်နှင့် စက်တင်ဘာလများတွင် ဆက်လက်ညှိနှိုင်းမှုများ ပြုလုပ်ခဲ့သည်။

နိုင်ငံတော်သမ္မတ ဦးသိန်းစိန် အပါအ၀င် အစိုးရခေါင်းဆောင်များ၊ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ခေါင်းဆောင်များက တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးနိုင်တော့မည်ဟု ၂၀၁၄ ခုနှစ်အတွင်း မကြာခဏ ပြောကြားမှုများ ရှိခဲ့သော်လည်း ဖြစ်လာခဲ့ခြင်း မရှိဘဲ တိုင်းရင်းသားဒေသများတွင် တပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များအကြား တိုက်ပွဲများ၊ ပစ်ခတ်မှုများ မကြာခဏ ဖြစ်ပွားခဲ့ပြီး နှစ်ဖက်တပ်သားများ သေဆုံးဒဏ်ရာ ရရှိမှု များပြားခဲ့သည်။
အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးနိုင်တော့မည်ဟု ၂၀၁၄ ခုနှစ်အတွင်း မကြာခဏ ပြောကြားမှုများ ရှိခဲ့သော်လည်း ဖြစ်လာခဲ့ခြင်း မရှိဘဲ တိုင်းရင်းသားဒေသများတွင် တပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များအကြား တိုက်ပွဲများ . . . . .
အပစ်ရပ်မူကြမ်း ညှိနှိုင်းရာတွင် အဆင်မပြေဖြစ်ခဲ့သည့် စက်တင်ဘာဆွေးနွေးပွဲ အပြီးတွင် တပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များအကြား တိုက်ပွဲများ၊ ပစ်ခတ်မှုများ အကြောင်းအမျိုးမျိုးဖြင့် ဖြစ်ပွားခဲ့ရာ နိုဝင်ဘာက ဖြစ်ပွားခဲ့သည့် လိုင်ဇာဗိုလ်သင်တန်းကျောင်း ဖြစ်စဉ်ကြောင့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲများ ရှေ့ဆက်နိုင်ရေးအတွက် အဟန့်အတား ဖြစ်စေခဲ့သည်။ ယင်းလိုင်ဇာဖြစ်စဉ်ကြောင့် နိုဝင်ဘာလကုန် သို့မဟုတ် ဒီဇင်ဘာလဆန်းပိုင်းတွင် ပြုလုပ်ရန် နှစ်ဖက်ညှိနှိုင်းထားသည့် UPWC နှင့် NCCT တို့၏ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး ညှိနှိုင်းမှု တရားဝင်ဆွေးနွေးပွဲကို ပြုလုပ်နိုင်ခြင်း မရှိတော့ဘဲ နှစ်ဖက်အကြား ယုံကြည်မှု လျော့နည်းလာပြီး သံသယများ ပိုမိုကြီးထွား လာစေခဲ့သည်။

ဒီဇင်ဘာ ၂၂ ရက်နှင့် ၂၃ ရက်များတွင် UPWC နှင့် NCCT တို့၏ လုပ်ငန်းညှိနှိုင်း ဆွေးနွေးပွဲကို ရန်ကုန်မြို့၌ နှစ်ရက်ကြာ ပြုလုပ်ခဲ့သည်။ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ် လက်မှတ်ရေးထိုးမှုကို ၂၀၁၅ ခုနှစ် ဖေဖော်ဝါရီ ၁၂ ရက်တွင် ကျရောက်မည့် ပြည်ထောင်စုနေ့တွင် ပြုလုပ်ရန်အတွက် အစိုးရနှင့် တပ်မတော်ခေါင်းဆောင်များနှင့် အကြိမ်ပေါင်းများစွာ တွေ့ဆုံဆွေးနွေးမှု ပြုလုပ်ထားနိုင်သည့် KNU မှ အထွေထွေအတွင်းရေးမှူး NCCT ခေါင်းဆောင် ပဒိုစောကွယ်ထူးဝင်းက အဆိုပြုခဲ့ကြောင်း၊ ၂၀၁၅ ခုနှစ် ပြည်ထောင်စုနေ့တွင် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး ဖြစ်မြောက်လာရန် အတွက်လည်း ကြိုးစားသွားမည်ဖြစ်ကြောင်း သတင်းစာ ရှင်းလင်းပွဲတွင် နှစ်ဖက်ကိုယ်စားလှယ်များက ရှင်းပြခဲ့သည်။

တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ် လက်မှတ်ရေးထိုးရန်အတွက် ၂၀၁၄ ခုနှစ်အတွင်း၌ အကြိမ်ကြိမ်ရည်ရွယ်ကာ ဆောင်ရွက်ခဲ့သော်လည်း ဖြစ်လာခြင်း မရှိသောကြောင့် လာမည့် ၂၀၁၅ ခုနှစ် ဖေဖော်ဝါရီတွင် ပြုလုပ်မည်ဟု ရည်ရွယ်ထားသည့် တစ်နိုင်ငံလုံး အပစ်ရပ်စဲရေး လက်မှတ်ရေးထိုးမှု ဆောင်ရွက်နိုင်ခြင်း ရှိမရှိကို စောင့်ကြည့်ရမည်ဖြစ်ပေသည်။
EMG