Pages

Monday, December 29, 2014

ဝမ်းပျက်ဝမ်းလျှောဖြစ်သူများ ထားဝယ်ဆေးရုံကြီးသို့ ဆက်တိုက်ရောက်လာနေ


|Dawei Watch| ထားဝယ်၊ ဒီဇင်ဘာ ၂၈
ဝမ်းပျက်ဝမ်းလျှောရောဂါဖြစ်ပွားခြင်းကြောင့် ထားဝယ်မြို့ အထွေထွေရောဂါကုဆေးရုံကြီးတွင်  
ဆေးဝါးတက်ရောက်ကုသမှုခံယူရန်အတွက် ဒီဇင်ဘာလ ၂၂ ရက်မှ ၂၆ ရက်နေ့အထိ တနေ့လျှင် ၁၀ဦးမှ 
၁၅ ဦးခန့်အထိ နေ့စဉ် ရောက်လာကြောင်း  တနင်္သာရီတိုင်းဒေသကြီး ကျန်းမာရေးဦးစီးဌာနမှ 
တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ဝမ်းပျက်ဝမ်းလျှောရောဂါ ဖြစ်ပွားသူများမှာ တနင်္သာရီတိုင်းဒေသကြီး ထားဝယ်မြို့အပေါ်ရှိ 
ရပ်ကွက်အချို့နှင့် 
ထားဝယ်ဒေသအတွင်းရှိ ကျေးလက် ဒေသအတွင်း နေထိုင်သူများဖြစ်ကြောင်း သိရသည်။
ဆေးရုံတွင် ဆေးဝါးကုသခံယူနေသည့် ၀မ်းပျက်ဝမ်းလျှောရောဂါဖြစ်ပွားသူများအနက် 
ထက်ဝက်ကျော်သည် 
ထားဝယ်မြို့ ကြက်စားပြင် ရပ်ကွက်တွင် နေထိုင်သူများဖြစ်ကြောင်း အထက်ပါ တာဝန်ရှိသူက ပြောဆိုသည်။
ရောဂါဖြစ်ပွားသူများမှာ ရာသီဥတုအခြေအနေ၊ စားသုံးသည့်  အစားအသောက် ၊ တစ်ကိုယ်ရေသန့်ရှင်းမှု၊ ပတ်ဝန်းကျင်သန့်ရှင်းမှုတို့နှင့် ဆက်စပ်ကာ ဖြစ်ပွားခြင်းဖြစ်သည်ဟု ၄င်းက ဆိုသည်။
“အစားအသောက်က ဖြစ်တာများတယ်၊ ရေကြောင့်ဖြစ်တာတော့ လက်တလော မတွေ့သေးဘူး၊ 
လက်ရှိ ဆေးရုံမှာ၂၀ဦး  ဆေးဝါးကုသမှု ခံယူနေတယ်”ဟု အထက်ပါ တာဝန်ရှိသူက ဆိုသည်။
ယင်းသို့ ၀မ်းပျက်ဝမ်းလျှော ရောဂါဖြစ်ပွားမှုနှုန်းများလာခြင်းကြောင့် ထားဝယ်မြို့တွင် 
ကျန်းမာရေးဝန်ထမ်းအင်အား ၇၀ဦး၊ 
စည်ပင်ဝန်ထမ်း၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ကြက်ခြေနီတပ်ဖွဲ့များ ပူးပေါင်းပြီး 
ကျန်းမာရေးအသိပညာပေးခြင်း၊ ရေတွင်း ရေကန်ဆေးခတ်ခြင်း၊ လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်း၊ ရောဂါဖြစ်ပွားသူများကို 
ရှာဖွေကုသပေးခြင်းတို့ကို ဒီဇင်ဘာလ ၂၅ ရက်နေ့မှစတင် နေ့စဉ်လုပ်ဆောင်လျက်ရှိသည်ဟု 
တိုင်းဒေသကြီးကျန်းမာရေးဦးစီးဌာနထံမှ သိရသည်။
“၀မ်းလျှောပြီး အန်တယ်၊ ဘာအစားမှားပြီး ၀မ်းကျ(၀မ်းသွား)တယ်ဆိုတာ မသိရသေးဘူး” ဟု 
ကြက်စားပြင်ရပ်ကွက်မှ ထားဝယ်ဆေးရုံကြီး ဆေးဝါးကုသ ခံယူနေရသော အသက် 
၁၃နှစ်အရွယ်ရှိသော လူငယ်တစ်ဦး၏ အစ်ကိုက ဆိုသည်။
ဆေးရုံတွင် ဆေးဝါးကုသမှု ခံယူနေသူများအနက် ၁၀ရာခိုင်နှုန်းက ရောဂါဖြစ်ပွားမှု ပြင်းထန်ကာ ရေခန်းခြောက်မှုဖြစ်ပွားသည်ဟု တိုင်းဒေသကြီး ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူက ပြောဆိုသည်။
ဝမ်းပျက်ဝမ်းလျှောရောဂါဖြစ်ပွားမှုမှ ကာကွယ်နိုင်ရန် ရေကိုကျိုချက်သောက်ရန်၊ ယင်နားစာများ မစားရန်၊ 
ယင်လုံအိမ်သာ အသုံးပြုရန်၊ အစာမစားမီနှင့် အိမ်သာမှအဆင်းတွင် လက်နှစ်ဖက်လုံးကို ဆပ်ပြာဖြင့် 
စင်ကြယ်စွာဆေးကြောရန်၊ တစ်ကိုယ် ရေသန့်ရှင်းရေးကို အလေးထားဆောင်ရွက်ရန်၊ 
အမှိုက်သရိုက်များကို စနစ်တကျစွန့်ပစ်ရန်နှင့် ၀မ်းပျက်ဝမ်းလျှောရောဂါ ဖြစ်ပွားပါက နီးစပ်ရာ 
ကျန်းမာရေးဌာနသို့ သတင်းပို့ ကုသမှုခံယူကြပါရန်  ကျန်းမာရေးဝန်ကြီးဌာနက နှိုးဆော်ထားသည်။
 ထားဝယ်ဆေးရုံကြီးတွင် ၀မ်းပျက်ဝမ်းလျှောရောဂါကြောင့် ဒီဇင်ဘာလ ၂၇ ရက်နေ့ 
ညနေပိုင်းတွင် ဆေးဝါးကုသခံယူရန် တက်ရောက်လာသူ ၁ ဦးရှိသည်ဟု ယင်းဆေးရုံထံမှ သိရသည်။

Dawei Watch