Pages

Saturday, January 18, 2014

လွှတ်တော်ထဲက တပ်မတော်သား ကိုယ်စားလှယ်တွေ သဘာဝကျကျ ဆွေးနွေးချက်မျိုးဖြစ်သင့်

သီပေါမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးရဲထွန်း
 ဒုတိယအကြိမ်လွှတ်တော်ထဲ တကြိမ် ၀င်ရောက်ဆွေးနွေးခဲ့ပြီး ကတည်းက ၀င်ရောက် ဆွေးနွေးခြင်း မရှိတော့တဲ့ တပ်မတော်သား ကိုယ်စားလှယ်တွေဟာ န၀မ အကြိမ် လွှတ်တော်ထဲမှာ ပြန်လည်ဝင်ရောက် ဆွေးနွေးခဲ့ကြပါတယ်။

ဇန်န၀ါရီ ၁၇ ရက်နေ့က ကျင်းပပြုလုပ်ခဲ့တဲ့ ပြည်ထောင်စုလွှတ်တော်မှာ ပြည်ထောင်စု လွှတ်တော်ဆိုင်ရာ ဥပဒေကြမ်းနဲ့ ပတ်သက်ပြီး ဆွေးနွေးခဲ့ကြရာမှာ တပ်မတော်သား ကိုယ်စားလှယ်တွေက သမ္မတ သဘောထားမှတ်ချက်ကို ထောက်ခံဆွေးနွေးခဲ့ကြတာ ဖြစ်ပါတယ်။

တပ်မတော်သားကိုယ်စားလှယ်တွေ လွှတ်တော်ထဲ ဆွေးနွေးချက်တွေဟာ သဘာဝကျကျ လွတ်လွတ်လပ်လပ် ဆွေးနွေးချက်မျိုး ဖြစ်သင့်တယ်လို့ သီပေါမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးရဲထွန်းက ပြောပါတယ်။

By ရွှေအောင် (ဒီဗွီဘီ)

ဦးရဲထွန်းကို ဒီဗွီဘီ ၀ိုင်းတော်သား ဦးရွှေအောင်က ဆက်သွယ်မေးမြန်းထားပါတယ်။


နမ့်ခမ်းမြို့ ဘိန်းခင်း တိုင်းတာရေး အဖွဲ့ဝင် နှစ်ဦးအား ဒေသတွင်း ပြည်သူ့စစ် တပ်ဖွဲ့ ဖမ်းဆီး ရိုက်နှက်

 
သျှမ်းပြည် မြောက်ပိုင်း နမ့်ခမ်းမြို့နယ် ဘိန်းခင်း တိုင်းတာရေး အဖွဲ့ဝင် နှစ်ဦးအား ယခုလ ၁၂ ရက်နေ့က ဒေသတွင်း ပြည်သူ့စစ် တပ်ဖွဲ့၏ ဖမ်းဆီးရိုက်နှက် စစ်ဆေးမှုခံရကြောင်း သျှမ်းသံတော်ဆင့်မှ သတင်းရရှိသည်။

ဘိန်းခင်းတိုင်းတာရေးအဖွဲ့ဝင် နှင့် နမ့်ခမ်းမြို့နယ် ပြည်သူ့ရဲတပ်ဖွဲ့တို့ ဂျန္နဝါရီလ ၁၂ ရက်က မိုင်းဝီး ကျေးရွာအုပ်စုဘက် ဘိန်းခင်းတိုင်းတာရန် ခရီးထွက်ခဲ့ကြောင်း၊ ထိုအထဲမှ ဘိန်းခင်းတိုင်းတာရေးအဖွဲ့ဝင် နှစ်ဦး အား ဒေသတွင်းမှ ပန်းဆေး ပြည်သူ့စစ်တပ်ဖွဲ့ဝင်များက နေ့လည် ၂ နာရီ မှ ည ၉ နာရီ အထိ လက်ထိပ်ခတ် ရိုက်နှက် မေးမြန်းပြီး ပြန်လွှတ်ပေးခဲ့ကြောင်း နမ့်ခမ်းမြို့နယ် အုပ်ချုပ်ရေးမှုး အဖွဲ့ နှင့် နီးစပ်သူတစ်ဦးကဆိုသည်။

ရိုက်နှက်စစ်ဆေးခံရသည့် ပုဂ္ဂိုလ်နှစ်ဦးမှာ ဦးနိုင်ထွန်းမောင် နှင့် ဦးအံ့ကျော်တို့ဖြစ်သည်ဟု နီးစပ်သည့်အသိုင်းအဝိုင်းကပြောသည်။

“ သူတို့ ဘိန်းခင်းကြည့်ဖို့ တက်သွားတာက ၆ ယောက်ပါ၊ ရဲတပ်ဖွဲ့လေးယောက်ပါတယ်၊ ရဲတပ်ဖွဲ့ကအရင်ပြန်ဆင်း လာပြီးမှ ကျန်ခဲ့တဲ့ ၂ ယောက်ကို ပန်းဆေးပြည်သူ့စစ်တပ်ဖွဲ့က ဖမ်းဆီးရိုက်နှက် မေးမြန်းတာ” - ဟု ၄င်းက ပြောသည်။

အဆိုပါကိစ္စနှင့် ပတ်သက်၍ ပန်းဆေးပြည်သူ့စစ်တပ်ဖွဲ့ ခေါင်းဆောင်ပိုင်းထံ ဖုန်းဆက်မေးမြန်းသော်လည်း လက်ခံဖြေကြားခြင်းမရှိပေ။

“ ကျနော်တို့ဘက်ကလည်း သက်ဆိုင်ဌာန ကို စာတင် တိုင်ကြားထားတယ်၊ အခြေအနေက ဘယ်လို ဖြစ်လာမလဲတော့ ခုထိတော့ မသိရသေးဘူး ” ဟု ရိုက်နှက်ခံရသူ ကာယကံရှင်တဦးပြောပြကြောင်း နီးစပ် သော အသိုင်းအဝိုင်း ကဆိုသည်။

အဆိုပါ ဒေသခံပြည်သူ့စစ်တပ်ဖွဲ့ဝိုင်းရိုက်သည့် ပုဂ္ဂိုလ်နှစ်ဦးသည် သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့မှ ဘိန်း ခင်း တိုက်ဖျက်ရေးဆိုင်ရာသင်တန်းအား ၂၀၁၃ နှစ်နှောင်းပိုင်းက သင်တန်းဆင်းလာသည်ဟုလည်းဆိုသည်။

ကမ္ဘာတွင် အာဖကန်နစ်စတန် နိုင်ငံပြီးလျှင် မြန်မာနိုင်ငံက ဘိန်းအများဆုံးထွက်ရှိသည့်နိုင်ငံဖြစ်သည်ဟု ကမ္ဘာ့မူးယစ်ဆေးဝါးနှင့် ရာဇဝတ်မှုဆိုင်ရာ တိုက်ဖျက်ရေးအဖွဲ့ UNODC က ထုတ်ပြန်ကြေငြာဖူးပါသည်။

နမ့်ခမ်းမြို့နယ် ပန်းဆေးကျေးရွာအုပ်စုအခြေစိုက် ပန်းဆေးပြည်သူ့စစ်တပ်ဖွဲ့အား ၂၀၁၀ ခုနှစ်က ကြံ့ခိုင်ရေးပါတီ၏ လွှတ်တော်ကိုယ်စားလှယ်ဖြစ်သွားသည့် ဦးကျော်မြင့်က ဦးဆောင်ပါသည်။
သျှမ်းပြည်မူးယစ်စောင့်ကြည့်ရေးအဖွဲ့က အဆိုပါ လွှတ်တော်အမတ် ဦးကျော်မြင့်အား ခေတ်သစ်မူးယစ်ရာဇာဟု တင်စားခေါ်ဝေါ်ထားပါသည်။

ဦးကျော်မြင့်သည် ယခုအခါ ၄င်း၏ညီ ဦးကျော်ထွေးအား ပြည်သူ့စစ်ခေါင်းဆောင်အဖြစ် တာဝန်ပေးထားကြောင်း နီးစပ်သည့် ပုဂ္ဂိုလ်များက ပြောပါသည်။

သျှမ်းသံတော်ဆင့်/စိုင်းတိုင်း

ဟားခံလိုက်ရတဲ့ ဦးပိုင် (ရုပ်သံ)


ဒေါ်အောင်ဆန်းစုကြည် ဘားအံဘောလုံးကွင်း ရောက်ရှိ


ကရင်ပြည်နယ် ဘားအံမြို့ အောင်သံလွင် ကွင်းတွင် ယနေ့ကျင်းသော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မှ ကရင်ပြည်နယ်လူထုအား ၂၀၀၈ အခြေခံဥပဒေ ရှင်းလင်းခြင်းအခမ်းအနား သို့ ရောက်ရှိလာသော အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် နှင့် ကွင်းလုံးပြည့်တက်ရောက်လာသော ကရင်ပြည်နယ်လူထုကို မြင်တွေ့ရသည့်မြင်ကွင်း / ဓါတ်ပုံ- News and Information Department of NLD 

ဘားအံ၊ မဇ္ဈိမ။ ။ ကရင်ပြည်နယ် ဘားအံမြို့ကို ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ စည်းရုံးဟောပြောပွဲလုပ်ရန် ရောက်ရှိနေပြီဖြစ်သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည် ညနေ ၄နာရီ ၅၀မိနစ်တွင် ဘားအံမြို့ အောင်သံလွင် ဘောလုံးကွင်းသို့ ရောက်ရှိလာပြီဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်သည် နေပြည်တော်ရှိ သူမ၏ နေအိမ်မှ ယနေ့ (ဇန်နဝါရီ ၁၈ရက်) နံနက်ပိုင်းက ကားဖြင့် ထွက်ခွာလာပြီး ကျိုက်ထိုမြို့ စိမ်းလဲ့တင်ထမင်းဆိုင်တွင် ထမင်းစားခဲ့သည်။ ထိုမှတစ်ဆင့် ဘားအံမြို့သို့ လာရာ လမ်းတစ်လျောက်တွင် ကြိုဆိုသူများကို နှုတ်ဆက်ခဲ့သည်။

ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးအတွက် လူထုဆန္ဒရယူပွဲအပြီးတွင် ဘားအံမြို့၌ပင် ညအိပ်နားနေမည်ဖြစ်ပြီး ၁၉ရက်နေ့ နံနက်တွင် ကရင်ပြည်နယ် လှိုင်းဘွဲ့မြို့သို့ ဆက်လက်ထွက်ခွာမည်ဖြစ်သည်။

(မဇ္ဈိမသတင်းဌာန)

ပဉ္စမအကြိမ် ကလေးစစ်သား ၉၅ ဦး နှုတ်ထွက်ခွင့်ပြု


ကလေးစစ်သား ၉၅ ယောက်ကို စစ်မှုထမ်းခြင်းက နှုတ်ထွက်ခွင့်ပြုပြီး မိဘတွေထံကို ပြန်လည် အပ်နှံတဲ့ အခမ်းအနားကို ဇန်န၀ါရီလ ၁၈ ရက်နေ့က ရန်ကုန်မြို့ ဒညင်းကုန်း စစ်ကြောရေးစခန်း မှာ ပြုလုပ်ခဲ့ပါတယ်။

၂၀၀၄ ခုနှစ်ကနေ ၂၀၁၂ အထိ ကလေးစစ်သား စုစုပေါင်း ၅၉၇ ယောက်ကို ပြန်လွှတ်ပေးခဲ့ပြီး ဥပဒေချိုးဖောက်သူ အရာရှိ ၃၀ ကျော် အပါအ၀င် စစ်သည် ၂၂၆ ယောက်ကို အပြစ်ပေး အရေးယူပြီး ဖြစ်တယ်လို့ တွဲဖက်စစ်ရေးချုပ် ဗိုလ်ချုပ် သန်းစိုးက မိန့်ခွန်းထဲမှာ ထည့်သွင်းပြောကြားပါတယ်။

အဲ့ဒီ အခမ်းအနားမှာ ကလေးစစ်သားတွေကို စစ်မှုထမ်းဆောင်ခြင်းက ရပ်စဲခွင့် စာရွက်စာတမ်းတွေ ပေးအပ်ခဲ့ သလို အသက် ၁၈ နှစ်ပြည့်ပြီးတဲ့ ကလေးစစ်သားတွေကို နိုင်ငံသားစိစစ်ရေး ကတ်ပြားတွေ ထုတ်ပေးခဲ့ ပါတယ်။
တပ်မတော်နဲ့ ကုလသမဂ္ဂ လက်အောင်ခံအဖွဲ့ဖြစ်တဲ့ CTFRM အဖွဲ့တို့ ပူးပေါင်းပြီး ကလေးစစ်သားတွေကို ပြန်လွတ်ပေးတာဟာ ပဉ္စမ အကြိမ် ရှိပြီ ဖြစ်ပါတယ်။

၂၀၁၂ ခုနှစ် ဇွန် ၂၇ ရက်နေ့က အရွယ်မရောက်သေးသူ ကလေးသူငယ်များအား စစ်မှုထမ်းခြင်းမှ ကာကွယ် တားဆီးရန်အတွက် တပ်မတော်မှ ကလေးစစ်သားတွေ ပပျောက်ဖို့ ကုသမဂ္ဂ CTFRM အဖွဲ့နဲ့ လက်မှတ်ရေးထိုး ထားပြီး ကလေးစစ်သားပပျောက်ဖို့ ပူးပေါင်းဆောင်ရွက်နေတာဖြစ်ပါတယ်။

By ဒီဗွီဘီ

» မြန်မာတွေ တိုက်ခိုက်၍ မောင်တောတွင် မူဆလင် ဒါဇင်နှင့်ချီပြီ သေဆုံးခဲ့သည်ဟု AP တွင် သတင်းဖေါ်ပြ

 
နိရဉ္စရာ- ၁၇ ဇန်န၀ါရီလ ၂၀၁၄)

ကမ္ဘာသတင်းဌာနကြီးများအထဲမှ တစ်ခု ဖြစ်သော AP (Associated Press ) သတင်းဌာနက  မြန်မာနိုင်ငံ အနောက်ဘက် အစွန်ဆုံး မောင်တောမြို့တွင် မြန်မာတွေ တိုက်ခိုက်၍ မွတ်လင်အမျိုးသမီးများနှင့် ကလေးငယ် ဒါဇင်နှင့် ချီပြီး သေဆုံးခဲ့သည်ဟု Group: Myanmar Mob Kills More Than a Dozen Muslims ခေါင်းစဉ်ဖြင့် ဇန်န၀ါရီလ ၁၆ ရက်နေ့က သတင်း ဖေါ်ပြသည်။

၎င်းသတင်းဖေါ်ပြမူနှင့် ပတ်သက်ပြီး နိရဉ္စရာမှ မောင်တောခရိုင် ရဲမှူးကြီး ဦးရွှေသန်းအား ဖုံးထဲမှ တဆင့် ဆက်သွယ် မေးမြန်းရာ ရဲမှူးကြီးက ၎င်းသတင်းမှာ လုံးဝ မဟုတ်မှန်ကြောင်း ယခုလို ပြောသည်။

“ ကျွန်တော်တို့ဆီမှာ ဒီလို ဖြစ်တာမျိုး လုံးဝ မရှိပါဘူး။ ကျွန်တော်တို့ဆီက ဆရာကြီး တစ်ဦးသာ ပျောက်ဆုံးနေတာ အခုအချိန်ထိ ရှာမရသေးပါဘူး။ ဒီလို မူဆလင်တွေ အသတ်ခံရတယ်ဆိုတာ လုံးဝ မဟုတ်ပါဘူး” ဟု သူက ဆိုသည်။

အဆိုပါ သတင်း၏ သတင်းအစတွင် လွန်ခဲ့သော အင်္ဂါနေ့က မြန်မာနိုင်ငံ အနောက်ဘက်အစွန်ဆုံး မြို့တစ်ခုတွင် ဗုဒ္ဓဘာသာဝင် လူအုပ်စု တစ်ခုမှ ဓါးများဖြင့် ၀င်ရောက် ရမ်းကားရာမှ မွတ်ဆလင်နှင့် ကလေးငယ်များ တစ်ဒါဇင် (၁၂ ယောက်) ထက် အများ သေဆုံးခဲ့သည်ဟု ကျေးရွာသား တစ်ဦးနှင့် လူ့အခွင့်အရေး အဖွဲ့ တစ်ခုက ပြောသည်ဟု ဆိုကာ သတင်းကို  စဖေါ်ပြသည်။

“ဒါလည်း လုံးဝ မဟုတ်ပါဘူးခင်ဗျား။ ဘယ်ဗုဒ္ဓဘာသာ မြန်မာကမှ မောင်တောမြို့နယ်မှာ မူဆလင်တွေကို တိုက်ခိုက်တာ မရှိပါဘူး။ ရုန်းရင်းဆန်ခတ်၊ အချေအတင် ဖြစ်တဲ့ အနေအထားလည်း မရှိပါဘူးခင်ဗျား” ဟု ရဲမှူးကြီးက နိရဉ္စရာသို့ ပြောဆိုသည်။

AP သတင်း၏ ဒုတိယ စာပုဒ်တွင် မြန်မာအရာရှိ တစ်ဦးက အခြေအနေမှာ တင်းမာနေကြောင်း၊ သို့သော်လည်း လူသေမူရှိသည် ဆိုသည့်အပေါ် ငြင်းဆိုသွားကြောင်း ဖေါ်ပြထားပြန်သည်။

၎င်းပြင် ရခိုင် စီမံကိန်း ( Arakan Project) ၏ တာဝန်ခံ ဖြစ်သူ ခရစ်လေ၀ါး ( Chris Lewa) ဆိုသည့် အမျိုးသမီးက ၎င်းဆူပူ အကြမ်းဖက်မူမှာ လွန်ခဲ့သော အင်္ဂါနေ့က ဖြစ်ပွားခဲ့ကြောင်း အတည်ပြု ပြောကြားသည်ဟု သတင်းတွင် ဖေါ်ပြသည်။

ယင်းပြင် လွန်ခဲ့သောလက မောင်တောသို့ တရားဟောရန် ရောက်ရှိလာခဲ့ကြသော ၉၆၉ ရဟန်းတော်များမှ သူတို့ တရားတော်များကို ဟောကြားရာတွင် ရိုဟင်ဂျာ ဆိုသူများကို နှင်ထုတ်ရန် အသံချဲ့စက်များနှင့် ဆော်သြသွားကြောင်း ရခိုင် စီမံကိန်း ( Arakan Project) ၏ တာဝန်ခံ ဖြစ်သူ ခရစ်လေ၀ါး ( Chris  Lewa) ဆိုသူ အမျိုးသမီးက ပြောကြောင်း သတင်းတွင် ဖေါ်ပြသည်။

ဆက်လက် သတင်းကို ဖေါ်ပြရာ လူသေအလောင်းသုံးလောင်းကို ထင်းခုတ်သူများက ဒုချရားတန်းကျေးရွာ မြောင်းတစ်ခုထဲက တွေ့ရှိရာမှ ပြဿနာ စတင်၍ တင်းမာလာသည်ဟု AP သတင်းက ဆိုပြန်သည်။

ယင်းအလောင်း (၃) လောင်းမှာ အာဏာပိုင်များက ယင်းနေ့ နံနက်စောစောက ဖမ်းဆီးသွားသော လူ ၈ဦးထဲမှ သုံးဦး၏ အလောင်း ဖြစ်သည်ဟု ယုံကြည်ရကြောင်း AP သတင်းတွင် ဆက်ဖေါ်ပြသည်။

ယင်းပြင်သူတို့က သူတို့၏ ဆွေမျိုးများနှင့် သူငယ်ချင်းများကို ပြသရန် ၎င်းသေဆုံးများကို ဖုံးကင်မရာဖြင့် ဓါတ်ပုံရိုက်၍ ယူလာကြောင်း အင်္ဂလိပ်စာပြ ကျောင်းဆရာ တစ်ဦးကပြောသည်ဟု သတင်းက ဆိုပြန်သည်။

၎င်းနေ့ ညဉ့်တွင်ပင် ရဲသား (၅) ဦးက တယ်လီဖုံးကို သိမ်းရန်နှင့် ဧည့်စာရင်း စစ်ရန် လာရာ ၎င်းမူဆလင်ရွာသားတို့က ၀ိုင်းဝန်းရိုက်နှက် တိုက်ခိုက်ကြောင်း၊ ရဲသားများ နံနက်စောစော (၂) နာရီခန့်တွင် ပြန်သွားရာ တစ်ဦးမှာ ပျောက်ကျ ကျန်နေခဲ့ကြောင်း သတင်းတွင် ရေးသားသည်။

ယင်းနောက်ပိုင်း လုံခြုံရေး အရ နှိမ်နှင်းမူ ပေါ်ပေါက်လာသည်ဟု သတင်းက ရေးသည်။

၎င်းအင်္ဂလိပ်ကျောင်းဆရာကပင် စစ်သားနှင့် ရဲသားများသည် ယင်းမူဆလင်ရွာအား ၀ိုင်းလိုက်ပြီ တံခါးများကို ချိုးဖေါက်ဝင်ရောက်ကာ မွေးမြုထားသော နွား၊ ဆိတ်၊ ကြက်စသည့် တိရစ္ဆာန်များနှင့် မူဆလင်များပိုင် ပစ္စည်းများကို လုယက်ကြကြောင်း ပြောဆိုသည်ဟု ရေးသားသည်။

ရဲသားများ ရောက်လာချိန်တွင် ရွာထဲရှိ ယောင်္ကျားများအားလုံးမှာ ထွက်ပြေးသွားပြီး ရွာထဲတွင် မိန်းမ၊ ကလေးနှင့် အသက်အရွယ် ကြီးရင့်နေသူများသာ ပုန်းအောင်း ကျန်နေခဲ့သည်ဟု သတင်းက ဆိုပြန်သည်။

Arakan Project မှ တာဝန်ခံ ခရစ်လေ၀ါး ( Christ Lewa) မှ ပြောကြားသည်မှာ သူမ၏ ရရှိသော သတင်းအရ ရိုဟင်ဂျာ အမျိုးသမီးနှင့် ကလေးငယ် အမြောက်အမြား ခုတ်သတ်ခံရ၍ သေဆုံးသွားကြောင်း၊ သေဆုံးသူ အရေအတွက် အတိအကျကို ကျယ်ကျယ်ပြန့်ပြန့် စစ်ဆေးနေကြောင်း၊ တချို့က ဆယ်ဦးထက် မနည်း သေဆုံးသည်ဟု ပြောကြောင်း၊ တခြားလူများက ဒါဇင်ခန့်ရှိကြောင်း ပြောသည်ဟု သတင်းတွင် ရေးသားပြန်သည်။

အမည်နာမကို ဖေါ်ပြမထားသော အင်္ဂလိပ်ကျောင်းဆရာက မူဆလင် အမျိုးသမီး ၁၇ ဦးနှင့် ကလေး ၅ ဦး အသတ်ခံရကြောင်း ဖုံးထဲက တဆင့် ပြောကြောင်း AP က ဖေါ်ပြသည်။

အခြေအနေမှာ တင်းမာနေသည်ဟု သတင်းရကြောင်း၊ အဆက်အသွယ်ခက်ခဲသဖြင့် သတင်းရရှိရန် ခက်ခဲကြောင်း၊ ယင်းဒေသတွင် လူဦးရေ တစ်သန်းခန့်ရှိသော ရိုဟင်ဂျာဆိုသူ ၈၀ ရာခိုင်နုန်း နေထိုင်ကြောင်း သတင်းက ဆိုထားပြန်သည်။

ရခိုင်ပြည်နယ် ပြောရေးဆိုခွင့်ရသူ ဦးဝင်းမြိုင်က ရဲတပ်ဖွဲ့ဝင်များက ပျောက်ဆုံးနေသော ရဲတပ်သားကို ရှာဖွေရန် အတွက် ရွာကို ၀ိုင်းထားကြောင်း၊ သူ့အနေနှင့် လူတစ်ဦးတစ်ယောက်မျှ အသတ်ခံရသည်ဟု မကြားရကြောင်း ပြောဆိုသည်ဟု သတင်းတွင် ဆက်လက် ဖေါ်ပြသည်။

၎င်း ဒုချရားတန်းရွာ အနီးတွင် နေထိုင်သူ အခြားရွာတစ်ရွာမှ မူဆလင်ကျောင်းဆရာ ခင်မောင်သန်းက အခင်းဖြစ်ပွားရာ ဒုချရားတန်းသို့ သွားရောက်ကြည့်ရှု့ရာ အကြမ်းဖက်မူ ဖြစ်ပွားကြောင်း သက်သေ အထောက်အထားနှင့် သေဆုံးမူရှိသည်ကို မမြင်မတွေ့ရကြောင်း ပြောဆိုသည်ဟု နောက်ဆုံးတွင် နိဂုံးချုပ်ထားသည်။

ယခုကဲ့သို့ ကမ္ဘာကျော် သတင်းဌာန တစ်ခု ဖြစ်သော AP သတင်းမှ အချက်အလက် ခိုင်လုံမူ မရှိသည့် အပြင် သူတို့ကိုယ်တိုင်လည်း သွားရောက်မေးမြန်းခြင်းမရှိဘဲ ယခုကဲ့သို့ အခြေအမြစ် မရှိသော သတင်းများရေးသား တင်ပြမူ အပေါ် ဘယ်လိုမြင်ပါသလဲဟု ပြည်ပတွင် နှစ်အတန်ကြာအောင် အင်္ဂလိပ်လို ဆောင်းပါးများ ရေးသားနေသူ မြန်မာ သတင်းဆရာ တစ်ဦးအား မေးမြန်းရာ သူက ယခုလို ပြောသည်။

“  ဒါက သတင်းဌာနတစ်ခုရဲ့ ကျင့်ဝတ် Ethic ကို အကြီးအကျယ် ချိုးဖေါက်ရာ ရောက်ပါတယ်။ ဒါက မသေချာတဲ့ သတင်းပါ။ ဒါကို တင်ပြတယ်ဆိုကတည်းက ကျင့်ဝတ်ပိုင်းဆိုင်ရာ တော်တော်ချိုးဖေါက်တယ်လို့ မြင်ပါတယ်။ မြန်မာ အစိုးရတာဝန်ရှိသူတွေ (မဟုတ်ရင်) နိုင်ငံရေး ပါတီတွေက အဲဒီ သတင်းဌာနကို တိုက်ရိုက် ကန့်ကွက်သင့်ပါတယ်” ဟု ယင်းသတင်းစာဆရာကြီးက ပြောဆိုသွားသည်။

နိရဉ္စရာ

ဒေါ်အောင်ဆန်းစုကြည် ဆုရဇာတ်ကား The Act of Killing (full movie) (ရုပ်/သံ)

 
မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့နှစ်က ပထမဆုံးအကြိမ်ကျင်းပခဲ့တဲ့ လူ့အခွင့်အရေး၊ လူ့ဂုဏ်သိက္ခာ နိုင်ငံတကာ ရုပ်ရှင်ပွဲတော်မှာ ဒေါ်အောင်ဆန်းစုကြည်ဆုရရှိခဲ့တဲ့ “The Act of Killing” မှတ်တမ်း ရုပ်ရှင်ဇာတ်ကားဟာ ၂၀၁၃ ခုနှစ်အတွက် အကောင်းဆုံး မှတ်တမ်းရုပ်ရှင် အော်စကာဆု ဆန်ကာ တင်စာရင်း ၀င်အဖြစ် ရွေးချယ်ခံ ရတယ်လို့ သိရပါတယ်။  “The Act of Killing” မှတ်တမ်းရုပ်ရှင်ဇာတ်ကားကို ဒါရိုက်တာ Joshua Oppenheimer နဲ့ Signe Byrge Sørensen တို့က ရိုက်ကူးခဲ့တာဖြစ်ပြီး အင်ဒိုနီးရှားနိုင်ငံမှာ ၁၉၆၀ လောက်က ကွန်မြူနှစ်ဝါဒယုံကြည်သူတွေကို အစိုးရက အုပ်စုလိုက်သတ်ဖြတ်တဲ့အကြောင်းကို အခြေခံရိုက်ကူးခဲ့တာဖြစ်ပါတယ်။
အဆိုပါ ဇာတ်ကား ရုပ်/သံ အစအဆုံးကို တင်ဆက် ပေးလိုက်ပါတယ်။

  ရုပ်/သံကြည့်ရန်ဤနေရာကိုနှိပ်ပါ

ရာဟူးလ်ဂန္ဒီ အိန္ဒိယ ဝန်ကြီးချုပ် အဖြစ် အရွေးခံမည်မဟုတ်

မိခင်ဖြစ်သူ Sonia Gandhi (ယာ)နဲ့ သားဖြစ်သူ Rahul Gandhi (ဝဲ)
အိန္ဒိယနိုင်ငံ နိုင်ငံရေးလောကရဲ့ အထင်ကရ အမျိုးသမီးကြီးက သူမရဲ့သားဖြစ်သူကို လာမယ့် ရွေးကောက်ပွဲမှာ ဝန်ကြီးချုပ် အဖြစ် အမည်စာရင်း တင်သွင်းမှာ မဟုတ်ဘူးလို့ ပြောဆိုလိုက်ပါတယ်။
အာဏာရ ကွန်ဂရက်အိုင် ပါတီအတွင်း အစည်းဝေးကျင်းပခဲ့ပြီး သဘောတူညီချက် ရရှိခဲ့ပြီးတဲ့ နောက်တနေ့မှာ သူမရဲ့ သားဖြစ်သူ ရာဟူး Rahul ကို ပါတီရဲ့ ဝန်ကြီးချုပ်လောင်းအဖြစ် အမည်တင်သွင်းမှာ မဟုတ်တဲ့အကြောင်း မစ္စဆူနီယာ ဂန္ဒီက သောကြာနေ့မှာ ပြောဆိုလိုက်တာပါ။

ဒါဟာနောက်ဆုံး မပြင်တဲ့ ဆုံးဖြတ်ချက်ဖြစ်တယ်လို့ သူမက ပြောပါတယ်။
ကြိုတင်ကောက်ခံနေတဲ့ ရွေးကောက်ပွဲ အနိုင်ရှုံးစစ်တမ်းတွေအရ ကွန်ဂရက်အိုင်ပါတီဟာ အတိုက်ခံ ဘာရာတီယာ ဂျနာတား ပါတီ Bharatyia Janata Party ရဲ့နောက်မှာရောက်နေပါတယ်။ စီးပွားရေးနှေးကွေးနေမှုတွေ အဂတိလိုက်စား မှုတွေကြောင့် မဲဆန္ဒပေးသူတွေ မကြိုက်ကြတာဖြစ်တယ်လို့ ဆိုပါတယ်။

နရင်ဒရာ မိုဒီ Narendra Modi ဦးဆောင်တဲ့ BJP ပါတီဟာ မကြာခင်က ပြုလုပ်ခဲ့တဲ့ ပြည်နယ် ရွေးကောက်ပွဲတွေမှာ ကွန်ဂရက်စ် ပါတီကို ရှုံးနိမ့်ခဲ့တြ့အကြောင်း ပြောပါတယ်။ မိုဒီဟာ အနောက် ဂူဂျာရတ်ပြည်နယ်ရဲ့ ၀န်ကြီးချုပ် ဖြစ်ပါတယ်။

သူရာထူးရလာခဲ့တဲ့ ၂၀၀၂ ခုနှစ် နောက်ပိုင်းဖြစ်ပွားခဲ့တဲ့ မွတ်ဆလင် ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေကို ထိထိရောက်ရောက် မကိုင်တွယ်နိုင်ဘူးလို့ စွတ်စွဲခံနေရသူလည်းဖြစ်ပါတယ်။ အဲဒီ့ပြည်နယ်မှာ အကြမ်းဖက် မှုတွေဖြစ်ပွားခဲ့ပြီး လူပေါင်းတထောင်ကျော် သေဆုံးခဲ့ရပါတယ်။ 
ဗွီအိုအေ (မြန်မာပိုင်း)

အင်တာနက် စာမျက်နှာများပေါ်တွင် နာမည်ကျော်နေသော အနှိပ်ခန်းအား ၀င်ရောက်ဖမ်းဆီး

 
ပုသိမ်၊ ဇန်န၀ါရီ ၁၅

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့ရှိ အင်တာနက် စာမျက်နှာများပေါ်တွင် နာမည်ေ ကျာ်ကြားနေသော KTV ဆိုင်တစ်ဆိုင်အား ပုသိမ်မြို့ အမှတ်(၂) ရဲစခန်းမှ ၀င်ရောက်စစ်ဆေး ဖမ်းဆီးခဲ့ကြောင်း သိရသည်။ ပုသိမ်မြို့ အမှတ်(၁) နယ်မြေ စကားဝါ လမ်းမကြီးပေါ်တွင် ဖွင့်လှစ်ထားသော ပန်းကြာဖြူ ကာရာအိုကေ ဆိုင်အား ဇန်န၀ါရီလ ၇ ရက်နေ့ ည ၉ နာရီခန့်က ပြည်သူများ၏ သတင်းပေးချက်အရ အမှတ် (၂) ရဲစခန်းမှ ၀င်ရောက် ဖမ်းဆီးမိခဲ့ပြီး အမျိုးသမီး ၃ ဦးအား (ပ) ၃/၂၀၁၄၊ ပြစ်မှုပုဒ်မ ၃(က)(ခ) တို့အရ ဇန်န၀ါရီလ ၈ ရက်နေ့တွင် ပုသိမ်မြို့နယ် တရားရုံးတွင် တရားစွဲဆို တင်ပို့ခဲ့ကြောင်း စုံစမ်းသိရှိရသည်။

အဆိုပါ ကာရာအိုကေဆိုင်မှာ အင်တာနက် ဖေ့စ်ဘွတ် စာမျက်နှာ များပေါ်တွင် အနှိပ်ခန်းအဖြစ် နာမည် ကျော်ကြားနေပြီး ပုသိမ်မြို့ပေါ်တွင် တရားဝင် လိုင်စင်ရ ကာရာအိုကေဆိုင်ပေါင်း ၅၀ ကျော်ရှိကြောင်း၊၊ …ကာရာအိုကေ လိုင်စင်ဆိုသည်မှာ မိသားစုသုံး ကာရာအိုကေခန်းများ အဖြစ်ထားရှိရပြီး အမျိုးသမီးများဖြင့် ဧည့်ခံခွင့် မရှိကြောင်း၊ တချို့ကာရာ အိုကေ ဆိုင်များမှာ တရားဝင် ခွင့်ပြုမထားသော အနှိပ်ခန်းများပါ တွဲဖွင့်ထားပြီး အချို့မှာ လိုင်စင်မရှိဘဲ အရက်၊ ဘီယာများ ရောင်း ချနေကြကြောင်း၊ အချို့ အနှိပ်ခန်းများမှာ သင့်တင့်သော ငွေကြေး ယူ၍ ပြည့်တန်ဆာ လုပ်ငန်းများပါ လုပ်ကိုင်နေကြကြောင်း ရဲအရာရှိတစ်ဦးက ပြောကြားသည်။

အဆိုပါ ဆိုင်များသို့ အနယ်နယ် အရပ်ရပ်မှ မိန်းကလေး၊ ယောက်ျားလေး များ လာရောက် အလုပ်လုပ်ကြပြီး အချို့ မိန်းကလေးများမှာ လုပ်ငန်း အကြောင်း နားမလည်ဘဲ မက်လုံးပေး စည်းရုံး သိမ်းသွင်းခံခဲ့ရကာ အချို့မှာ လုပ်ငန်းအကြောင်း နားလည်သော်လည်း စားဝတ်နေရေး အခက်အခဲ များကြောင့် လုပ်ကိုင်ခဲ့ရပြီး အချို့မိန်း ကလေးများမှာ ယခု ကဲ့သို့ ငွေရလွယ်သော လုပ်ငန်းပေါ်တွင် သာယာပျော်မြူးပြီး အလုပ်ကြမ်း မလုပ်လို တော့ဘဲ အဆိုပါ အလုပ်တွင် ပျော်မွေ့ နေကြကြောင်း အဆိုပါ လုပ်ငန်းဖြင့် ရင်းနှီး ကျွမ်းဝင်သူ တစ်ဦးက မြန်မာသံတော်ဆင့် သို့ ပြောကြားသည်။

““ကျွန်မက အိမ်ထောင်ပျက် တစ်ယောက်ပါ။ ကလေးတွေလည်း ရှိတယ်။ စားဝတ်နေရေး မပြေလည်တော့ ဒီအလုပ်ကို လုပ်ရတာပေါ့၊ အပြင်အလုပ်လည်း မလုပ်တတ်ဘူး။ ငွေလေးစုပြီး အရောင်းအ၀ယ် လုပ်ကြည့် တော့လည်း အရှုံးတွေချည်း ဖြစ်နေတယ်။ ဒီအလုပ်က ငွေရလွယ်တယ်လေ၊ ချူတတ်ဖို့ပဲ လိုတယ်၊ ဆိုင်ပိုင်ရှင် ဆီကိုတော့ သက်ဆိုင်တဲ့ ဌာနဆိုင်ရာတွေက လိုင်းကြေး လာကောက်တယ်၊ တချို့ လူကြီးတွေ ဆိုရင် FOC ဆိုပြီး အလကား ၀င်ရတယ်။ သူတို့အလိုမကျရင် အရိုက်အနှက် ခံရတယ်။ ပိုင်ရှင်ကလည်း ဆိုင်ပိတ်ရမှာစိုး လို့ဝင်မပြောရဲဘူး”” ဟု ကာရာအိုကေ ဆိုင်များတွင် ၀င်ရောက် လုပ်ကိုင်နေသူ အမျိုးသမီးတစ်ဦးက ပြောဆိုသည်။

ယခုကဲ့သို့ အမျိုးသမီးလေးများ၏ ဘ၀ လမ်းမှန် ရောက်နိုင်ရေး အတွက် နိုင်ငံတော်မှ စီမံကိန်းများ ချမှတ် ဆောင်ရွက်၍ အမျိုးသမီးများ၏ အခွင့်အရေး အပြည့်အ၀ရရှိရန် ဖော်ဆောင် ပေးသင့်ကြောင်း Cedol အလုပ်ရုံ ဆွေးနွေးပွဲများ တက်ရောက်ဖူးသူ HRWDN မှ ဒေါ်စန်းစန်းက မြန်မာသံတော်ဆင့်သို့ သုံးသပ် ပြောကြားသည်။

ရဲရင့်ထွန်း (ပုသိမ်)

Myanmartandawsint Newspaper

ကချင်နဲ့ ရခိုင် ဒုက္ခသည်တွေအတွက် ဒေါ်လာ၅သန်းခွဲ ကုလ ပံ့ပိုးမည်

မြန်မာ စစ်ပြေးဒုက္ခသည်များ
အထောက်အပံ့တွေ အလုံအလောက်မရဘဲဖြစ်နေတဲ့ ပဋိပက္ခဖြစ်ပွားရာ တိုင်းပြည် ၁၀ ခုအတွက် လူမှုရေး စာနာကူညီတဲ့ အထောက်အပံ့ ဒေါ်လာ ၈၆ သန်း ပေးအပ်သွားမယ့်အကြောင်းနဲ့  ဒီအထဲမှာ မြန်မာနိုင်ငံကို ဒေါ်လာ ၅ သန်းခွဲ ကူညီသွားမှာ ဖြစ်တဲ့အကြောင်း ကုလသမဂ္ဂက မနေ့က ကြေညာလိုက်ပါတယ်။

ကချင်ပြည်နယ်နဲ့ ရခိုင်ပြည်နယ်တွင်း ပဋိပက္ခတွေကြောင့် အိုးအိမ်စွန့်ခွာ ဒုက္ခရောက်နေကြရတဲ့ ပြည်သူ ထောင်ပေါင်းများစွာ အတွက် လူသားချင်းစာနာမှု အကူအညီတွေ ဆက်လက် လိုအပ်နေတာကြောင့်၊ အခုထပ်မံပေးအပ်မယ့် ကူညီငွေကြောင့် မြန်မာနိုင်ငံထဲမှာ ကုလသမဂ္ဂရဲ့ လုပ်ငန်းတွေ ဆက်လက် လုပ်ကိုင်နိုင်မှာ ဖြစ်တယ်လို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းရဲ့ ယာယီ လက်ထောက် ပြောခွင့်ရပုဂ္ဂိုလ် Farhan Haq က ပြောပါတယ်။

“ကမ္ဘာပေါ်မှာ အဆိုးရွားဆုံးနဲ့ မျက်ကွယ်ပြုခံရဆုံး ပဋိပက္ခတွေ ဖြစ်နေတဲ့ တိုင်းပြည်တွေမှာ အရေးပေါ် အကူအညီတွေ ဆက်လက် ပေးနိုင်ဖို့ အတွက် ဒေါ်လာသန်း ၉၀ နီးပါး ကုလသမဂ္ဂက ကူညီသွားမယ့်အကြောင်း ဒီလို အကူအညီတွေကြောင့် အများရဲ့ အာရုံစိုက်မှု သိပ်မခံရတဲ့ ပဋိပက္ခဒဏ်သင့် ဒုက္ခသည်သန်းနဲ့ချီကို အကူအညီတွေ ပေးနိုင်မှာဖြစ်တဲ့အကြောင်း ကုလသမဂ္ဂရဲ့ အရေးပေါ် ကူညီ ကယ်ဆယ်ရေးဆိုင်ရာ ညှိနှိုင်းရေးမှူး Valerie Amos က ပြောကြားခဲ့တယ်။” - လို့ မစ္စတာ ဘန်ကီမွန်းရဲ့ ယာယီ လက်ထောက်ပြောခွင့်ရသူ  Farhan Haq က ပြောသွားတာပါ။

အခု ကုလသမဂ္ဂ အကူအညီတွေ ထပ်မံရရှိမယ့် နိုင်ငံ ၁၀ ခုထဲမှာတော့ မြန်မာအပြင်၊ မာလီ၊ Chad၊ Colombia၊ Djibouti (ဂျီဘူတီ)၊ မြောက်ကိုရီးယား၊ ဟေတီ၊ ဆူဒန်၊ ယူဂန်ဒါ နဲ့ ယီမင် နိုင်ငံတွေ ပါဝင်ပါတယ်။ 
ဗွီအိုအေ (မြန်မာဌာန)

ရခိုင်ပြည်နယ်က ရဲတပ်ဖွဲ့နဲ့ ရိုဟင်ဂျာ ထိပ်တိုက်ရင်ဆိုင်မှု သတင်း ကန်နဲ့ ကုလစိုးရိမ်

ရခိုင်ပြည်နယ် က ရိုဟင်ဂျာ ဒုက္ခသည်များ။
ရခိုင်ပြည်နယ် မောင်တောမြို့နယ်မှာ ဒီသီတင်းပတ်တွင်း ကင်းလှည့် ရဲတပ်ဖွဲ့တွေနဲ့  ရိုဟင်ဂျာအသိုင်းအ၀ိုင်းအကြား ထိပ်တိုက် ရင်ဆိုင်မှုတွေဖြစ်ခဲ့ပြီး ရိုဟင်ဂျာတွေ အသေအပျောက်ရှိတယ်၊ တချို့ထွက်ပြေး တိမ်းရှောင်ခဲ့ရတယ်ဆိုတဲ့ သတင်းနဲ့ ပတ်သက်ပြီး မြန်မာအာဏာပိုင်တွေက သက်ဆိုင်ရာတာဝန်ရှိသူတွေ၊ နယ်ခံတွေနဲ့ မေးမြန်းပြီး မဟုတ်မှန်တဲ့ အကြောင်း သောကြာနေ့ ကပြောဆိုလိုက်ပါတယ်။ ဒါပေမဲ့လည်း လုံခြုံရေးတပ်ဖွဲ့တွေက အင်အားသုံး ခဲ့တာဖြစ်ကောင်းဖြစ်နိုင်တဲ့ အတွက် အမေရိကန်ပြည်ထောင်စုက စိုးရိမ်မကင်းဖြစ်ရတယ်လို့ ဆိုပါတယ်။ ဒေါ်ခင်စိုးဝင်းက အပြည့်အစုံ တင်ပြပေးပါမယ်။

ရခိုင်ပြည်နယ် မောင်းတောမြို့နယ်မှာ ဒီသီတင်းပတ်တွင်း လုံခြုံရေး တပ်ဖွဲ့ဝင်တွေရဲ့ တိုက်ခိုက်မှုကြောင့်  ရိုဟင်ဂျာမူဆလင်တွေ ထွက်ပြေး တိမ်းရှောင်ကြရတယ်ဆိုတဲ့သတင်း ကြားသိရတဲ့အတွက် အမေရိကန်ပြည်ထောင်စုက စိုးရိမ်မကင်းဖြစ်ရတဲ့အကြောင်း မနေ့ကကျင်းပတဲ့ နိုင်ငံခြားရေးဝန်ကြီးဌာန နေ့စဉ်ပုံမှန် သတင်းစာရှင်းလင်းပွဲမှာ ပြောခွင့်ရသူ Jen Psaki က အခုလို ပြောဆိုသွားပါတယ်။

"ဒီသတင်းနဲ့ပါတ်သက်ပြီး အထူးသဖြင့် စိတ်အနှောင့်အယှက်ဖြစ်ရတာကတော့ လုံခြုံရေးတပ်ဖွဲ့တွေက အင်အား အလွန်အကျွံ အသုံးပြုတာ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်တဲ့။ ဘာပဲဖြစ်ဖြစ် အကြမ်းဖက်ခဲ့ တယ်ဆိုရင်တော့ အမေရိကန်ပြည်ထောင်စုက ပြင်းပြင်းထန်ထန် ရှုံ့ချနေပါတယ်တဲ့။ ဒီလို အကြမ်းဖက်ခဲ့ရင် အဲဒီမှာ နေထိုင်တဲ့ ဘယ်သူ့ကိုမဆို ဆိုးကျိုးသက်ရောက်မှာဖြစ်တယ်လို့ ဆိုပါတယ်။"

ဒါကြောင့် လုံခြုံရေးတာဝန်ယူထားသူတွေ အနေနဲ့ အထူးထိန်းထိန်းသိမ်းသိမ်း လုပ်စေလိုပါတယ်လို့ဆိုပါတယ်။ ဒီလိုမျိုးတွေ မဖြစ်ရအောင် အစိုးရ အနေနဲ့လည်း ရေရှည်ခံမည့် အဖြေကို ရှာစေလိုတယ်လို့ပြောဆိုသွားတာပါ။ အကြမ်းဖက်ခဲ့တာကြောင့် အခြေအနေမဲ့ ဖြစ်ရသူတွေလည်း သူတို့ရဲ့ နေအိမ်တွေကို အေးအေးဆေးဆေး ပြန်ပြီး နေစေလိုတယ်လို့ ပြောဆိုသွားပါတယ်။ 


တချိန်တည်းမှာပဲ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် ကင်တားနား ကလည်း ဒီမောင်တောမြို့နယ်မှာ သတင်းတွေမှာ ဖော်ပြထားတဲ့အတိုင်း အခင်းဖြစ်ပွားပြီး သေဆုံး ဒဏ်ရာရတာတွေ ရှိခဲ့မယ်ဆိုရင် မြန်မာအစိုးရအနေနဲ့ နိုင်ငံတကာ ဥပဒေတွေနဲ့အညီ လူ့အခွင့်အရေးချိုးဖောက်မှုတွေ  ရှိမရှိ ထိထိရောက်ရောက် စုံစမ်းစစ်ဆေးမှုတွေပြုလုပ်ပေးပါရန် ဇန်နဝါရီလ ၁၇ရက်နေ့က ကြေညာချက် ထုတ်ပြန်ထားပါတယ်။

ဒီလိုအခင်းဖြစ်ပွားခဲ့ရင် အဖမ်းအဆီးတွေ ရှိတတ်တာကြောင့် မြန်မာ အာဏာပိုင်တွေအနေနဲ့ အဖမ်းခံရသူတွေရဲ့ အခွင့်အရေးကို လေးစားဖို့နဲ့ ဥပဒေအကျိုးဆောင်တွေနဲ့ဆက်သွယ်ခွင့်ပြုဖို့ ကိုလည်း မစ္စတာကင်တာနားက အလေးအနက် တိုက်တွန်းထားပါတယ်။

သူအရင်တုန်းက ကြုံခဲ့ဖူးတဲ့ စိုးရိမ်မကင်းဖြစ်ရ တာတွေကြောင့် မောင်တောမြို့နယ်မှာ အဖမ်းခံရသူတွေ ရှိခဲ့ပါက သီးခြား လွတ်လပ်တဲ့ စောင့်ကြည့်တဲ့အဖွဲ့တွေကို အဲ့ဒီ့အထိန်းသိမ်းခံတွေဆီ သွားရောက် ခွင့်ပြုပါရန်လည်း အာဏာပိုင်တွေကို တိုက်တွန်းထားပါတယ်။

တဆက်တည်းမှာပဲ ရန်ကုန်မြို့ရှိ အမေရိကန်သံရုံးနဲ့ ဗြိတိန်သံရုံးတို့ ကလည်း မောင်တောမြို့နယ်က အကြမ်းဖက်မှုဖြစ်တယ်ဆိုတဲ့ သတင်းနဲ့ပတ်သက်ပြီး အထူးစိုးရိမ် မကင်းဖြစ်ရပါကြောင်း၊ ပြည်ထောင်စု အစိုးရအနေနဲ့ရော ပြည်နယ်ဒေသခံ အာဏာပိုင်တွေအနေနဲ့ပါ ရခိုင်ပြည်နယ်ငြိမ်းချမ်းရေးနဲ့ဖွံ့ဖြိုးရေး ရေရှည်တည်တံ့ဖို့အတွက် အခြေအနေ ဖန်တီးပေးပါရန် တိုက်တွန်းလိုက်ပါတယ်။

ဒီလိုအခြေအနေမျိုး ဖန်တီးပေးနိုင်ဖို့အတွက် ပြည်နယ်အတွင်း တင်းမာမှုတွေလျော့ပါးပြီး ပြန်လည်သင့်မြတ်ရေးအတွက် လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ တရားမျတရေး၊ လူမှုရေးအကူအညီတွေ၊ လက်လှမ်းမီအောင် ပေးပို့နိုင်ငခွင့် စတာတွေ ချက်ခြင်း အရေးတယူဆောင်ရွက်ပေးဖို့ လိုအပ်တဲ့အကြောင်း ရန်ကုန်ရှိ ဗြိတိန်နဲ့ အမေရိကန်သံရုံးတို့က ဇန်နဝါရီလ ၁၇ရက်နေ့က ပူးတွဲကြေညာချက် ထုတ်ပြန်ထားပါတယ်။

နိုင်ငံတဝှမ်းလုံးရှိ ဘာသာရေးခေါင်းဆောင်တွေ၊ လူထုအခြေပြုခေါင်းဆောင်တွေနဲ့ ပြည်သူလူထု တရပ်လုံးက ဗုဒ္ဓဘာသာနဲ့ မူဆလင် အသိုင်းအဝိုင်း ကြား အကြမ်းဖက်မှုတွေကို ဆန့်ကျင်ပြီး မတူကွဲပြားတဲ့ လူမျိုးစုတွေကြား နားလည်မှု၊ အပြန်အလှန်လေးစားမှု၊ တရားမျှတမှုနဲ့ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး ကို ရှေးရှုကြပါရန် လည်းအဲ့ဒီ့ ကြေညာချက်မှာဖော်ပြထားပါတယ်။

မြန်မာအစိုးရရဲ့ ပြောခွင့်ရသူ ပြန်ကြားရေးဒုဝန်ကြီး ဦးရဲထွဋ်ကတော့ ပြည်ထဲရေးဌာနနဲ့ ဒေသခံရဲတပ်ဖွဲ့ အကြီးအကဲတို့နဲ့ ဆက်သွယ်ပြီး  ဒီသတင်းနဲ့ ပတ်သက်ပြီးမေးမြန်းရာမှာ မဟုတ်မှန်တဲ့အကြောင်း  သောကြာနေ့က သတင်းစာရှင်းလင်းပွဲမှာ တုန့်ပြန်ထားပါတယ်။ 
ဒေါ်ခင်စိုးဝင်း(VOA)

Friday, January 17, 2014

သီတဂူဆရာတော် ခြုံခိုတိုက်ခိုက်ခံရ


ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်လျှင် အမျိုးဘာသာ သာသနာ မှေးမှိန်နိုင်၊ သမ္မတဦးသိန်းစိန်ကိုသာ မဲပေးပါဟု သီတဂူဆရာတော် မိန့်ကြားသည်ဆိုသည့် သတင်း သီတဂူဆရာတော် အရှင်ညာဏိဿရက ပြတ်ပြတ်သားသားငြင်းပယ်

ယခုအခါ မြန်မာ့ဒီမိုကရေစီနှင့် ပတ်သက်၍ ပြည်သူ့ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို အပုပ်ချ တိုက်ခိုက်မှုများကို ဆန့်ကျင်ဘက် အုပ်စု တစ်စုက သွယ်ဝိုက်၍လည်းကောင်း၊ တိုက်ရိုက်လည်းကောင်း ခြုံခိုတိုက်ခိုက်မှု များရှိနေကြောင်းသိရသည်။

မြန်မာပြည် ဒီမိုကရေစီစနစ် ဖြစ် ထွန်းရေးကို မလိုလားသောသူများက ဒေါ်အောင်ဆန်းစုကြည်နှင့် ပြည်သူလူထု ကို ကွဲကွာသွားအောင် ဒေါ်အောင်ဆန်းစုကြည်ကို ပြည်သူလူထုတစ်ရပ်လုံး အထင်မှား၊ အမြင်မှားဖြစ်ပြီး နာကြည်း မုန်းတီးအောင် ဘာသာရေး၊ လူမျိုးရေးနှင့် ဦးတည် တိုက်ခိုက်နေသည်ကို ပြည်သူများကလည်း သိရှိကြသည်။

ယခုလောလောလတ်လတ်မှာမူ ပြည်သူ ပရိသတ်အပေါ်မှာ ဩဇာရှိသော ဘာသာရေးဘက်တွင် အလွန်ထင်ရှားသော အရှင်ညာဏိဿရကို အကြောင်းပြုပြီး တိုက်ခိုက်လာပြန်သည်။

မွန်းတည့်နေအမည်ရှိ ဂျာနယ်တွင် လက်ရှိ မြန်မာနိုင်ငံတွင် ဗုဒ္ဓဘာသာဝင်အများစုက ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်လာလျှင် အမျိုးသာသနာ မှေးမှိန်နိုင်စရာရှိသည်ဟု ယုံကြည်နေကြသဖြင့် လက်ရှိ သမ္မတဦးသိန်းစိန်ကို ထောက်ခံမဲပေးရန် သီတဂူဆရာတော်က မိန့် ကြားလိုက်ကြောင်း ဟု ရေးသားထားသည်။
ယခုကိစ္စတွင် အရှင်ဝီရသူ ကိုယ်တိုင်ကလည်း သတင်းလုပ်ကြံဖြန့်ခဲ့ကြောင်း သိရသည်။

ဤကိစ္စနှင့် ပတ်သက်၍ ဆရာတော်ဘုရား အရှင်ညာဏိဿရထံလျှောက်ထားရာ ဆရာတော်က ၁၅ ရက်နေ့ကဟောတဲ့တရားRecord မှာ ၁၉ ရက်နေ့ ရန်ကုန်ကိုယူလာတယ်။ အဲဒီအခွေကိုနာထောင်ကြည့်ရင် အားလုံးရှင်းသွားမယ်။ ဦးဇင်းဝီရသူကိုလည်း ကျုပ်ရှင်းခိုင်းထားတယ်။ ဝီရသူ အဲဒါတော့ရှင်းပေးလို့ ဒေါ်အောင်ဆန်းစုကြည်နဲ့NLD ကို မဲမထည့်နဲ့လို့ ဟောသလား၊ ဆရာတော်က ပြောသလား၊ မင်းတို့ရှင်းကြကွာလို့ ပြောလိုက်တယ်၊ မင်း ငါ့ကိုအသုံးချတယ်၊ မင်းတို့ ဘယ်လိုလုပ်မလဲလို့ပြောလိုက်ပြီးပြီ။ ဒေါ်အောင်ဆန်းစုကြည်ကိုလည်း ဘုန်းဘုန်းဖုန်းဆက်ပြော ပြီးပြီ၊ ဒေါ်အောင်ဆန်းစုကြည်ကတော့ နားလည်မှုရှိပါတယ်။ ဆရာတော် ဟောခဲ့တဲ့တရားကို နာလိုက်ရင်ပြီးတာပဲ။ ကျုပ်ဒီကိစ္စမှာပါလဲမပါဘူး၊ ပြောလဲမပြောဘူး။

ဒေါ်အောင်ဆန်းစုကြည်ရှေ့မှာ ကျုပ်ရှိတယ်။ ကျုပ်ဟာလဲ ပြည်သူလူထု ကျန်းမာရေး၊ ချမ်းသာရေး လုပ်နေတာပဲ။ ဒေါ်အောင်ဆန်းစုကြည်လည်း ပြည်သူလူထုအကျိုး ဆောင်ရွက်နေသူပဲ။ ဘယ်သူ့ကို မဲထည့်ပါ၊ ဘယ်သူ့ကို မထည့်ပါနဲ့ဆိုတာ ကျုပ်ပြောကို မပြောဘူး ဟု ဆရာတော်ဘုရားက မိန့်ကြားလိုက်ပါသည်။

ဆရာတော် ဝီရသူသည် လက်ရှိ အာဏာရသူတို့ဘက်က ရပ်တည်ဟောပြော လုပ်ဆောင်နေသူဖြစ်သည်ဟု ပြည်သူကြားထဲမှာ ယုံကြည် နေသည်ကို ယခုကိစ္စက ပို၍သေချာခိုင်မာအောင် သက်သေပြလိုက်ခြင်းပဲ ဖြစ်သည်ဟု ဝေဖန်နေကြသည်။

News Watch(စောင့်ကြည့်သတင်းဂျာနယ်)

ရိုဟင်ဂျာဆိုသည့် လူမျိုးမရှိကြောင်း ပြန်ကြားရေး ဒုဝန်ကြီး ဦးရဲထွဋ်က ပြောကြား အခြားအာဆီယံနိုင်ငံများက ရိုဟင်ဂျာအရေး ဖိအားပေးလာပါက လက်ခံမည်မဟုတ်


 မြန်မာနိုင်ငံတွင် ရှမ်း၊ ကချင်၊ ကရင်၊ ကယား၊ ရခိုင်၊ မွန်စသည့် နှစ်ပေါင်း များစွာကတည်းက စုပေါင်းနေထိုင်ခဲ့ကြ သည့် တိုင်းရင်းသားလူမျိုးများရှိခဲ့သည်။ ယခုအခါ ဘင်္ဂါလီအရေးကိစ္စသည် မြန်မာ ပြည်သူများအဖြစ် နိုင်ငံတော်အစိုးရ အတွက်ပါ အနှောင့်အယှက်သဘွယ်ဖြစ်နေ သည်ကို တွေ့ရသည်။

၂၀၁၄၊ ဇန်နဝါရီ ၁၆ ရက်နေ့က ပုဂံရှေးဟောင်းမြို့တော်တွင် ပြန်ကြားရေး ဌာန ဒုဝန်ကြီး ဦးရဲထွဋ်က-
ဘင်္ဂါလီအရေးကိစ္စသည် မြန်မာ နိုင်ငံ၏ ပြည်တွင်းရေးသာဖြစ်သဖြင့် အခြား အာဆီယံနိုင်ငံများက အာဆီယံ အစည်းအဝေးများတွင် ဆွေးနွေးရန် တောင်းဆိုလာလျှင်လည်း လက်ခံဆွေးနွေး သွားမည်မဟုတ်ဟု ပြောကြားလိုက် သည်။

ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းကို ကျွန်တော်တို့ အစိုးရရော ပြည်သူတွေကပါ လက်မခံဘူးဆိုတာ ရှင်းလင်းပြီးသားပါ။ ပြီးတော့ ဒီဘင်္ဂါလီအရေးဟာ ကျွန်တော် တို့ရဲ့ ပြည်တွင်းရေးပဲဆိုတော့ ကျန်တဲ့နိုင်ငံ တွေက တောင်းဆိုလာလျှင်လည်း ကျွန် တော်တို့ အာဆီယံဥက္ကဋ္ဌ တာဝန်ယူချိန်မှာ အာဆီယံအစည်းအဝေးတွေမှာ လက်ခံ ဆွေးနွေးသွားမှာ မဟုတ်ပါဘူး။ အကြံပေး တာဆိုရင်တော့ ကျွန်တော်တို့နိုင်ငံနဲ့ ကိုက် ညီတာကို လက်ခံသွားမှာပါဟု ထပ်မံ ပြောကြားလိုက်သည်။

အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ၏ ပထမဆုံးအကြိမ် အာဆီယံသီးသန့်အစည်း အဝေးကို ဇန်နဝါရီ ၁၆ ရက်က ပုဂံမြို့ ရွှေနန်းတော်ဟိုတယ်တွင် ကျင်းပသည်။ ဇန်နဝါရီ ၁၅ ရက်နေ့က အာဆီယံ အဆင့်မြင့်အရာရှိများ၏ ညစာစားပွဲကို ကျင်းပခဲ့ပြီး ဇန်နဝါရီ ၁၆ ရက်တွင် အစည်း အဝေးစတင်ဖွင့်လှစ်ပြီး ဇန်နဝါရီ ၁၇ ရက် နေ့တွင် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ သီးသန့်အစည်းအဝေးကို ပြုလုပ်ခဲ့ကြောင်း သိရပါသည်။

ပြန်ကြားရေးဌာန ဒုဝန်ကြီး ဦးရဲထွဋ်၏ မြန်မာပြည်မှာ ရိုဟင်ဂျာမရှိ ဆိုသည့်အဆိုကိုတော့ မြန်မာပြည်သူပြည် သား အများက လက်ခံကြိုဆိုကြကြောင်း သိရသည်။

News Watch(စောင့်ကြည့်သတင်းဂျာနယ်)

အခြားအာဆီယံနိုင်ငံများက ရိုဟင်ဂျာအရေး ဖိအားပေးလာပါက လက်ခံမည်မဟုတ်ဟု ဦးရဲထွဋ်ပြော
==== === ==== ===
ရိုဟင်ဂျာကိစ္စအား ၂၀၁၄ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ၏ သီးသန့်အစည်းအဝေး၌ ဆွေးနွေးသွားရန်မရှိကြောင်း၊ ရိုဟင်ဂျာဟူသော အသုံးအနူန်းကို လက်မခံကြောင်းနှင့် အခြားအာဆီယံနိုင်ငံများက ဖိအားပေးလာပါက လက်ခံမည် မဟုတ်ကြောင်းကို ပုဂံမြို့ ရွှေနန်းဟိုတယ် နန်းမြင့်ဆောင်တွင် ပြုလုပ်သော မီဒီယာများနှင့် တွေ့ဆုံပွဲ၌ သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ၊ ပြန်ကြားရေး ဒုဝန်ကြီး ဦးရဲထွဋ်က ဖြေကြားခဲ့သည်။

`ရိုဟင်ဂျာဆိုတဲ့ အသုံးအနူန်းကို ကျွန်တော်တို့ ပြည်သူတွေအနေနဲ့ရော၊ အစိုးရအနေနဲ့ပါ လက်မခံပါဘူး။ ဒါ ရိုဟင်ဂျာနဲ့ ပတ်သက်တဲ့ ကျွန်တော်တို့ရဲ့ ရပ်တည်ချက်။ ပြောင်းလဲစရာ မရှိဘူး။ ကျွန်တော်တို့ဆီမှာ ဖြစ်ခဲ့တဲ့ ဘာသာရေး ပြဿနာတွေကိုဖြေရှင်းခြင်းသည် မြန်မာနိုင်ငံရဲ့ ပြည်တွင်းရေးသာဖြစ်တယ်။ မြန်မာအစိုးရနဲ့ ပြည်သူတွေကသာ ဖြေရှင်းသွာမှာဖြစ်တယ်။ သို့သော် တခြားနိုင်ငံတွေမှာ ဒီလို လူ့အသိုင်းအ၀ိုင်းကြားမှာ ဖြစ်ခဲ့တဲ့ ဖြစ်ခဲ့တဲ့ ပြဿနာတွေနဲ့ ပတ်သက်လို့ သူတို့ရဲ့ အတွေ့အကြုံတွေကို ပြောပြတာမျိုးဆိုရင်တော့ ကျွန်တော်တို့ နားထောင်မယ်။ ကိုယ့်နိုင်ငံနဲ့ ကိုက်ညီရင် ကျင့်သုံးမယ်။ ဒါပေမယ့် ကျွန်တော်တို့ ပြည်တွင်းကိစ္စကို ဘယ်သူကမှ ဒီလိုလုပ်ပါ စသဖြင့် ပြောဖို့တော့ အကြောင်းမရှိဘူး။ အစိုးရအဖွဲ့ရယ်၊ ပြည်ထောင်စုလွှတ်တော်ရယ်၊ ပါဝင်ပတ်သက်တဲ့ လူအသိုင်းအ၀ိုင်းတွေရယ်၊ မြန်မာပြည်သူတွေကနေပြီးတော့မှ ဖွဲ့စည်းပုံ အခြေခံဥပဒေဘောင်ထဲကပဲ ဆောင်ရွက်သွားဖို့ရှိတယ်။´

News Watch(စောင့်ကြည့်သတင်းဂျာနယ်)

၁၃၀၀ ပြည့် အရေးတော်ပုံ စိန်ရတု ရန်ကုန်မှာ စည်ကားစွာ ကျင်းပမယ်

သမိုင်းဝင် ၁၃၀၀ ပြည့်အရေးတော်ပုံ စိန်ရတု အခမ်းအနားကို ဇန်န၀ါရီလ ၂၂ ရက်နေ့မှာ ရန်ကုန် မြို့ မြန်မာ ကွန်ဗင်း ရှင်း စင်တာ MCC မှာ စည်စည်ကားကားနဲ့ ကျင်းပမှာ ဖြစ်ပါတယ်။ 



စိတ်ပါဝင်စားသူတွေအနေနဲ့ အခမဲ့ ၀င်ရောက်နိုင်ဖို့ အဖွဲ့ ၂၇ ဖွဲ့ ပူးပေါင်း စီစဉ်တဲ့ ၁၃၀၀ ပြည့် အရေးတော်ပုံ စိန်ရတု ကော်မတီက ဆိုထားပါတယ်။ 

အခုလို ရန်ကုန်မှာလည်း ၁၃၀၀ ပြည့်အရေးတော်ပုံ စိန်ရတု အခမ်းအနားကို ကျင်းပတာနဲ့ တပြိုင်နက် အနယ်နယ် အရပ်မှာလည်း အလားတူ ကျင်းပမှာဖြစ်တယ်လို့ သိရပါတယ်။ 

 “အဲဒီအဖွဲ့တွေ အားလုံး စုပေါင်းပြီးတော့ လုပ်တဲ့ပွဲမှာ နိုင်ငံရေးဦးတည်ချက် ၅ ရပ်ရှိပါတယ်။ ပွဲချိန်က မနက် ၉ နာရီ ကနေပြီးတော့ ညနေ ၄ နာရီခွဲအချိန်အထိ ဖြစ်တဲ့အတွက် ၁၃၀၀ ပြည့် သမိုင်းနဲ့ ပတ်သက် တဲ့ စာတမ်းများဖတ်ပွဲ၊ အလုပ်သမားနဲ့ ပတ်သက်တဲ့ စာတမ်း၊ လယ်သမားနဲ့ ပတ်သက်တဲ့ စာတမ်း၊ 
ကျောင်းသား နဲ့ ပတ်သက်တဲ့ စာတမ်းတွေ ကို ဖတ်ကြားကြမှာ ဖြစ်တဲ့အပြင်၊ ဘာသာကြီး ၄ ဘာသာ က ခေါင်းဆောင်တွေက မုဒိတာစကားတွေ ပြောကြားမယ့် အစီအစဉ်တွေ ပါဝင်ပါမယ်” လို့ နိုင်ငံရေး အကျဉ်းသားဟောင်းများအဖွဲ့က ဦးထွန်းကြည်က ဧရာဝတီကို ပြောပါတယ်။ 

ဒီအကြောင်း သတင်းအပြည့်အစုံကိုတော့ ဧရာဝတီ မြန်မာပိုင်းစာမျက်နှာမှာ ဧရာဝတီ သတင်း
ထောက် မေမြန်မာရဲ့ ၁၃၀၀ ပြည့် အရေးတော်ပုံ စိန်ရတု ရန်ကုန်တွင် ခမ်းနားစွာ ကျင်းပမည် ဆိုတဲ့ သတင်းမှာ အပြည့်အစုံဖော်ပြပေးထားပါတယ်။ 
ဧရာဝတီ

ဂျပန်က မြန်မာနိုင်ငံသားများကို Multiple- entry ဗီဇာ ခွင့်ပြုပေးမည်



ဂျပန်အစိုးရဟာ မြန်မာနိုင်ငံကို ဗီဇာခွင့်ပြုချက် ဖြေလျော့ပေးတဲ့အနေနဲ့ မကြာမီ Multiple- entry ဗီဇာ အမျိုးအစားကိုပါ ခွင့်ပြုပေးတော့မယ်လို့ ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာန သတင်း ထုတ်ပြန်ချက်အရ သိရပါတယ်။

JapanVisaဒီ Multiple- entry ဗီဇာ ရဖို့ မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံရုံးမှာ သီးသန့် လျှောက်ထားရမှာ ဖြစ်ပြီး ဗီဇာရရှိသူဟာ ၁ ကြိမ်ကို ၁၅ ရက်နဲ့ ၃ နှစ်တာ ကာလအတွင်း ဂျပန်ကို အကြိမ်ကြိမ် ၀င်ထွက်ခွင့် ရရှိမှာ ဖြစ်ပါတယ်။

ဒီလို Multiple- entry အပြန်အလှန်ပေးဖို့ နှစ်နိုင်ငံ သဘောတူထားပြီ ဖြစ်ပေမယ့် ဗီဇာရဖို့ ဘယ်လိုအရည်အချင်းနဲ့ ပြည့်မီရမယ်၊ ဘယ်လိုလူတွေ လျှောက်ထားနိုင်တယ်၊ ဘယ်အချိန်မှာ ဗီဇာ စ ထုတ်ပေးနိုင်မလဲ ဆိုတာကိုတော့ အသေးစိတ် မထုတ်ပြန်နိုင်သေးဘူးလို့ ရန်ကုန် ဂျပန်သံရုံး ဗီဇာဌာန တာဝန်ရှိသူတယောက်က ဖြေကြားပါတယ်။

လက်ရှိ ဂျပန်ကိုသွားတဲ့ မြန်မာနိုင်ငံသားတွေဟာ တကြိမ်အတွက် တကြိမ် ဗီဇာ လျှောက်ထားကြရတာ ဖြစ်ပါတယ်။

 By ဒီဗွီဘီ

မလေးရှားတွင် တရားမ၀င်အလုပ်သမားများကို ဇန်န၀ါရီ ၂၁ စဖမ်းမည်

 
မလေးရှားနိုင်ငံတွင် တရားမ၀င် နိုင်ငံခြားသား အလုပ်သမားများကို မလေးရှားအာဏာပိုင်များ ပါဝင်တဲ့ စစ်ဆင်ရေးအဖွဲ့တွေက ဇန်န၀ါရီ ၂၁ နေ့ စတင်ဖမ်းဆီးတော့မှာ ဖြစ်ပါတယ်။

မလေးရှားအစိုးရက တရားမ၀င် အလုပ်သမားတွေကို တရားဝင်ဖြစ်ရေး 6P အစီအစဉ်လုပ်ဆောင်ပြီးဖြစ်တဲ့အတွက် အခု ဒီစီမံချက်ကို စတင်လုပ်ဆောင်တာလို့ မြန်မာအလုပ်သမား သံအရာရှိ ဦးစိုးဝင်းက ပြောပါတယ်။

“သူတို့ ပထမဆုံး 6P အစီအစဉ်နဲ့ တရားမ၀င်အလုပ်သမားတွေကို တရားဝင်ဖြစ်အောင် လုပ်ပေးပြီးပြီ။ အဲဒီတုန်းက စာအုပ်မလုပ်လိုက်ရတဲ့ ကျန်တဲ့သူတွေကိုလည်း ၂၀၁၃ အောက်တိုဘာ ၂၁ ရက်ကနေ ၂၀၁၄ ဇန်န၀ါရီ ၂၀ အထိ ၃ လ အထူးအစီအစဉ်ဆိုပြီး လုပ်ပေးထားတယ်။ အခု အထူးအစီအစဉ် ပြီးနောက် ဇန်န၀ါရီ ၂၁ ရက်ကနေစပြီး အဖမ်းအဆီးစလုပ်တော့မယ်ဆို့ သံရုံးကို အကြောင်းကြားထားတယ်။ အလုပ်သမားတွေ သိအောင် သံရုံးမှာ ကြေညာဆိုင်းဘုတ်တွေ ကတ်ထားပါတယ်။”

ဒီ စစ်ဆင်ရေးအတွင်းမှာ ဖမ်းဆီမှုမခံရရေးအတွက် နိုင်ငံခြားသားအလုပ်သမားများကို မိမိတို့ သက်ဆိုင်ရာနိုင်ငံတွေကို ပြန်လည်ထွက်ခွင့်ပြုဖို့ မလေးရှားနိုင်ငံ လူဝင်မှုကြီးကြပ်ရေး ဌာနမှာ လျှောက်ထားနိုင်ပြီး လျှောက်ထားရာတွင် အပြန်လေယာဉ် လက်မှတ်နဲ့ နိုင်ငံကူး လက်မှတ် ဒါမှမဟုတ် နိုင်ငံသားဖြစ်တဲ့ အထောက်အထား လက်မှတ် လိုအပ်မှာဖြစ်ပါတယ်။

မိမိတို့ သဘောဆန္ဒအရ ပြန်လည်ထွက်ခွာခွင့် လျှောက်ထားတာ ဖြစ်တဲ့အတွက် သတ်မှတ်ဒဏ်ကြေးကိုသာ ပေးဆောင်ရမှာ ဖြစ်ပြီး ပြစ်ဒဏ်ချမှတ်မှာ မဟုတ်ဘူးလို့ မလေးရှား ပြည်ထဲရေးဝန်ကြီးဌာနမှ မြန်မာသံရုံးအပါအ၀င် နိုင်ငံခြားသံရုံးတွေကို အသိပေး အကြောင်းကြားထားပါတယ်။

မလေးရောက် မြန်မာအလုပ်သမားတွေအနေနဲ့ မလေးရှားနိုင်ငံက ထုတ်ပြန်ထားတဲ့ ဥပဒေအတိုင်း လိုက်နာ ဆောင်ရွက်သင့်တယ်လို့ မြန်မာသံအရာရှိ ဦးစိုးဝင်းက ပြောပါတယ်။
“သူ့နိုင်ငံဥပဒေအရ ကြေညာထားရင် ကြေညာထားတဲ့အတိုင်း ကိုယ့်နိုင်ငံသား အလုပ်သမားတွေက လိုက်နာကြဖို့ လိုတာပေါ့။ ဒီဘက်နိုင်ငံကိုလာပြီး ဒီဘက်နိုင်ငံရဲ့ ဥပဒေကို မလိုက်နာလို့တော့ မဖြစ်ဘူးလေ။ သူ့နိုင်ငံရဲ့ ဥပဒေအရတော့ စစ်ဆေးမှာပဲလေ။ တကယ် တရားမ၀င်နေထိုင်တာ တွေ့ရင်တော့ ဖမ်းမှာပဲ။ မလေးရှားနိုင်ငံ လူဝင်မှုကြီးကြပ်ရေး ဥပဒေအရ အနည်းဆုံး ၃ လလောက်တော့ ထောင်ကျတာတွေ့ရတယ်။”

မလေးရှားနိုင်ငံမှာ တရားမ၀င် အလုပ်လုပ်ကိုင်လျက်ရှိတဲ့ မြန်မာပြည်သားများအနေနဲ့ မိမိတို့ သဘောဆန္ဒအရ မြန်မာပြည် ပြန်လည်ထွက်မယ်ဆိုရင်တော့ မြန်မာနိုင်ငံသားဖြစ်တဲ့ အထောက်အထားလက်မှတ်တွေကို လာရောက် ထုတ်ယူနိုင်တယ်လို့ မလေးရှားနိုင်ငံဆိုင်ရာ မြန်မာသံရုံးက ဇန်န၀ါရီ ၁၅ ရက်နေ့မှာ ထုတ်ပြန်ကြေညာထားပါတယ်။

မလေးရှားနိုင်ငံ ပီနန်မြို့မှာ မြန်မာပြည်သား အလုပ်သမားတွေရဲ့ သာရေးနာရေးကို လိုက်လံကူညီဆောင်ရွက်ပေးနေတဲ့ ပီနန် နာရေးကူညီမှု အသင်းဝင် ဦးပုညကတော့ နှစ်နိုင်ငံ သံတမန်ရေးအရ လုပ်ပေးနိုင်မယ်ဆိုရင် ငွေကြေးသက်သာပြီး တရားဝင်နေထိုင်ခွင့်ရနိုင်တဲ့ အလုပ်သမားလက်မှတ်မျိုး လုပ်ပေးစေချင်တယ်လို့ ဆိုပါတယ်။

“နှစ်နိုင်ငံ သံတမန်ရေးအရ လုပ်ပေးနိုင်မယ်ဆိုရင် ငွေကြေးလည်းသက်သာတယ်၊ တရားဝင်လည်း တရားဝင်နေထိုင်ခွင့် ရနိုင်တဲ့ ထိုင်းနိုင်ငံမှာ လုပ်ပေးတဲ့ ပုံစံမျိုး မလေးရှားမှာ လုပ်ပေးစေချင်တာ။ ထိုင်းနိုင်ငံမှာ အများစုက သူတို့နိုင်ငံရဲ့ ငွေကြေးနဲ့ လူတိုင်းလုပ်နိုင်တယ်။ ပတ်စ်ပို့လည်းလုပ်နိုင်တယ်။ နေထိုင်ခွင့် အလုပ်လုပ်ခွင့်လက်မှတ်လည်း လုပ်နိုင်တယ်။ ကျနော်တို့ မလေးရှားမှာလည်း အဲဒီလို ဖြစ်စေချင်တယ်။ အခုဟာက သံရုံးကိုသွားလို့လည်း သံရုံးအနေနဲ့ အပြည့်အ၀ သူတို့တို့ ဘာမှ မလုပ်ပေးနိုင်ဘူး။ ဆိုလိုချင်တာက လူတိုင်းကို သံရုံးက welcome လုပ်ပေးဖို့ဆိုတာကလည်း လူတွေက အများကြီး မလေးရှားမှာ သိန်းနဲ့ ချီပြီး လာတဲ့လူတွေဖြစ်တဲ့အတွက် သံရုံးအနေနဲ့ လုပ်ပေးနိုင်ဖို့က အင်မတန်မှ အင်အားနည်းတယ်။ တခြားတခါ ကျန်တဲ့သူတွေ ပေးလို့ရှိရင်လည်း ပွဲစားတွေနဲ့ ညားဦးမယ်။”

မလေးရှားနိုင်ငံမှာ တရားဝင် အလုပ်လုပ်ကိုင်နေတဲ့ မြန်မာအလုပ်သမား ၂ သိန်းကျော် ရှိပြီး တရားမ၀င် အလုပ်လုပ်ကိုင်နေတဲ့ မြန်မာ အလုပ်သမား ၁ သိန်းကျော် ရှိတယ်လို့ ပီနန် နာရေးကူညီမှု အသင်းက ဦးပုညက ဆိုပါတယ်။

By ကိုဈာန် (ဒီဗွီဘီ) 

စက်ခလုပ်နိပ်၍ မဲခွဲဆုံးဖြတ်ရာတွင် မဲပျောက်နေခြင်းကြောင့် လွှတ်တော် ကိုယ်စားလှယ်များ ကိုယ်စား ရှက်မိဟု သူရဦးရွှေမန်း ပြော


နေပြည်တော်၊ ဇန်န၀ါရီ ၁၇

ပြည်ထောင်စု လွှတ်တော်အတွင်း စက်ခလုပ်နိပ်၍ မဲခွဲဆုံးဖြတ်ရာ မဲပျောက်နေခြင်းကြောင့် လွှတ်တော်ကိုယ်စားလှယ်များ ကိုယ်စား ရှက်မိကြောင်း ပြည်ထောင်စု လွှတ်တော်နာယက သူရဦးရွှေမန်းကပြောသည်။

"၂၁ မဲပျောက်နေတယ်၊ ကိုယ်မဲကိုယ်တော့ ပေးရဲရမှာပေါ့၊ ပြည်သူ ကိုယ်စားလှယ်တွေ ဖြစ်လာပြီလေ၊ မဲမပေးရဲဘူးလား၊ ကိုယ်ဆုံးဖြတ်ချက်ပေါ်မှာ ရဲရဲတင်းတင်း မဆောင်ရွက်နိုင်ဘူး ဆိုရင်တော့ ပြည်သူ့ ကိုယ်စားလှယ်တွေအဖြစ်မထိုက်တယ်ဘူး လို့သူများတွေဝေဖန်နေတာတွေလည်း ကျွန်တော်ကြားရပါတယ်၊ လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ကိုယ်စား ကျွန်တော် ရှက်မိပါတယ်"ဟု သူရဦးရွှေမန်းကပြောသည်။

ယနေ့(ဇန်န၀ါရီ ၁၇)ရက်နေ့ ပထမအကြိမ် ပြည်ထောင်စု လွှတ်တော် န၀မပုံမှန်အစည်းအဝေး စတုတ္ထနေ့တွင် နိုင်ငံတော် သမ္မတထံမှ သဘောထား မှတ်ချက်ဖြင့် ပြန်လည်ပေးပို့လာသော ပြည်ထောင်စု လွှတ်တော်ဆိုင်ရာ ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းအား လွှတ်တော်မှ အတည်ပြုရန် စက်ခလုပ်နိပ်၍ မဲခွဲဆုံးဖြတ်ရာတွင် မဲအရေအတွက် ပျောက်ဆုံးနေသောကြောင့် ၄င်းကပြောကြား ခဲ့ခြင်းဖြစ်သည်။

ရန်နိုင်

Popular Myanmar News Journal

ဘန်ကောက်ဆန္ဒပြပွဲမှာ ပေါက်ကွဲမှုဖြစ်လို့ ၂၈ ဦး ဒဏ်ရာရ

ဘန်ကောက်မြို့က ဆန္ဒပြပွဲမှာ ဗုံးပေါက်ကွဲမှုကြောင့် လူ ၂၈ ဦး ဒဏ်ရာရခဲ့တယ်လို့ ထိုင်း ကျန်းမာရေးသတင်းဌာနကို ကိုးကားပြီး ထိုင်း တီဗွီလိုင်းတွေက ကြေညာပါတယ်။ 

ဗုံးကွဲမှုအပြီး ထိတ်လန့်နေသော ဘန်ကောက်မြို့ လမ်းမတခုပေါ်က ဆန္ဒပြ လူတစု၊ ဓာတ်ပုံ- ဘန်ကောက်ပို့စ်
ဒီမိုကရက်တစ်ပါတီ အမတ်ဟောင်း ဆုထက်ပ် ဦးဆောင်ဆန္ဒပြနေတဲ့ ဘန်ကောက်မြို့ MBK ကုန်တိုက်ကြီးနားက အကြီးဆုံး သပိတ် စခန်း အနီးမှာ ယနေ့ နေ့လယ် ၁၂ နာရီ လောက်က အသေးစား ဗုံး ပေါက်ကွဲမှုတခု ဖြစ်ခဲ့လို့ အခုလို ၂၈ ဦး ဒဏ်ရာရသွားတာဖြစ်တယ်လို့ ထိုင်း သတင်းတွေက ဆိုပါတယ်။ 

ထိုင်းသတင်းတွေရဲ့ ဖော်ပြချက်အရ အခုလို ဘန်ကောက်မြို့က ရှပ်ဝါတွေရဲ့ ဆန္ဒပြမှုတွေအတွင်းမှာ သေနတ် နဲ့ပစ် ခတ်မှုတွေလည်းနေ့တိုင်း လိုလို ရှိသလို ၀န်ကြီးချုပ်ဟောင်း အဘီဆစ်ဝေချာချီဝရဲ့ နေအိမ်လည်း ဗုံးပေါက်ကွဲမှု ဖြစ်ခဲ့ပါသေးတယ်။ 

ဒီ အကြောင်းဧရာဝတီမြန်မာပိုင်းစာမျက်နှာမှာ သတင်းထောက်သန်းထိုက်ဦး ရေးသားထားတဲ့
ထိုင်း ၀န်ကြီးချုပ်ဟောင်း အဖိဆစ်နေအိမ် ဗုံးကွဲ သတင်းမှာလည်း အပြည့်အစုံဖော်ပြထားပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း သေနတ်ပစ်ခတ်မှုကြောင့် မြန်မာရွှေ့ပြောင်းအလုပ်သမား အနည်းဆုံး ၁ ဦးလည်း သေနတ်ဒဏ်ရာရပြီး ဆေးရုံမှာ ဆေးကုမှု ခံယူနေရပါတယ်။ 

အခုလို ပစ်ခတ်ဖောက်ခွဲမှုတွေကို ဘယ်သူတွေလုပ်တယ်ဆိုတာ အတိအကျ မသိရသေးပေမယ့် ဆန္ဒပြ ခေါင်းဆောင်တွေကတော့  သရဲဘောကြောင်သူတွေရဲ့ လုပ်ရပ် အဖြစ် ပြစ်တင်ရှုံ့ချကြပါတယ်။ 

အခုလို ဗုံးပေါက်ကွဲမှုတွေ၊ သေနတ်ပစ်ခတ်မှုတွေဟာ စစ်တပ်က အာဏာသိမ်းအောင် ရည်ရွယ် လုပ်ဆောင်နေသလား ဆိုပြီး ဝေဖန်သူတွေကလည်းထောက်ပြနေပါတယ်။ 
အိမ့်သံစဉ် ~ (ဧရာဝတီ)

မောင်တော်မြို့ပဋိပက္ခနောက်ဆက်တွဲ

 
ရခိုင်ပြည်နယ် စစ်တွေမြို့ ဒုက္ခသည်စခန်းတခုမြင်ကွင်း၊ ၂၀၁၃ မေလ (ဓာတ်ပုံ - ဂျေပိုင် / ဧရာဝတီ)
အင်္ဂါနေ့က ရခိုင်ပြည်နယ် မောင်တောမြို့နယ်တောင်ဘက် မူဆလင်ကျေးရွာတခုတိုက်ခိုက်ခံရပြီး အမျိုးသမီးနဲ့ကလေးတွေ အပါအ၀င် ဒေသခံ အများအပြား သေဆုံးသွားတယ်လို့ လူ့အခွင့်အရေးအဖွဲ့တခုက ပြောပါတယ်။မောင်တော်မြို့မှာ ပဋိပက္ခဖြစ်တဲ့ အဲဒီရွာရဲ့ အမည်ကတော့ ဒူချီးရာတန်းပါ။  တနင်္လာနေ့က  လူအုပ်စုနဲ့ တိုက်ခိုက်ခံရလို့  ရဲတပ်ကြပ်ကြီး အောင်ကျော်သိန်း ရွာထဲမှာ ပိတ်မိပြီး ကျန်ရစ်ခဲ့တဲ့ရွာ ဖြစ်ပါတယ်။

 ရွာသူရွာသားအများအပြား သတ်ဖြတ်ခံရတယ်ဆိုတဲ့ အကြောင်း ထုတ်ပြန်တာကတော့ Arakan Project လို့ ခေါ်တဲ့ ထိုင်းအခြေစိုက် လူ့အခွင့်အရေးအဖွဲ့ဖြစ်ပါတယ်။

ဒီအကြောင်း ဧရာဝတီအွန်လိုင်းစာမျက်နှာမှာ  Buddhist Mob, Police Raid Rohingya Village, Many Left Dead: Rights Group ဆိုတဲ့ ခေါင်းစဉ်နဲ့ သတင်းတပုဒ် ရေးထားပါတယ်။
သွားဖတ်နိုင်တဲ့ လင့်က http://www.irrawaddy.org/burma/buddhist-mob-police-raid-rohingya-village-many-left-dead-rights-group.html ဖြစ်ပါတယ်။

ရွာထဲကို ဧည့်စာရင်းစစ်ဖို့၊ လက်ကိုင်ဖုန်းစစ်ဖို့ ရဲတွေ ရောက်အလာမှာ ပြဿနာ တက်ခဲ့တယ်လို့ ဆိုပါတယ်။ ဒေသခံအများအပြားက ရဲတွေကို ဒေါသတကြီး တိုက်ကြခိုက်ကြတယ်လို့ သိရပါတယ်။
အဖမ်းခံရမှာစိုးရိမ်ပြီး ထွက်ပြေးတိမ်းရှောင်သူ အများအပြား ရှိတယ်လို့လည်း သိရပါတယ်။

အင်္ဂါနေ့မနက်စောစော ရဲတွေ အဲဒီရွာကို ရောက်လာတယ်၊ စစ်သားတွေပါတယ်၊ ဗုဒ္ဓဘာသာဝင်အရပ်သားတွေလည်းပါတယ်၊ ပျောက်နေတဲ့ ရဲတပ်ဖွဲ့ဝင်ကို ရှာကြတယ်၊
ရဲတပ်ဖွဲ့ဝင်ပျောက်ဆုံးမှုနဲ့ပတ်သက်ပြီး ရွာသားတွေက မသိရှိကြောင်း ထွက်ဆိုကြတယ်၊ အဲဒီနောက် သွားရောက်ရှာဖွေတဲ့လူအုပ်စုကြီးက  ဒူချီးရာတန်းမှာကျန်နေတဲ့သူတွေကို လုယက်ကြ တိုက်ခိုက်ကြတယ်၊ မတရားပြုကျင့်တယ်ဆိုတဲ့သတင်းလည်း ထွက်နေတယ်၊
 သေဆုံးမှုက ၁ဝ ယောက်ကနေ အယောက် ၆ဝ အတွင်း ရှိမယ် လို့ ရထားတဲ့သတင်းတွေအရ သိရတယ် စသဖြင့် Arakan Project က ပြောပါတယ်။

ကြံ့ခိုင်ရေးပါတီက လွှတ်တော်ကိုယ်စားလှယ် ဦးအောင်မျိုးမင်းကတော့ သူ အဲဒီရွာကို အင်္ဂါနေ့မှာ ရောက်ခဲ့တယ်၊ အမျိုးသမီးတချို့နဲ့ သက်ကြီးပိုင်းတချို့ပဲ ရွာထဲမှာ ရှိတာ တွေ့တယ်၊ ဒဏ်ရာရတဲ့  သေဆုံးတဲ့ဒေသခံကို မမြင် မတွေ့ခဲ့ဘူးလို့ ပြောပါတယ်။

ကြံ့ခိုင်ရေးပါတီက ဘူးသီးတောင်မြို့နယ် လွှတ်တော်ကိုယ်စားလှယ်  ဦးရွှေမောင်ကလည်း ပဋိပက္ခဖြစ်တယ် သေဆုံးတယ်ဆိုတဲ့သတင်းတွေ သူလည်း ကြားထားတယ်၊
လူအများအပြား ပျောက်ဆုံးနေတယ်၊ ရိုဟင်ဂျာများကတော့ ပျောက်နေတယ်ဆိုရင် သေဆုံးတယ်လို့ ထင်တတ်ကြတယ် ဆိုပြီး ပြောပြပါတယ်။
အခြေအနေတင်းမာလွန်းပြီး လုံခြုံရေးအင်အားတိုးချဲ့ထားတယ်လို့ သူက ဆိုပါတယ်။

ဒူချီးရာတန်းရွာ ပဋိပက္ခနောက်ဆက်တွဲအကြောင်း ပြောပြတဲ့ လွှတ်တော်ကိုယ်စားလှယ် နှစ်ဦးစလုံးကတော့ မူဆလင်ဘာသာဝင်တွေ ဖြစ်ပါတယ်။

ဧရာဝတီ