Pages

Wednesday, December 10, 2014

Buddha Bar ပိုင်ရှင်နှင့် မန်နေဂျာနယူးဇီလန် နိုင်ငံသားအား ဖမ်းဆီးထား

 
ဒီဇင်ဘာ ၁၀ ရက်နေ့ ဖေ့စ်ဘွခ်လူမှု ကွန်ယက်ပေါ်တွင် ပျံ့နှံ့နေသည့် Buddha Bar ပိုင်ရှင် မြန်မာနိုင်ငံသားနှင့် မန်နေဂျာ နယူးဇီလန် နိုင်ငံသားအား ဗဟန်းရဲစခန်းမှ ဖမ်းဆီးထားပြီး အရေးယူ ဆောင်ရွက်နိုင်ရန် စုံစမ်းစစ်ဆေးမှု ပြုလုပ်နေကြောင်း ဗဟန်းမြို့နယ်ရဲမှူး ဦးခင်မောင်ကြည်က News Watch သို့ ပြောကြားလိုက်သည်။

အဆိုပါသတင်းသည် ဒီဇင်ဘာ ၁၀ ရက် နံနက်ပိုင်းမှစ၍ အွန်လိုင်းစာမျက်နှာများတွင် ပျံ့နှံ့လာခဲ့ခြင်းကြောင့် တာဝန်ရှိသူများက သွားရောက်စစ်ဆေးအရေးယူခဲ့သည်ဟု ဆိုသည်။
“ဆိုင်မန်ဂျာက နယူးဇီလန်နိုင်ငံသားပါ။ ပိုင်ရှင်ကတော့ မြန်မာနိုင်ငံသားပါ။ အခုလူကြီးတွေနဲ့ တိုင်ပင်ပြီး ဘယ်လိုအရေးယူရမယ်ဆိုတာ စီစဉ်နေပါပြီ။ လတ်တလော ဒီလောက်ပဲ ပြောလို့ရပါသေးတယ်””ဟု ၎င်းက ပြောကြားသည်။

အဆိုပါ ဘာကြော်ငြာပုံတွင် ဗုဒ္ဓရုပ်ဦးခေါင်းတော်တွင် Earphone နားကြပ်တပ်ဆင်ပေးထားသည်ကို မြင်တွေ့ရပြီး ယင်းဆိုင်းတွင် Shisha ရှူရှိုက်၍ ရနိုင်ကြောင်း၊ ဒီဇင်ဘာ ၁၄ ၌ စမည်ဖြစ်ကာ ၀င်ကြေးကျပ် တစ်သောင်းခွဲသတ်မှတ်၍ ညနေ ၃ နာရီမှ ၆ နာရီဟု ကြော်ငြာထားသည့်အတွက် Day Club ဟု အွန်လိုင်းအသုံးပြုသူများ က စွပ်စွဲရေးသားထားသည်။

ယင်းသတင်းများနှင့်ပတ်သက်၍ ဒီဇင်ဘာ ၁၀ ရက်နေ့ခင်းပိုင်းမှ အွန်လိုင်းတွင် ပျံ့နှံ့နေ၍ ၎င်းကြော်ငြာပါ ဖုန်းနံပတ်အား ဆက်သွယ်ခဲ့သော်လည်း ဆက်သွယ်၍ မရရှိခဲ့ပေ။

ဗုဒ္ဓရုပ်ပုံအား ယမကာဆိုင်ကြော်ငြာတွင် အသုံးပြုမှုအတွက် သင့်တော်မှုမရှိကြောင်း၊ စော်ကားမှုသက်သက်ဖြစ် ကြောင်း အွန်လိုင်းအသုံးပြုသူများက ဝေဖန်လျက်ရှိသည်။

ယင်းသတင်းနှင့်ပတ်သက်၍ သမ္မတရုံးညွှန်ကြားရေးမှူး၊ မှူးဇော်၏ Facebook စာမျက်နှာတွင်လည်း သက် ဆိုင်ရာတာဝန်ရှိသူများက သွားရောက် စစ်ဆေးနေကြောင်း ရေးသားထားပြီး လွှတ်တော်ကိုယ်စားလှယ်ဦးလှဆွေကလည်း ယင်းကိစ္စမှာ မသင့်တော်ကြောင်း ၎င်း၏ Facebook ပေါ်၌ ရေးသားထားခဲ့သည်။

News Watch(စောင့်ကြည့်သတင်းဂျာနယ်)