Pages

Saturday, March 15, 2014

ကြေးနီ စီမံကိန်း အနီး တွင် မူးယစ်ဆေးဝါး ရောင်းဝယ်မှု များ ကျယ်ပြန့်စွာ ပြုလုပ်နေ

 
လက်ပံတောင်းဒေသ ကြေးနီ စီမံကိန်းကြီး အနီး တွင် မူးယစ်ဆေးဝါး ရောင်းဝယ်မှု များ ကို နယ်စပ် ဒေသ များမှ လာရောက် လုပ်ကိုင် နေသည့် တရုတ် ကပြား များမှ ကျယ်ပြန့် စွာ လုပ်ကိုင် နေကြောင်း ကြေးနီ စီမံကိန်း အတွင်းရှိ အလုပ်သမား ၀န်ထမ်း များက The Messenger သတင်းစာ သို့ ပြောသည်။

အဆိုပါ မူးယစ်ဆေးဝါး ရောင်းဝယ် နေမှု ကို ၂၀၁၃ ခုနှစ် ကတည်း က စတင်လုပ် ကိုင်နေပြီး၊ မူးယစ် ဆေးသုံးစွဲသူအများစုမှာ နယ်စပ် ဒေသ များတွင် နေထိုင်ခဲ့ကာ ယခု အခါ ကြေးနီ စီမံကိန်းကြီးတွင် ၀င်ရောက် လုပ်ကိုင်နေသူများဖြစ်ကြောင်းလည်း ကြေးနီ စီမံကိန်း အနီးတွင် နေထိုင်သူများ၏ ပြောပြ ချက်အရ သိရသည်။ မူးယစ်ဆေးဝါး တွေကို လုပ် လာတာ နေရာ တွေများ နေပြီ။ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ဝင် တွေက လက်ပံတောင်း တောင် မှာ အများကြီး ချထားတာတောင် မူးယစ်ဆေးဝါး လုပ်ကိုင် နေတဲ့ သူတွေကို မဖော် ထုတ်နိုင်ဘူး။ ဒေ သခံ တွေကိုပဲ အာရုံစူးစိုက် နေတဲ့ အတွက် အခွင့် အရေး သမား တွေက ရောင်းဝယ်မှုတွေ လုပ် နေကြတယ်။ တရုတ်စကားပြန်တစ်ဦးက သွားရောက်ဝယ်ယူပြီး၊ စီမံကိန်းကြီးထဲက တရုတ်တွေကို ပြန်ဖြန့် နေတယ်။ မူးယစ် ဆေး တွေကို မုံရွာကနေ တစ်ဆင့် နေ့စဉ်လိုလို သွား ယူတယ်။ ပြီးရင် ဒီမှာ ပြန်ရောင်းတယ်။ စီမံကိန်းကြီးမှာ အလုပ် လာလုပ်တာကို အကြောင်းပြပြီး ဒေသခံ တွေဆီကို မူးယစ် ဆေးတွေ ရောက်လာမှာကိုစိုးရိမ် တယ်။ သက် ဆိုင်ရာကလည်း ပြန်ပြီးစစ်ဆေးသင့်ပါတယ်။တစ်ခါတလေ တရုတ် စီးကရက်တစ်လိပ်ကို မြန်မာငွေ သုံး သောင်းနဲ့ ရောင်းတာတွေ တောင်ရှိတယ်။ ဒေသခံလူငယ်တွေလည်း လမ်းမှား ရောက်သွား မှာကိုစိုးရိမ်ပါတယ် ဟု ကြေးနီစီမံကိန်းအနီးတွင် ဈေးရောင်းနေသည့် အမျိုးသမီးတစ်ဦးက ပြောသည်။

လက်ပံတောင်းဒေသတွင် ယခင်က မူးယစ်ဆေးဝါးသုံးစွဲမှုများ လုံးဝ ကင်းစင်ခဲ့ ပြီး၊ ယခုအခါတွင် ကြေး နီ စီမံကိန်းကြီးနှင့် ပတ်သက်၍ ဒေသခံများနှင့် တာဝန်ရှိသူများ မပြေလည် သည်ကို အကြောင်းပြုကာ မူးယစ် ဆေး ရောင်းဝယ်နေမှုများ ဆက်တိုက် ပြုလုပ်နေကြောင်း အဆိုပါ အမျိုးသမီး ကဆိုသည်။ လွန်ခဲ့သည့် ၂၀၁၃ ခုနှစ်၊ ဧပြီလ အတွင်း ကြေးနီစီမံကိန်း အုတ်လုပ်ငန်းခွင် တစ်ခုတွင် တရုတ်ကပြားလူမျိုးတစ်ဦး မူးယစ်ဆေး သုံး စွဲ မှု လွန်ကာ သေဆုံးမှု မျိုး ရှိခဲ့ပြီး၊ သက်သေခံ ပစ္စည်းများကို မြင်တွေ့ ခဲ့ရသော်လည်း ယင်းမူးယစ်ဆေးသုံး စွဲ ပြီး၊ သေဆုံးမှုကို သက်ဆိုင်ရာမှ နှလုံးခုန်ရပ်ကာ သေဆုံးသွားခဲ့သည်ဟု မှုခင်း ဆေးမှတ်တမ်း များတွင် ဖော်ပြ ခဲ့ ကြောင်း လည်းမျက်မြင်တွေ့ ကြုံခဲ့ရသည့်ဒေသခံတစ်ဦးကပြောသည်။

ကြေးနီစီမံကိန်းကြီးအတွင်း သာမန် အလုပ်လာလုပ်တာကို လက်ခံတယ်။မူးယစ် ဆေးဝါး ရောင်းဝယ်မှု လုပ်တာကိုတော့ ခွင့် မပြုနိုင်ဘူး။ သက်ဆိုင်ရာ နယ်မြေရဲစခန်းတွေ ကိုလည်း မူးယစ်ဆေးဝါးနဲ့ ပတ်သက်ပြီး စုံးစမ်းဖို့ညွှန်ကြားထားပါတယ်။ မူးယစ်အဖွဲ့ တွေနဲ့လည်း ချိတ်ဆက်ပြီး လုပ်ဆောင်ထား ပါတယ် ဟု စစ်ကိုင်း တိုင်း ဒေသကြီး နယ် စပ်ရေးရာနှင့် လုံခြုံရေးဝန်ကြီး ဗိုလ်မှူးကြီး ကြည်နိုင်က ပြောသည်။

Messenger News Journal

Shining Access အထည်ချုပ် အလုပ်သမား များအား လျော်ကြေးသိန်း (၁၀၀) ပေးရန် ခုံသမာဓိ ကောင်စီ ဆုံးဖြတ်

 
ရွှေပြည်သာ စက်မှုဇုန် ရှိ Shining Access အထည်ချုပ် အလုပ်သမား များမှ အလုပ်ရှင် သို့ အလုပ် ထုတ် နစ်နာကြေး တောင်း မှုနှင့်ပတ်သက် ၍ ခုံ သမာဓိ ကောင်စီ က စက်ရုံ ပိုင်ရှင် အနေ ဖြင့် လျော်ကြေး ငွေ ကျပ် သိန်း (၁၀၀) ပေးရန် ဆုံးဖြတ် လိုက်ကြောင်း၊ ရန်ကုန်တိုင်း ဒေသကြီး ခုံသမာဓိ ကောင်စီ အတွင်း ရေးမှူး ဒေါ်နွဲ့ နွဲ့ရီ က The Messenger သတင်းစာသို့ ပြောသည်။

အလုပ်ရှင်က လိုက်နာ၊ မလိုက်နာကို စောင့်ကြည့် သွားမယ်။ တစ်ပတ် စောင့်ကြည့် လို့ မလိုက်နာရင် အရေးယူ သွားမှာဖြစ် တယ်။ ဒါပေမဲ့ အလုပ်ရှင် က အယူခံ တက် ပိုင်ခွင့် ရှိ တယ် ဟု ၎င်း ကပြောသည်။ Shining Access အထည်ချုပ်စက်ရုံ ရှိ လုပ်သား (၂၉) ယောက် အား လုပ်ငန်းခွင် စည်းကမ်း ဖောက်ဖျက်မှု၊ အလုပ်သမားများ အကြား သွေးခွဲမှုတို့ကြောင့် အလုပ်သမား ဥပဒေပါရှိသည့်အတိုင်း အလုပ်မှ ထုတ်ပယ် ခဲ့ခြင်း ဖြစ်ပြီး၊ ခုံသမာဓိကောင်စီ၏ ဆုံးဖြတ် ချက်ကို အယူခံတင်ကာ ဖြေရှင်းသွားမည်ဖြစ် ကြောင်း Shining Access အထည်ချုပ် စက်ရုံမှ လက်ထောက်မန်နေဂျာက The Messenger သတင်းစာသို့ ပြောသည်။

စက်ရုံ ရေရှည် ရပ်တည်ဖို့အတွက် ထုတ်လိုက်တာဖြစ်တယ်။ သူတို့ရဲ့ နစ်နာကြေး ဟာ တကယ်ရ သင့်လား၊ မရသင့်လားဆိုတာ မဆုံးဖြတ်ရသေးဘူး။ ခုံသမာဓိကောင်စီရဲ့ဆုံး ဖြတ်ချက်ကိုတော့ အဆင့်ဆင့် ဆက်တက် သွားမယ် ဟု ၎င်း ကပြောသည်။ Shining Access အထည်ချုပ်စက်ရုံ သည် လုပ်သား (၈၀၀) ဖြင့် လည်ပတ်နေ သော စက်ရုံဖြစ်ပြီး၊ ၂၀၁၃ ခုနှစ်ကုန်ပိုင်းတွင် အလုပ် သမား ခေါင်းဆောင် (၂၉) ဦးကို အ လုပ် မှထုတ်ပယ်သည့်အတွက် နစ်နာကြေး လျော်ကြေးရရှိရန် ခုံသမာဓိကောင်စီသို့ ဦးတိုက်လျှောက်ထားရာ သုံးလခန့်အကြာ တွင်မှ လျော်ကြေးပေးအပ်ရန် ခုံသမာဓိ ကောင်စီမှ အမိန့်ချမှတ်ခြင်းဖြစ်ကြောင်း အလုပ် ထုတ်ခံ ရသော အလုပ်သမား တစ်ဦး ဖြစ်သူ မဇာဇာဝင်း က ပြောသည်။

Messenger News Journal

ကော်မရှင် နှင့် ဥပဒေများ မပြင်ပါက ရွေးကောက်ပွဲ သည် လွတ်လပ် နိုင်သော်လည်း တရား မျှတမှု မရှိနိုင် ဟု ဆို

 
ရွေးကောက်ပွဲ ကော်မရှင် တွင် ခန့်ထား သူများနှင့် ရွေးကောက်ပွဲ နှင့် သက်ဆိုင်သော ဥပဒေ များကို မ ပြင်ဆင် ပါက လာမည့် ၂၀၁၅ ရွေးကောက်ပွဲ သည် လွတ်လပ် နိုင်သော် လည်း တရား မျှတ မှုမရှိ နိုင်ကြောင်း NLD ပါတီ ၏ ပြောရေး ဆိုခွင့် ရှိသူ ဦးဉဏ်ဝင်း က The Messenger သတင်းစာ သို့ ပြောသည်။

တရားမျှတဖို့ဆိုရင် ကော်မရှင်ကို လည်းပြောင်းလဲ သင့်တယ်။ ဥပဒေ တွေကို လည်း ပြင်ရမယ်။ ဖွဲ့ စည်းပုံ အခြေခံဥပဒေ တွေလည်း ပြင်ရမယ်။ ဒါတွေ မပြင်ဘဲနဲ့ ကျင်းပတဲ့ ရွေးကောက်ပွဲဟာ လွတ် လပ်ချင် လွတ် လပ် မယ်။ တရားမျှတမှု မရှိနိုင်တော့ ဘူးလို့ ထင်တယ်”” ဟု ဦးဉာဏ်ဝင်း က ပြော သည်။ ရွေးကောက် ပွဲ တွင် ပါတီများ မှန်ကန်စွာ ယှဉ်ပြိုင်နိုင်ရေးအတွက် လူမှုအဩအစည်းများ ၏ အကူအညီယူမည်ဆိုပါကလည်း လွတ် လပ် သောအကူအညီဖြစ်၊ မဖြစ် စောင့်ကြည့်မည် ဖြစ်ကြောင်း၊ NLD ပါတီ အနေ ဖြင့် ဥပဒေ အရ တရားဝင် မှတ်ပုံတင်ထားသောကြောင့် ရွေးကောက်ပွဲဝင်ရမည်ဖြစ်ကြောင်း၊ လက်ရှိ အချိန်တွင် ရွေးကောက်ပွဲနှင့် ပတ် သက် ၍ ကြေညာချက်များ မထွက်ရှိသေးသောကြောင့် အသေးစိတ် မပြောနိုင်သေးကြောင်း ဦးဉာဏ် ၀င်းက ဆိုသည်။ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် အနေဖြင့် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲကို ဟာ ကွက်မရှိစေဘဲ အောင်မြင်စွာ ကျင်းပနိုင်ရန် နှင့် လွတ်လပ်ပြီး တရားမျှတစွာ ကျင်းပနိုင် ရေးဆောင်ရွက်သွားမည်ဖြစ်ပြီး၊ ထိုသို့ အောင် မြင်စွာ ဆောက်ရွက်နိုင်ရေးအတွက် အခန်း (၁၂) ခန်း ပါရှိသော ၂၀၁၄-၂၀၁၈ ငါးနှစ်တာ မဟာဗျူဟာ စီမံကိန်းကို ၂၀၁၃ ခုနှစ်၊ ဇွန်လ မှ စ၍ ရေးဆွဲခဲ့ကြောင်း၊ ထိုသို့ ရေးဆွဲ ရာ တွင် အခြားနိုင်ငံများတွင် ရေးဆွဲခဲ့ သော မဟာဗျူ ဟာ စီမံကိန်းများကို လေ့လာခဲ့သည့် အပြင် ပညာရှင်များကလည်း နည်းပညာများအကူ အညီ ပေးခဲ့ကြောင်း၊ ပြည်ထောင်စုရွေးကောက် ပွဲကော်မရှင်ဥက်္ကဋ္ဌ ဦးတင်အေးက မတ်လ (၁၃) ရက်နေ့တွင် ပြော ကြား ထားသည်။

၂၀၁၀ ရွေးကောက်ပွဲမှာ တချို့က သပိတ်မှောက်တာတွေ၊ အချို့ ပါတီ တွေ က ၀င် ပြိုင်တာတွေ ရှိခဲ့တယ်။ မဲ မသမာမှုတွေ ရှိခဲ့ တယ်လို့ အင်တာနက်တွေ၊ မီဒီယာ တွေမှာ တွေ့ရပါတယ်။ အထူးသဖြင့် ကြို တင်မဲ ဆိုတဲ့ မဲနဲ့ အနိုင်ယူတာလည်း ကျွန်တော်တို့ ကြုံခဲ့ရ တော့၊ အခု ကော်မရှင် ကတော့ ပြောနေတယ်။ ကျွန်တော်တို့ အပါအ၀င် တော်တော်များများ က အခြားနည်းလမ်းတစ်ခုနဲ့ ဖြစ်လာမလား ဆိုတာ စိုးရိမ်နေတယ် ဟု ရခိုင် အမျိုးသား ပါတီ ပထမခေါင်းဆောင် ဦးအေးသာအောင် က The Messenger သတင်းစာသို့ ပြော သည်။

၂၀၁၅ ရွေးကောက်ပွဲကို တရားမျှတမှု ရှိစေရန် နိုင်ငံ တကာ မှ တိုက်တွန်း ပြောဆိုမှု များလည်း ရှိနေ သည်။ ၂၀၁၅ ရွေးကောက်ပွဲ တွင် အဓိက ပါတီကြီး နှစ်ခုဖြစ်သော USDP နှင့် NLD ပါတီတို့ ယှဉ်ပြိုင်ရမည် ဖြစ် သည်။ USDP ဥက္ကဋ္ဌ သူရဦးရွှေမန်းက ၂၀၁၅ တွင် တရား မျှတစွာ ယှဉ်ပြိုင်လိုသည်ဟု ပြောကြား ထားကာ NLD ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ကလည်း ရွေးကောက်ပွဲ ၀င်၊ မ၀င် ၂၀၀၈ ဖွဲ့ စည်းပုံ အခြေခံ ဥပဒေ ပြင်၊ မပြင် ကြည့်၍ ဆုံးဖြတ်မည်ဟု ပြောကြားထားသည်။ ၂၀၀၅ ခုနှစ် ရွေးကောက်ပွဲတွင် ပါတီများ မှန်ကန်စွာ ယှဉ်ပြိုင်ရေးနှင့် မဲရုံအဖွဲ့ ဝင်များ ဥပဒေနှင့် အညီ ဆောင်ရွက်ရေးအတွက် လူမှုအဖွဲ့ အ စည်းများမှ စောင့်ကြည့် သည့် အဖွဲ့ များကို လည်း ခွင့်ပြုမည်ဟု ရွေးကောက်ပွဲ ကော်မရှင် ဥက်္ကဋ္ဌက ပြောကြားထားသည်။

Messenger News Journal

နတ်ဆရာများ အားကိုး ကာ လေယာဉ်ရှာ နေသည် ဟူသော စွပ်စွဲချက် ကို မလေးရှား အာဏာပိုင် များ ငြင်းဆို

 
ပြီးခဲ့သည့် စနေနေ့ မနက်ပိုင်း ကတည်းက ပျောက်ဆုံး နေခဲ့ပြီး ယခု ထိတိုင် သဲလွန်စ ပင် မရသေးသော မလေးရှား လေကြောင်း လိုင်းပိုင် လေယာဉ် MH370 ပြန်တွေ့ရေး အတွက် မလေးရှား အာဏာပိုင် များသည် နတ်ဆရာ များ ကိုပါ အားကိုး နေသည် ဟူသော စွပ်စွဲချက် ကို သောကြာနေ့ တွင် မလေးရှား အာဏာပိုင် များ က ငြင်းဆို လိုက်သည်။

ကွာလာလမ်ပူ အပြည်ပြည် ဆိုင်ရာ လေဆိပ် (KLIA) တွင် မူဆလင် နတ်ဆရာ များ ဘာသာရေး အစီအမံ များ ပြုလုပ်ကာ လေယာဉ် ပျောက် တွေ့ရှိ ရေး ဆုတောင်းမှု များ ပြုလုပ် နေခြင်း ကို လည်း ရပ်ဆိုင်း ခိုင်း မည် ဖြစ်ကြောင်း အစိုးရ က ထုတ်ပြန် ပြော ကြား သည်။

နတ်ဆရာ အီဗရာ ဟင်မတ် ဇင်ဆို သူသည် ကွာလာလမ်ပူ လေဆိပ် တွင် ဘာသာ ရေး အစီအမံ များ ပြုလုပ် ကာ လေယာဉ် ပျောက် တည်နေရာ ကို အထက် ပုဂ်္ဂိုလ် များ ထံမှ တောင်းခံ နေသည့် ဓာတ်ပုံ များ၊ ဗီဒီယို ဖိုင် များ ယခု အပတ် အ တွင်း ဆိုရှယ် မီဒီယာ များပေါ် တက်လာ မှုကြောင့် အုတ်အော် သောင်း နင်း ဖြစ် ခဲ့ ရသည်။

ဗုဒ္ဓဟူး နေ့ တွင် အီဗရာဟင် သည် တပည့် သုံးဦး နှင့် အတူ ကွာလာလမ်ပူ လေဆိပ်၌ အုန်းသီးစိမ်း များ အပါ အ၀င် အခြား အဆောင် ပစ္စည်း များဖြင့် ဆုတောင်းမှု များ ပြုလုပ် ကာ လေယာဉ် ပျောက်၏ တည်နေရာ ကို သိနိုင် အောင် ကြိုးပမ်း ခဲ့ပုံ များ ဆိုရှယ် မီဒီယာ များ ပေါ် တက် လာခဲ့သည်။

ကွာလာလမ်ပူ လေဆိပ် တွင် နတ် ဆရာ များ လာရောက် ဆုတောင်းမှု များ ပြုလုပ်နေ ခြင်း သည် ၎င်း တို့၏ ယုံကြည် မှု အလျောက် ဆောင်ရွက်ခြင်း သာ ဖြစ် ပြီး အစိုးရ နှင့် မည် သို့မျှ မပတ်သက် ကြောင်း မလေးရှား အစိုးရ က ထုတ်ပြန် ပြောကြား လိုက်သည်။
Messenger News Journal

Friday, March 14, 2014

ရွှေ့လျားစာကြည့်တိုက် နေပြည်တော်မှာ ဒေါ်အောင်ဆန်းစုကြည် ဖွင့်လှစ်

 
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ရဲ့မိခင် ဒေါ်ခင်ကြည် အမည်နဲ့ တည်ထောင်ထားတဲ့ ဒေါ်ခင်ကြည်ဖေါင်ဒေးရှင်းရဲ့ ဒုတိယမြောက် ရွေ့လျားစာကြည့်တိုက် ဖွင့်လှစ်ပွဲအခမ်းအနားကို ဒီနေ့ နေပြည်တော် သင်္ဂဟဟိုတယ်မှာ ကျင်းပခဲ့ပါတယ်။

ဒီနေ့ ရွေ့လျားစာကြည့်တိုက် ဖွင့်လှစ်ပွဲမှာ ဒေါ်အောင်ဆန်းစုကြည်က မြန်မာနိုင်ငံက ကလေးတွေဟာ စာပေမြတ်နိုးတယ်ဆိုတာကို တွေ့ရှိရကြောင်း အခုလို ပြောခဲ့ပါတယ်။

“ တစ်ချို့က ကျွန်မတို့နိုင်ငံက ကလေးတွေဟာ စာဖတ်လိုတဲ့စိတ်တွေများ အားနည်းနေသလားဆိုပြီး ထင်ကြပါတယ်၊ တကယ်တော့ အဲလို မဟုတ်ပါဘူး၊ ကျွန်မရဲ့ မဲဆန္ဒနယ်မြေ ကော့မှူးမြို့နယ်မှာ ရွေ့လျားစာကြည့်တိုက် ဖွင့်လှစ်လိုက်ပြီးကတည်းက တွေ့ရှိရတာက ကလေးတွေ စာဖတ်လိုစိတ် အားကြီးတယ်ဆိုတာပါပဲ၊ အရင်က သူတို့မှာ စာအုပ်တွေကို လက်လှမ်းမမီခဲ့တာကြောင့်သာ စာအုပ်တွေနဲ့ အလှမ်းဝေးနေခဲ့တာပါ “

နေပြည်တော်မှာဖွင့်လှစ်တဲ့ ရွေ့လျားစာကြည့်တိုက်ယာဉ်ကို ဂျပန်ုနိင်ငံ Mazada Motor Corporation က ဒေါ်ခင်ကြည် ဖောင်ဒေးရှင်းကနေတစ်ဆင့် လှူဒါန်းတာပါ။

ဒီရွေ့လျားစာကြည့်တိုက်ဟာ နေပြည်တော် ပုပ္ပသီရိမြို့နယ်၊ ကျေးရွာပေါင်း ၂၀ကျော်က ကျောင်းသား ကျောင်းသူ တစ်သောင်းနှစ်ထောင်ကျော်ကို အသင်းဝင်ကြေးအခမဲ့နဲ့ စာအုပ်ငှားရမ်းသွားမှာဖြစ်ပါတယ်။ ကော့မှူးမြို့နယ်က ရွေ့လျားစာကြည့်တိုက်ကို ပြီးခဲ့တဲ့နှစ်က စတင်ဖွင့်လှစ်ခဲ့တာဖြစ်ပြီး ကော့မှူးမြို့နယ်က ကျေးရွာအတော်များများမှာ စာအုပ်တွေကို အလွယ်တကူ ငှားရမ်းဖတ်ရှုနိုင်ပြီလို့ သိရပါတယ်။

ရွေ့လျားစာကြည့်တိုက်ကို ဒေါ်ခင်ကြည်ဖေါင်ဒေးရှင်းက ဦးစီးပြီးစောင့်ရှောက်မှာဖြစ်သလို ဂျပန်ုနိုင်ငံဟာ မြန်မာနိုင်ငံ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးတွေမှာ ကူညီနေတဲ့အတွက် ကျေးဇူးတင်ရှိကြောင်း ဒေါ်အောင်ဆန်းစုကြည်က ဒီနေ့ထည့်သွင်းပြောခဲ့ပါတယ်။

ဒေါ်ခင်ကြည်ဖေါင်ဒေးရှင်းဟာ ချင်းပြည်နယ်မှာ ကျန်းမာရေးနဲ့ ပညာရေးရန်ပုံငွေအတွက် အလှူရှင်တွေနဲ့ပူးပေါင်းပြီး ငွေကျပ်သိန်း ၂၅၀ လှူဒါန်းမယ်လို့လည်း သိရပါတယ်။

RFA Burmese

မလေးရှားလေယာဉ်ပျောက်ဆုံးမှု မြန်မာ ပူးပေါင်း ရှာဖွေ

ပျောက်ဆုံး မလေးရှားလေယာဉ် ကို လေယာဉ် ရှာဖွေရေး ပူးပေါင်းအဖွဲ့မှ ဝေဟင်မှ လိုက်လံရှာဖွေနေကြစဉ်။ (မတ် ၁၃၊ ၂၀၁၄)

မလေးရှားနိုင်ငံကနေ တရုတ်နိုင်ငံကို ပျံသန်းစဉ် လမ်းခုလတ်မှာ ပျောက်ဆုံး သွားတဲ့ မလေးရှား ခရီးသည်တင် လေယာဉ် ကို နိုင်ငံတကာက ၀ိုင်းဝန်း ရှာဖွေနေတာမှာ အခုဆိုရင် မြန်မာနိုင်ငံကလည်း ပူးပေါင်း ပါဝင်လာပြီ ဖြစ်ပါတယ်။ ပျောက်ဆုံးနေတာ သီတင်း တစ်ပတ်ရှိသွားပြီဖြစ်တဲ့ မလေးရှားလေကြောင်းပိုင် Boeing 777 လေယာဉ်ကို အိန္ဒိယသမုဒ္ဒရာထဲအထိ တိုးချဲ့ရှာဖွေဖို့ ဆုံးဖြတ်ခဲ့ပြီးတဲ့နောက် မြန်မာနိုင်ငံကလည်း အခုလို ပူးပေါင်း ရှာဖွေဖို့ ဆုံးဖြတ်ခဲ့တာဖြစ်တယ်လို့ အစိုးရတာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။ လောလောဆယ် ညှိနှိုင်းဆောင်ရွက်မှုတွေ လုပ်ဆောင်နေတဲ့ အခြေအနေနဲ့ ပတ်သက်ပြီး ဆက်သွယ်မေးမြန်းထားတဲ့ မနန္ဒာချမ်းက တင်ပြပေးထားပါတယ်။

မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့ကနေ တရုတ်နိုင်ငံ ဘေဂျင်းမြို့ကို ပျံသန်းတဲ့ Boeing 777 ခရီးသည်တင်လေယာဉ်ဟာ မတ်လ ၈ ရက် စနေနေ့မနက်ပိုင်းက လမ်းခရီးမှာ ပျောက်ဆုံးသွားခဲ့တာဖြစ်ပါတယ်။ ခရီးသည်နဲ့ လေယာဉ်အမှုထမ်း စုစုပေါင်း ၂၃၉ ဦး လိုက်ပါလာတဲ့ ဒီလေယာဉ်ဟာ ကွာလာလမ်ပူလေဆိပ်ကနေ ထွက်ခွာအပြီး ၁ နာရီအကြာမှာ ပျောက်ဆုံးသွားခဲ့တာပါ။

ဒီလေယာဉ်ကို နိုင်ငံပေါင်း ၁၂ နိုင်ငံက သင်္ဘော ၄၂ စင်း၊ လေယာဉ် ၃၉ စင်းနဲ့ တောင်တရုတ်ပင်လယ်နဲ့ မလေးရှားကျွန်းဆွယ် တဘက်ကမ်း မိုင်ရာနဲ့ချီဝေးတဲ့ မလက်ကာ ရေလက်ကြားတို့မှာ အဓိက ရှာဖွေခဲ့ကြပေမဲ့ သဲလွန်စ တစုံတရာ မတွေ့ရတာကြောင့် လေယာဉ်နဲ့ နောက်ဆုံး အဆက်အသွယ်ပြတ်သွားခဲ့တဲ့ နေရာကနေ မိုင်ထောင်ချီဝေးတဲ့ အိန္ဒိယသမုဒ္ဒရာ အထိကို တိုးချဲ့ရှာဖွေဖို့ ဆုံးဖြတ်ခဲ့ကြတာပါ။

အိန္ဒိယသမုဒ္ဒရာထဲ ရှာဖွေတဲ့အခါ မြန်မာရေပိုင်နက်နဲ့လည်း ထိစပ်နေ တာကြောင့် မြန်မာနိုင်ငံ ကလည်း ပူးပေါင်းဆောင်ရွက်နေတယ်လို့ ပြန်ကြားရေး ဝန်ကြီးဌာန ဒုဝန်ကြီး ဦးရဲထွဋ် က ပြောပါတယ်။

"တကယ်လို့ သူတို့ရှာဖွေနေတဲ့ လေယာဉ်ပျံတွေ မြန်မာနိုင်ငံ ရဲ့ လေပိုင်နက်ထဲကို ဖြတ်ကျော်မယ်ဆိုရင် ဝင်ရောက်မယ်ဆိုရင် ကျနော်တို့ ဝင်ရောက်ခွင့်ပြုထားတယ်။ တပ်မတော်(ရေ) အနေနဲ့လည်း အဲ့ဒီ့ဘက်က ကိုယ့်ရဲ့ နယ်မြေတွေမှာ ပါဝင်ကူညီရှာဖွေပေးဖို့ သူတို့အောက်မှာ ညှိနှိုင်းဆောင်ရွက်နေပါတယ်။ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် အနေနဲ့ ရေတပ် အနေနဲ့ စပြီးတော့မှ ပါဝင်ဆောင်ရွက်ဖို့၊ လုပ်ဖို့ဆိုပြီးတော့မှ ညွန်ကြားထားတယ်လို့တော့ သိတယ်။ သင်္ဘော အရေအတွက်၊ ဘယ်မှာရောက်နေတယ်ဆိုတာတော့ အဲ့တာတော့ ကျနော် Operation ကိစ္စတွေဖြစ်လို့ ကျနော် အသေးစိတ်မသိဘူးခင်ဗျ။ တပ်မတော်အနေနဲ့ကလည်း ဘယ်နေရာတွေကို လုပ်ပေးစေချင်လဲ ဒါတွေကို ညှိနေတာပေါ့နော်။ သူတို့ရှာမယ့်ဧရိယာနဲ့ ကျနော်ရှိတဲ့ဧရိယာနဲ့ ဒါတွေ ညှိနေတာပေါ့။"

တခါ မြန်မာလေကြောင်းညွှန်ကြားမှု ဦးစီးဌာနကလည်း - မလေးရှားနိုင်ငံ ကနေ မြန်မာလေပိုင်နက်အတွင်း လိုအပ်ရင် ၀င်ရောက် ရှာဖွေခွင့်ပြုဖို့ ပြီးခဲ့တဲ့ အင်္ဂါနေ့ကလည်း အကူအညီတောင်းခံခဲ့တာကြောင့် - ၁ ပတ်တိတိ ရှာဖွေခွင့် မြန်မာ လေကြောင်းဘက်က ခွင့်ပြု ထားပြီး လောလောဆယ် မြန်မာ့လေပိုင်နက် ထဲ ဝင်ရောက် ရှာဖွေမှုတွေတော့ မရှိသေးဘူးလို့ မြန်မာလေကြောင်း ညွှန်ကြားမှု ဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးဝင်းဆွေထွန်း က ပြောပါတယ်။

" ၁၁ရက်နေ့ကတည်းကလေ  မြန်မာလေပိုင်နက်ထဲမှာ လိုအပ်လာလို့ရှိရင် ဝင်ပြီးတော့ရှာဖွေခွင့်ပေါ့။ တောင်းတာရှိပါတယ်။ ရှိတော့ ကျနော်တို့က ခုနှစ်ရက်သက်တမ်းနဲ့ပေါ့။ သူတို့တောင်းတဲ့ လေယာဉ်ပျံ အမျိုးအစား ခြောက်မျိုးလောက်ရှိတာပေါ့။ ခြောက်မျိုးလောက်ကို ကြိုတင်ခွင့်ပြုချက် သဘောမျိုးပေါ့။ ခွင့်ပြုပေးထားတယ်။ အဲ့ဒီ့အဆင့်ပဲ ရှိသေးတယ်။  ဟိုဘက်က လာမယ်။ ဘယ်တော့ လာမယ်ဆိုတဲ့ အဲ့ဒီ့ Flight နဲ့  တင်လာတာမျိုးတော့ အခုချိန်အထိ လှုပ်ရှားမှုမျိုးတော့မရှိသေးဘူး။

ကျနော့်ဆီ တင်ပြတောင်းခံဆိုတဲ့ အထဲမှာတော့ မလေးရှားလေတပ်က ပါတယ်။ နောက် သြစတေးလျလေတပ်ကပါတယ်။ ဆိုတာမျိုး လေယာဉ်ပျံတွေအရပေါ့။ တွက်လို့ရတာပေါ့။ အထူးသဖြင့်ကတော့ Search and Rescue အတွက်ကို သုံးတဲ့လေယာဉ်တွေပေါ့။"

ဒါ့အပြင် ပင်လယ်ရေကြောင်းဘက်ကဆိုရင်လည်း မြန်မာ့တပ်မတော် (ရေ) နဲ့အတူ ရေကြောင်းဦးစီးဌာနကလည်း ပူးပေါင်းဆောင်ရွက်နေပြီး၊ အဓိက ရှာဖွေမယ့် မြန်မာ့ရေပိုင်နက်ဧရိယာနဲ့ပတ်သက်လို့လည်း ဦးဝင်းဆွေထွန်းက အခုလို ဆက်ပြောပြပါတယ်။

"အဓိက ပင်လယ်ပြင်ပဲဗျ။ ကျနော်တို့ဘက်နဲ့ဆိုင်တာဆိုရင်တော့ အဓိက ခုနကပြောတဲ့ Bay of Bengal ဧရိယာပေါ့။ ဘင်္ဂလား ပင်လယ်အော်ထဲမှာဖြစ်မယ်။ ဟိုဘက်ဆိုရင် အိန္ဒိယဘက်က ပို့လဲကျွန်းတို့ ဘာတို့ဘက် နားလောက်အထိ ရောက်တဲ့ ဧရိယာပေါ့။ ဒါပေမဲ့ ဒီဟာကလည်း ခုနက ကျနော်ပြောသလိုပဲ အကြမ်းဖျင်း ရာထားတဲ့ ဧရိယာဝိုက်ကြီးကို လုပ်ထားတာပေါ့။ ဒါပေမဲ့ ကျနော်တို့ဘက်က Facilitiesတို့ ဘာတို့ ညာတို့ က ကာကွယ်ရေးအတွက် တပ်ဖက်ကပေါ့။ တပ်ဖက်က လိုအပ်လာလို့ ဖြစ်ရင်လည်း ကူညီပေးကြမှာပါ။"

အခုလို ဒေသတွင်းအရေးကိစ္စတွေမှာ မြန်မာနိုင်ငံအနေနဲ့ နိုင်ငံတကာနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ လုပ်ဆောင်လာတာ ဟာ မြန်မာနိုင်ငံမှာ သမ္မတဦးသိန်းစိန် အရပ်သားအစိုးရ တက်လာပြီးတဲ့နောက် ဒါ ပထမဦးဆုံး အကြိမ်လည်းဖြစ်ပါတယ်။ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးရဲထွဋ်ကတော့ အာဆီယံနိုင်ငံတွေကြားထဲမှာ သဘောတူညီ ထားချက်အရ မြန်မာနိုင်ငံဘက်က ပူးပေါင်း လုပ်ဆောင် တာဖြစ်တယ်လို့ ပြောဆိုပါတယ်။

"ကာကွယ်ရေးဝန်ကြီးဌာနချင်း ပူးပေါင်းဆောင်ရွက်မှုထဲမှာလည်း ဒီလိုမျိုး ရှာဖွေတဲ့ Search and Rescue SAR ကိစ္စတွေက ပါပြီးသားပဲလေ။ အဲ့တာကြောင့် ကျနော်တို့က  ချက်ခြင်း သူ့ဘက်၊ ကိုယ့်ဘက် ညှိနှိုင်းဆောင်ရွက်နေတာပါ။ ဘာဖြစ်လို့လဲဆိုတော့ ကျနော်တို့ကဗျာ အာဆီယံရဲ့ ကာကွယ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု ထဲမှာ ဒီလိုမျိုး အန္တရာယ်တွေ ကြုံလို့ရှိရင် ပူးပေါင်းဆောင်ရွက်တာတို့၊ ဝိုင်းဝန်းရှာဖွေတာတို့လုပ်ရမယ့် သဘောတူထားတဲ့ မူဘောင်တွေရှိပါတယ်။

သိပ်မကြာခင်က နေပြည်တော်မှာ လုပ်တဲ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်များ အစည်းအဝေးမှာလည်း ဒီကိစ္စကို ကျနော်တို့က ဆွေးနွေးခဲ့တာပေါ့နော်။ အဲ့ဒီ့တော့ အဲ့ဒီ့မူဘောင်တွေအတိုင်းပဲ ကျနော်တို့က ပါဝင်ကူညီဆောင်ရွက်နေတာဖြစ်ပါတယ်။"

မလေးရှားအစိုးရဟာ အခုလို တခါမှ မကြုံခဲ့ဖူးတဲ့ အခြေအနေမျိုးကို ကိုင်တွယ်ဖြေရှင်းနေရတာဖြစ်တဲ့အတွက် ခရီးသည်နဲ့ လေယာဉ်အမှုထမ်း စုစုပေါင်း ၂၃၉ ဦး လိုက်ပါလာတဲ့ Boeing 777 လေယာဉ် ပြန်ရှာတွေ့ဖို့အတွက် ဘာပဲ လုပ်ရလုပ်ရ လုပ်ဆောင်သွားမှာဖြစ်တယ်လို့ မလေးရှား သယ်ယူပို့ဆောင်ရေးဝန်ကြီး က ပြောဆိုခဲ့ပါတယ်။

နန္ဒာချမ်း (ဗွီအိုအေ မြန်မာဌာန)

မန္တလေးတိုင်းဒေသ၀န်ကြီးချုပ်ယာဉ်တန်းကို လုပ်ကြံသူများအား ဆုငွေထုတ် ဖမ်းရန်စီစဉ်

မိုင်းခွဲ တိုက်ခိုက်မှုကြောင့် ကိုမဲကြီးလက် ထိခိုက်ဒဏ်ရာရရှိ

ရန်ကုန်၊ မတ် ၁၃ -
မန္တလေးတိုင်း ဒေသကြီးဝန်ကြီးချုပ်ယာဉ်တန်းကို ဆွဲမိုင်းဖြင့် တိုက်ခိုက်လုပ်ကြံသူများ ကို ဆုငွေထုတ်ကာ ပြည်သူများ၏အ ကူအညီဖြင့် ဖမ်းဆီးနိုင်ရန်စီစဉ်ဆောင် ရွက်သွားမည်ဖြစ်ကြောင်း မန္တလေး တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံးမှ ရဲအရာ ရှိကြီးတစ်ဦးက ဒီမိုကရေစီတူဒေး သို့ ပြောကြားသည်။

လတ်တလောစုံစမ်းစစ်ဆေးသိ ရှိချက်များအရ ဆွဲမိုင်းဖြင့်တိုက်ခိုက် သည်ဟု မသင်္ကာဖြစ်သူများစာရင်း တွင် ရှမ်းပြည်နယ်ရှိ လက်နက်ကိုင် တပ်ဖွဲ့တစ် ခုမှဖြစ်နိုင်သည်ဟု ရဲတပ် ဖွဲ့နှင့် စစ်ထောက်လှမ်းရေးတို့ကယူ ဆထား ပြီး ပြစ်မှု ကျူးလွန်သူများကို ဥပဒေအရ အမြန်ဆုံးထိရောက်စွာ အရေးယူရန် လိုအပ်ကြောင်း ယင်းက ဆက်လက်ပြောကြားသည်။

မန္တလေးတိုင်းဒေသကြီးရဲတပ် ဖွဲ့မှူးရုံးမှရဲအရာရှိကြီးတစ်ဦးက““ပြည် သူတွေအကူအညီကိုယူပြီး အဲဒီလိုလုပ် ကြံတဲ့အဖွဲ့ကိုအပြစ်ပေးရမယ်။ ကျွန် တော်တို့အနေနဲ့ ဘယ်လိုလက်နက် ကိုင်အဖွဲ့အစည်းတွေပဲဖြစ်ပါစေ ။ ပြစ် မှုကျူးလွန်ရင် ဖမ်းပြီးတရားရုံးကိုစွဲ တင်ရမှာပဲ။ ဆုငွေထုတ်ပြီးဖမ်း မယ်။အဓိကကတော့ အခင်းဖြစ်ပွားတဲ့နေ ရာဒေသနဲ့အနီးတ၀ိုက်မှာရှိ တဲ့ပြည် သူတွေ ပြစ်မှုကျူးလွန်သူတွေကိုသိရင် အမြန်ဆုံးသတင်းပေးကြဖို့ပါ ။ ဆုငွေ အတိုင်းအတာကတော့ မသတ်မှတ် ရသေးဘူး။ ပြစ်မှုကျူးလွန်တယ် လို့ သင်္ကာမကင်းဖြစ်တဲ့အဖွဲ့တွေနဲ့ လူ တွေရဲ့အကြောင်းအရာတွေကိုလဲ သက်ဆိုင်ရာပြည်နယ်နဲ့ တိုင်းက ရဲ တပ်ဖွဲ့ဝင်တွေကို ပို့ထားပြီးပြီ””ဟု ပြော သည်။

အဆိုပါလုပ်ကြံတိုက်ခိုက်ခံရမှု ကို တပ်မတော်မှတာဝန်ရှိ သူများနှင့် ပြည်နယ်နှင့် တိုင်းဒေသကြီးရှိရဲတပ် ဖွဲ့ဝင်တို့ ပူးပေါင်းဖော် ထုတ်ရန် စီစဉ် ဆောင်ရွက်နေကြောင်း နေပြည်တော် ရှိရဲချုပ်ရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့မှ ၀န်ကြီးတစ်ဦး၏ကိုယ် ရေးအရာရှိ က““၀န်ကြီးချုပ်တွေရဲ့လမ်း ကြောင်းသွား တဲ့နေရာတွေမှာ လုံခြုံ ရေးကို တင်းတင်းကျပ်ကျပ်ထားသွား ဖို့လိုနေပြီ””ဟု သုံးသပ်ပြောဆိုခဲ့သည်။

မန္တလေးတိုင်းဒေသကြီးဝန်ကြီး ချုပ်နှင့်အဖွဲ့ယာဉ်တန်းသည် ဇန်န၀ါ ရီ ၃၁ရက်မွန်းလွဲ ၃နာရီအချိန်တွင် ပြင်ဦးလွင် မိုးကုတ်လမ်းနောင်ချိုမြို့ နယ်၂၉ မိုင် ၄ဖာလုံအရောက်တွင် ဆွဲမိုင်းဖြင့်တိုက်ခိုက်ခံရသောကြောင့် သတင်း မီဒီယာ မှ တစ်ဦး၊ ၀န်ကြီးကိုယ် ရေးအရာရှိတစ်ဦးနှင့် ကင်မရာသမား တစ်ဦးတို့ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

K M Z [--Democracy today Daily Newspaper--]

မိုးကုတ်ရွှေဆိုင်ဓားပြမှု အသုံးပြု သေနတ်များ လက်နက်ကိုင် အဖွဲ့ တစ်ခုမှ ငှားရမ်း ခဲ့ခြင်းဖြစ်ဟုဆို


မန္တလေးတိုင်း ဒေသကြီး မိုးကုတ်မြို့ရှိ ရွှေဆိုင်နှစ်ဆိုင်သို့ ဓားပြတိုက်ရာတွင် အသုံးပြုခဲ့ သည့် သေနတ်များမှာ လက်နက်ကိုင် အဖွဲ့ အစည်းတစ်ခုမှ ငှားရမ်းခဲ့ခြင်း ဖြစ်သည်ဟု ပြစ်မှုကျူးလွန်သူများက ထွက်ဆို ထားကြောင်း တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။

ယခုအခါ ရွှေဆိုင်ဓားပြတိုက်မှု ဖြစ်စဉ်တွင် ပါဝင်ပတ်သက်သည်ဟု သံသယ ရှိသော မသင်္ကာဖွယ်ရာ လူ လေးဦးကို ဖမ်းဆီးရမိထားပြီး ၎င်းတို့ ကို စစ်ဆေး ရာတွင် ထွက်ဆိုချက်များ အရ ပြစ်မှုကျူးလွန်ခဲ့သည်ကို ၀န်ခံ ထွက်ဆိုထားကြောင်း၊ ပြစ်မှုကျူးလွန် စဉ်က စီးနင်းခဲ့သည့် ဆိုင်ကယ်များကို သိမ်းဆည်းရမိပြီးဖြစ်သော်လည်း အ သုံးပြုခဲ့သည့်သေနတ်များနှင့် လုယူ သွားသည့်ရွှေများကိုမူ ပြန်လည်မသိမ်း ဆည်းနိုင်သေးသောကြောင့် အမှုကို ခိုင်မာစွာတည်ဆောက်၍ တရားစွဲ ဆိုတင်ပို့နိုင်ရန်အတွက် အဓိကကျ သည့် သက်သေ ခံပစ္စည်းများကို ဆက် လက်ရှာဖွေလျက်ရှိကြောင်း မန္တလေး တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ ဒုတိယ ရဲမှူးကြီးဇော်မင်းဦးက ဒီမိုကရေစီ တူ ဒေးသို့ပြောသည်။

““အခုဖမ်းဆီးရမိထားတဲ့သူတွေ ရဲ့ ထွက်ဆိုချက်အရတော့ ပြစ်မှုကျူး လွန်ရာ မှာ သူတို့အပါအ၀င် ခုနစ်ဦး ဖြစ်ပြီး သေနတ်တွေကိုတော့ လက် နက်ကိုင်အဖွဲ့အစည်းတစ်ခုဆီကနေ ငှားလာတာလို့ သိရပါတယ်။ အခုလွတ် နေသေးတဲ့သူသုံးဦးကလဲ အဲဒီအဖွဲ့ အစည်းထဲကဖြစ်ပြီး လုယက်သွားတဲ့ ရွှေထည်ပစ္စည်းတွေနဲ့ သေနတ်တွေ ကလဲ အဲဒီအဖွဲ့အစည်း ထဲမှာပဲရှိတယ် လို့ ပြောပါတယ် ။ လောလောဆယ် မှာ တော့ သက်သေခံပစ္စည်းအနေ နဲ့က တော့ ရွှေဆိုင်တစ်ဆိုင် ကိုရောင်းထား တဲ့လက်စွပ်နှစ်ကွင်းကို သွားရောက် သိမ်းဆည်းထားပြီး ဆိုင်ကနေ အရည် ကျိုထားတာကို တွေ့ရပါတယ်။ အခု လက်ရှိ အနေအထား အရတော့ အဲဒီ အဖွဲ့အစည်းထဲက သေနတ်တွေကို သက်သေခံပစ္စည်းအနေနဲ့ တောင်းဖို့ အတွက်ကတော့ အဆင်မပြေသေး တာကြောင့် အခုမိထားတဲ့သူတွေကိုပဲ အသေးစိတ်စစ်ဆေးမှုတွေ ထပ်လုပ် ဆောင်နေပါတယ်””ဟု ယင်းက ဆက် လက်ရှင်းပြသည်။

KSA [--Democracy today Daily Newspaper--]

ပျောက်ဆုံး မလေးရှားလေယာဉ်ကို အိန္ဒိယ သမုဒ္ဒရာထဲတွင် ရှာဖွေမည်

 
နောက်ဆုံး ရရှိတဲ့ အချက်အလက်အသစ်တွေကို အခြေခံပြီး ပျောက်ဆုံးနေဆဲ မလေးရှား လေယာဉ်ကို အိန္ဒိယသမုဒ္ဒရာထဲမှာ ရှာဖွေမယ်လို့ အမေရိကန် သမ္မတ အိမ်ဖြူတော်က မတ်လ ၁၃ ရက်နေ့မှာ ပြောပါတယ်။

နောက်ဆုံး ရထားတဲ့ သတင်းအချက်အလက်တွေဟာ နောက်ဆုံး ကောက်ချက်ချနိုင်တဲ့ အချက်အလက်တွေ မဟုတ်သေးပေမယ့် လေယာဉ်ရှာဖွေနေတဲ့ နယ်ပယ်ကို အိန္ဒိယသမုဒ္ဒရာ ဘက်အထိ ချဲ့ထွင်နိုင်စရာ ရှိတယ်လို့ အိမ်ဖြူတော် ပြောခွင့်ရ ဂျေကာနေးက ပြောပါတယ်။

ဒီကိစ္စကို လက်တွေ့ အကောင်အထည်ဖော်ဖို့ သင့်တော်တဲ့ ရှာဖွေရေး လုပ်ငန်းတွေကို ပြုလုပ်ဖို့ နိုင်ငံတကာ လုပ်ဖော်ကိုင်ဖက်တွေနဲ့ ညှိနှိုင်း နေတယ်လို့ ပြောပါတယ်။ မတ်လ ၈ ရက်နေ့က လူဦးရေ ၂၃၉ ယောက် လိုက်ပါသွားခဲ့တဲ့ မလေးရှား အဲလိုင်း MH370 ဟာ မလေးရှားနိုင်ငံ ကွာလာလမ်ပူကနေ တရုတ်နိုင်ငံ ဘေဂျင်း ခရီးစဉ်မှာ လေယာဉ်စထွက်ပြီး တနာရီမပြည့်ခင်မှာပဲ လေကြောင်း ထိန်းချုပ်ရေး ဖန်သားပြင်တွေပေါ်ကနေ ပျောက်ဆုံးသွားခဲ့တာပါ။ ရာသီဥတု ဆိုးရွားတဲ့ သတင်းတွေ၊ စက်ပိုင်းဆိုင်ရာ ချွတ်ယွင်းတဲ့ အထောက်အထားတွေလည်း မတွေ့ရပါဘူး။

လေယာဉ် ရှာဖွေရေး လုပ်ငန်းတွေကို အရှေ့တောင်အာရှဒေသထဲက နိုင်ငံပေါင်း တဒါဇင် ကျော်က ရေတပ် သင်္ဘောတွေ၊ လေယာဉ်တွေနဲ့ ရှာဖွေနေပေမယ့် အစအနတောင် မတွေ့သေးပါဘူး။

ရှာဖွေရေး လုပ်ငန်းတွေမှာ ကူညီဖို့ အမေရိကန် ပြည်ထောင်စုက ဖျက်သဘောင်္တစင်းနဲ့ ဂျပန်နိုင်ငံ အိုကီနာဝါ အခြေစိုက်စခန်းက လေယာဉ်တစင်းလည်း စေလွှတ်ထားပါတယ်။ မတ်လ ၁၃ ရက်နေ့မှာ တရုတ်ဂြိုလ်တုကနေ အပိုင်းအစတွေကို တွေ့တယ်ဆိုတဲ့ ပင်လယ်ပြင်ကို ရှာဖွေရေး လေယာဉ်တွေ ရောက်သွားတော့လည်း ဘာအစအနမှ မတွေ့ခဲ့ရပြန်ပါဘူး။

မတ် ၁၂ ရက်န့မှာ မလေရှားလေတပ် အကြီးအကဲက လက်ရှိ ရှာဖွေနေတဲ့ နေရာရဲ့ အနောက်ဘက် မိုင်ရာနဲ့ချီအဝေးမှာရှိတဲ့ ထိုင်းနိုင်ငံ ဖူးကက်ကျွန်းအနားတ၀ိုက်မှာ လေယာဉ် ဖြတ်သန်းသွားနိုင်တဲ့ အထောက်အထားသစ်တွေကို စစ်တပ် ရေဒါမှာ တွေ့ရှိရတယ်လို့ ပြောပြန်ပါတယ်။

မလေးရှား လေတပ်ရဲ့ အဲဒီ ကြေညာချက်ကြောင့် လေယာဉ် လမ်းကြောင်းနဲ့ ပတ်သက်လို့ ရှုပ်ထွေးမှုတွေ ပိုဆိုးသွားပြီး ဘယ်ပင်လယ်မှာ ရှာဖွေသင့်သလဲဆိုတာကိုတောင် အာဏာပိုင်တွေက ဇဝေဇ၀ါ ဖြစ်ကြပါတယ်။

မတ် ၁၃ ရက်နေ့မှာ Wall Street Journal ရဲ့ သတင်းတပုဒ်မှာတော့ လေယာဉ်ဟာ ရေဒါကနေ ပျောက်ကွယ်သွားတဲ့နောက်မှာ ၄ နာရီလောက် ပျံသန်းနေတယ်လို့ အမေရိကန် စုံစမ်းရှာဖွေရေး အရာရှိတွေက ယုံကြည်နေတယ်လို့ ဆိုပါတယ်။

လေယာဉ်စက်ရဲ့ အချက်အလက်တွေကို မှတ်တမ်းယူပြီး မြေပြင်ကို အလိုလျှောက် ပေးပို့တဲ့ စနစ်ကို အခြေခံပြီး အမေရိကန် အရာရှိတွေက ယူဆတာလို့ ဆိုပါတယ်။ ဒါကြောင့် ရေဒါပေါ်မှာ လေယာဉ်ကို နောက်ဆုံး ဖမ်းမိခဲ့တဲ့ ထိုင်းပင်လယ်ကွေ့ကနေ မိုင်ထောင်ချီတဲ့ အကွာအဝေးကို ပျံသန်းနေခဲ့တဲ့ သဘောသက်ရောက်တယ်လို့ စုံစမ်းသူတွေက ယူဆနေကြပါတယ်။

By ဒီဗွီဘီ

သိမ်းဆည်းခံ လယ်ယာမြေများ ပြန်ရရေးအတွက် တောင်သူ ၁၀၀ ကျော် ဆန္ဒပြ

အုံတုံပင်ကျေးရွာက တောင်သူများ မတ် ၁၄ ရက်နေ့ မနက် ၁၀ နာရီခွဲတွင် သိမ်းယူခံထားရတဲ့ လယ်ယာမြေများ ပြန်လည်ရရှိရေး ဆန္ဒပြနေကြစဉ်

စစ်ကိုင်းတိုင်းဒေသကြီး ယင်းမာပင်ခရိုင် စုံကြင်းအုပ်စု အုံတုံပင်ကျေးရွာက တောင်သူ ၁၀၀ ကျော်က မတ် ၁၄ ရက်နေ့ မနက် ၁၀ နာရီခွဲတွင် သိမ်းယူခံထားရတဲ့ လယ်ယာမြေများ ပြန်လည်ရရှိဖို့အတွက် ဆန္ဒပြခဲ့ကြပါတယ်။

အုံတုံပင်ကျေးရွာက ဒေသခံတောင်သူတွေဟာ အုံတုံပင် ဘုန်းကြီးကျောင်းမုဒ်ဝကနေပြီး ပုသိမ်-မုံရွာ ကားလမ်းခွဲအထိ စီတန်းလှည့်လည် ဆန္ဒပြခဲ့ကြပြီး တောင်သူတွေမြေယာပေါ်မှာ အောင်ဇေယျမြို့သစ် အမှတ် ၅ နဲ့ ၆ ဖော်ဆောင်မှုကို သဘောမတူတာကြောင့် ဆန္ဒပြခဲ့တာ ဖြစ်ပါတယ်။

အုံတုံပင်ကျေးရွာက လယ်မြေဧက ၇၀ ကို ၂၀၁၁ ခုနှစ်က သိမ်းယူပြီး ဒီနှစ်ကုန်ခါနီးမှာ မြေကွက် ၆၈၈ ကွက် ရိုက်ကာ တောင်သူတွေကို ၁ ဧက မြေ ၂ ကွက်နှုန်းနဲ့ ပြန်ပေးမယ်လို့ ပြောတဲ့အတွက် လယ်ပိုင်ရှင်တွေက မကျေနပ် ဖြစ်နေကြတာ ဖြစ်ပါတယ်။

မတ်လ ၇ ရက်နေ့ကလည်း ဒေသခံရွာသားတွေရဲ့ ဘိုးဘွားပိုင် လယ်ယာမြေတွေပေါ်ကို ရဲတပ်ဖွဲ့ဝင် အင်အားရာချီသုံးပြီး မြေတူးစက်တွေနဲ့ ၀င်ရောက်ဖျက်ဆီးတာကြောင့် နှစ်ဖက် ပဋိပက္ခဖြစ်ပြီး အသီးသီးဒဏ်ရာရခဲ့ကြပါတယ်။

By ဒီဗွီဘီ

ကာကွယ်ရေးဦးစီးချုပ်နှင့် KNU တွေ့ဆုံခြင်းသည် ပွင့်လင်းမြင်သာမှုမရှိဟု UNFC ဒုဥက္ကဋ္ဌ ဝေဖန်

 
ရန်ကုန်၊ မတ် ၁၀

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ကရင်အမျိုးသား အစည်းအရုံး (KNU)တို့ မတ် ၇ ရက် နေပြည်တော်ရှိ ဘုရင့်နောင် ဧည့်ရိပ်သာ ခန်းမဆောင်၌ တွေ့ဆုံကြရာ တစ်ဖွဲ့ချင်း တွေ့ဆုံမှု ဖြစ်သောကြောင့် ပွင့်လင်းမြင်သာမှု မရှိကြောင်း ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) ဒုတိယဥက္ကဋ္ဌ ပဒိုဒေးဗစ်သာကပေါက မတ် ၁၀ ရက်တွင် ပြောကြားခဲ့သည်။

ငြိမ်းချမ်းရေး အဖွဲ့အစည်း အားလုံး လက်မှတ် ထိုးထားသော သဘောတူညီချက် ဖြစ်သည့် ယခုကဲ့သို့တွေ့ ဆုံမည် ဆိုပါက အနည်းဆုံး (၃) (၄)ဖွဲ့စု၍ တွေ့ဆုံမှသာလျှင် ပွင့်လင်းမြင်သာမှု ရှိမည်ဖြစ်ကြောင်း ပဒို ဒေးဗစ်သာကပေါက ရှင်းလင်း ပြောကြားခဲ့သည်။

“တစ်ဖွဲ့ချင်းတွေ့တာ မကောင်းဘူး။ တွေ့စရာရှိလည်း (၃)(၄)(၅)ဖွဲ့လောက် တွေ့ပေါ့။ ဒီမှာ အားလုံး လက်မှတ် ထိုးထားတာပဲ။ တစ်ဖွဲ့တည်း တွေ့တယ်ဆိုတာ ပွင့်လင်း မြင်သာမှု မရှိဘူး။ ဒီမိုကရေစီမှာ ပွင့်လင်းမြင်သာမှု ရှိရမယ်။ ဘာပဲဖြစ်ဖြစ်ပေါ့ဗျာ။ လူရိုသေ ရှင်ရိုသေ အစိုးရဖြစ်ဖို့ အဲဒါ အရေးကြီးတယ်။ တစ်ဖွဲ့တည်းတွေ့တာ အလားအလာ မကောင်းဘူးလို့ မြင်ပါတယ်” ဟုဆိုသည်။ ထို့ပြင် တပ်မတော်ကာကွယ် ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ကရင်အမျိုးသား အစည်းအရုံး KNU နှင့် တွေ့ဆုံစဉ် တိုင်းရင်းသား လက်နက်ကိုင်အများစု လက်မခံသော တပ်မတော်၏ ဆန္ဒသဘောထား ၆ ချက်အား လေးစား လိုက်နာရန် ပြောကြားခဲ့မှု အပေါ်တွင်လည်း “(KNU) ကို သူကပိုင်တယ်ဆိုတဲ့ သဘောနဲ့လုပ်တာနဲ့ တူပါတယ်။ KNU ကလည်း အပြောလွယ်မယ့်သဘော ရောက်နေတာကိုး။ အဲဒီသဘောတော့ ရှိတာပေါ့ဗျာ”ဟု ပဒိုဒေးဗစ်သာကပေါက ထပ်မံသုံးသပ်ခဲ့သည်။

အဆိုပါတပ်မတော်၏ သဘောထားဆန္ဒ ၆ ချက်အား လူမသတ်ရန်၊ အဓမ္မတပ်စုဆောင်းခြင်း မပြုရန်နှင့် ဆက်ကြေး မကောက်ရန်၊ တပ်နေရာသစ် တိုးချဲ့ တည်ဆောက်ခြင်း မပြုရန်၊ မဟာမိတ်တပ်ဖွဲ့များ အတွင်းသို့ အပစ်ရပ်ထားသောအဖွဲ့မှ တပ်သားများ ထည့်သွင်း တိုက်ခိုက်ခြင်း မပြုရန်၊ အစိုးရအုပ်ချုပ်ရေး ပိုင်းတွင် ၀င်ရောက် စွက်ဖက်ခြင်းမပြုရန်နှင့် တပ်မတော်၏ အုပ်ချုပ်မှုအောက်ရှိ ပြည်သူ့စစ် တပ်ဖွဲ့များကို တိုက်ခိုက်ခြင်း မပြုရန်တို့ ဖြစ်သည်။

““ငြိမ်းချမ်းရေး တည်ဆောက်မယ့် နေရာမှာ တပ်မတော်ရဲ့ သဘောထားကို ပြောတာပါ။ သူ့သဘောထားသူ ပြောတာပါ။ ကျွန်တော်တို့ကို လိုက်နာရမယ်လို့တော့ မပြောပါဘူး။သူ့သဘောထား ကိုယ့်သဘော ထားတော့ ရှိမှာပါ””ဟု KNU အထွေထွေ အတွင်းရေးမှူးချုပ် ပဒိုစောကွယ်ထူးဝင်းက မြန်မာသံတော်ဆင့်သို့ ပြောသည်။

အဆိုပါတွေ့ဆုံခဲ့မှုတွင် တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်အတူ ညှိနှိုင်း ကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး လှဌေးဝင်းနှင့် ကာကွယ်ရေးဦးစီးချုပ်(ကြည်း)မှ တပ်မတော် အရာရှိကြီးများ တက်ရောက်ကြပြီး KNU မှဥက္ကဋ္ဌ စောမူထူးစေးဖိုးနှင့်အတူ အထွေထွေ အတွင်းရေးမှူးချုပ် ပဒိုစောကွယ်ထူးဝင်း၊ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်များဖြစ်ကြသော စောရောဂျာခင်၊ ပဒိုမန်းငြိမ်းမောင်၊ စောတာဒိုမှူးနှင့် နိုင်ငံရေး၊ စစ်ရေးအကြံပေး စောထူးထူးလေးတို့ တက်ရောက် ဆွေးနွေးခဲ့ကြသည်။

ဝိုင်းမော်(Myanmartandawsint Newspaper)

» မေခမြစ်တစ်လျှောက် တရားမ၀င်ရွှေတူးနေသော တရုတ်နိုင်ငံသား ၄၁ ဦးကို ဖမ်းဆီး

 
မေခမြစ်တစ်လျှောက်တွင် တရားမ၀င်ရွှေတူးဖော်နေသည့် တရုတ်နိုင်ငံသား ၄၁ ဦးနှင့်အတူ ရွှေတူးရာ၌ အသုံးပြုသည့် မြေသယ်ယာဉ်များနှင့် အခြားပစ္စည်းများကို ဖမ်းဆီးထားကြောင်း ကချင်ပြည်နယ်ရဲတပ်ဖွဲ့မှူးရုံးမှ သတင်းရရှိသည်။

ဖမ်းဆီးထားသော တရုတ်နိုင်ငံသားများအား မြစ်ကြီးနားမြို့နယ် အမှတ်(၁)ရဲစခန်းနှင့် ၀ိုင်းမော်ရဲစခန်းတွင် ဖမ်းဆီးချုပ်နှောင်ထားပြီး ပစ္စည်းများအား ၀ိုင်းမော်တပ် ခလရ (၅၈) တပ်ရင်းတွင် သိမ်းဆည်းထားကြောင်း သတင်းရရှိသည်။
         
ဝိုင်းမော်မြို့နယ် ရှငေါ်ကျေးရွာနှင့် မန်ဒေါင်ကျေးရွာအနီးမှ (၄)ဖာလုံအကွာခန့်ရှိ မေခအရှေ့ ဘက်တွင် တရုတ်လုပ်ငန်းသားများမှ ရွှေတူးဖော်နေသည့်သတင်းရရှိပြီး ခလရ (၅၈)တပ်၊ မြစ်ကြီးနားခရိုင်ရဲတပ်ဖွဲ့၊ ၀ိုင်းမော်မြို့နယ်လ၀ကနှင့် ၀ိုင်းမော်မြို့ နယ် သတ္တုတွင်းဌာန တာဝန်ရှိသူများ ပူးပေါင်းပြီး သွားရောက်ဖမ်းဆီးခြင်းဖြစ်ကြောင်း သတင်းရရှိသည်။
         
‘‘လ၀ကအဖွဲ့ စစ်ဆေးနေတယ်။ အမှုဖွင့်ဖို့လည်း စီစဉ်ဆောင်ရွက်နေတယ်။ ပြစ်မှုကတော့ ပုဒ်မအပေါ်မူတည်မယ်’’ ဟု ကချင်ပြည်နယ်ရဲတပ်ဖွဲ့မှူးရုံးမှ အထက်တန်းအရာရှိတစ်ဦးကဆိုသည်။
         
ယခုဖမ်းမိသည့် ရှငေါ်နှင့် မန်ဒေါင်းကျေးရွာများတွင် တရုတ်ကုမ္ပဏီမြေတူးစက်ကြီးများ၊ ရွှေဖောင်များနှင့် အခြားစက်ကြီးများဖြင့် လုပ်ကိုင်နေသည်မှာ ဆယ်နှစ်ခန့်ရှိပြီဖြစ်ပြီး ထိုသို့ တူးဖော်မှုကြောင့် ဒေသခံများ၏ လိမ္မော်ခြံများ၊ အိမ်ခြံမြေများမှာ ပျက်စီးကုန်ကြောင်း ဒေသခံများကပြောသည်။
         
‘‘မြစ်ဆုံစီမံကိန်းပြီးမှသာ ဒီမှာရွှေမှော်ရှိလာတယ်။ အရင်တုန်းကတော့ သွားဖမ်းမယ်ဆိုရင်လည်း ကေအိုင်အေနဲ့ တိုက်ပွဲတွေဖြစ်နေတော့ ဘယ်လိုမှ သွားဖမ်းလို့မရဘူး။ အခုမှ လွတ်လွတ်လပ်လပ်သွားလို့ လာလို့ ရလို့ အခုမှ သွားဖမ်းတာ’’ဟု ၀ိုင်းမော်မြို့နယ် အုပ်ချုပ်ရေးမှူးက ပြောသည်။
         
‘‘ရှငေါ်ရွာက ရွှေကျင်လို့ ပျက်သွားပြီ။ ဒီမှာရွှေကျင်နေတာက ဆယ်နှစ်လောက်တောင် ရှိနေပြီ။ အရင်တုန်းကတော့ တရုတ်တွေနဲ့ အစိုးရပေါင်းပြီး လာဘ်ပေး၊ လာဘ်ယူမှုနဲ့ လုပ်လာတာ ဖြစ်နိုင်တယ်။ ဒါပေမဲ့ အခုကျတော့ ဒီမိုကရေစီခေတ်လည်း ရောက်လာတေ့ လာဘ်ပေး၊ လာဘ်ယူမှုလည်း ပပျောက်အောင်၊ အပေါ်ကလည်း ဖိအားပေးလို့ အခုလိုသွားဖမ်းတာနေမှာပါ’’ဟု ချီဖွေမြို့ ဘာသာရေးဆရာမတစ်ဦးကပြောသည်။
         
မတ်လ ၈ ရက်တွင် ယူနန်ပြည်နယ်နေ တရုတ်နိုင်ငံသား ရန်ကျန်းမီး (၂၇)နှစ်နှင့်အတူတရုတ် နိုင်ငံသား ၃၂ ဦးနှင့် မတ်လ ၉ ရက်တွင် ရှင်းလော် (၄၃) နှစ် အပါအ၀င် တရုတ်နိုင်ငံသား ကိုးဦးအား ထပ်မံဖမ်းဆီးခဲ့ကြောင်း သတင်းရရှိသည်။
         
ဝိုင်းမော်မြို့နယ်နောင်ချိုကျေးရွာအနီးတွင် တရုတ်နိုင်ငံသားများက တောင်အောက်၌ လိုဏ်ဂူဖောက်ကာ ရွှေတူးဖော်နေသော်လည်း သက်ဆိုင်ရာက အရေးယူနိုင်ခြင်းမရှိသေးကြောင်း နောင်ချိုဒေသခံတစ်ဦးကပြောသည်။
         
လွန်ခဲ့သည့် ဖေဖော်ဝါရီလကလည်း မန်စီမြို့နယ်အတွင်း သစ်မှောင်ခိုထုတ်သည့် တရုတ်နိုင်ငံသား ၁၀ ဦးခန့် ဖမ်းဆီးအရေးယူခဲ့သည်။

Author: မရန်
7DAY DAILY

အံ့မခန်း အစွမ်းတို့ဖြင့် ကမ္ဘာထိ စိန်ခေါ်ပြချင်သည့် မြန်မာပြည်သား မတစ်ထောင် တစ်ကောင်ဖွား

 
အမြင့် လေးငါးပေခန့်သာရှိသည့်စင်ပေါ်တွင် အသက် ၄ဝ နှစ် ခန့်အရွယ်ဟု ထင်မှတ်ရသော ခန္ဓာကိုယ်ခပ်တောင့်တောင့် အသားခပ်လတ်လတ် အမျိုးသားတစ်ဦးမှာ ပုလင်းတစ်လုံးပေါ်တွင် ဓာတ်ခဲတစ်လုံးတင်ကာ အဆိုပါ ဓာတ်ခဲပေါ်တွင် ၎င်း၏ခြေထောက်နှစ်ချောင်းအား မရမကတင်၍ လက်နှစ်ဖက်က မြေကြီး ကိုထောက် ကာ မှောက်လျက်အနေအထား။

၎င်း၏ ဝမ်းဗိုက်တည့်တည့်တွင် ချွန်မြနေသောဓားတစ်ချောင်းမှာ ထောင်လျက်အနေအထားဖြင့်ရှိနေသည်။ ပုလင်းနှင့် ဓာတ်ခဲပေါ်တွင် တင်ထားသော ခြေထောက်မှော က်ကာ ထောက်ထားသည့် လက်နှစ်ဖက်ဖြင့် ဒိုက်ထိုးသော ပြကွက်ကို ပြသခြင်း။  ပုလင်းပေါ်မှချော်ကျပါက ထောင်ထားသောဓားမှာ ဗိုက်အတွင်းသို့ ကွက်တိ ဝင်သွား မည်ဖြစ်သည်။ ထို့ကြောင့် ဝိုင်းကြည့်ရှုနေသူများ စိုးရိမ်သောအကြည့်ဖြင့် ကြည့်နေကြခြင်း ဖြစ်သည်။

နိုင်ငံခြားဇာတ်ဝင်ခန်းတစ်ခုတော့မဟုတ်ပါ။ ယခုလ ၉ ရက်နေ့က ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ်၊ တုလွတ်အောင်မြေကျောင်း အတွင်း မြေကွက်လပ် တစ် ခုမှာ မှော် ပညာမဟုတ်သော၊ မျက်လှည့်မဟုတ်သော၊ အောက်လမ်းနည်းမဟုတ်သော ထူးဆန်းသည့်ပြကွက်များကို လူအများစိတ်ဝင်စား ဖွယ်ပြ သနေခြင်း ဖြစ် သည်။
”ကျွန်တော်လည်း အဲ့ဒီပြကွက်ပြီးမှပဲ ဟင်းချနိုင်တော့တယ်။ ဗိုက်အောက်မှာဓားကြီးလေ။ ပုလင်းသာခြေချော်သွားကြည့် ဗိုက်ထဲကိုဖောက်ပြီးသားပဲ။ ပြသွားတာတွေက အသက် အန္တရာယ်အရမ်းများတယ်”ဟု အဆိုပါပွဲသို့ သွားရောက် ကြည့်ရှုသူ ကိုမင်းမြတ်မောင်က ပြောသည်။

ထိုကဲ့သို့ ပြကွက်များအပြင် ကလေးတစ်ယောက်၏ ဗိုက်၊ ကုပ်ပေါ်တို့တွင်သခွားသီးတစ်လုံးတင်၍ ဓားဖြင့် ခုတ်ခြင်း၊ ကားသုံးစီးအား ကြိုးဖြင့်သွယ်ကာ ၎င်း၏ဆံပင်ဖြင့်ချီ ၍ ကိုက် တစ်ရာခန့်အကွာအထိ တစ်ပြိုင်နက်တည်း ဆွဲပြခြင်း၊ ငါး လက်မခန့် ရေခဲတုံးအား ခေါင်းဖြင့်ခွဲခြင်း၊ ၎င်း၏ဗိုက်ပေါ်တွင် ရေခဲတုံးတင်၍ ၎င်းရေခဲတုံးပေါ်တွင် အုတ်ခဲသုံးလုံးထပ်ဆင့်တင်ကာ ပရိသတ်ထဲမှ တစ်ယောက်ကတူဖြင့်ထုပြသည့် ပြကွက်အား ပြသခြင်းစသည့် ပြကွက်များကို လူအများ စိတ်ဝင်စားဖွယ်ရာ ဖြစ်ခဲ့သည်။ ထိုနေ့တွင် ပရိ သတ်အကြိုက် ပြကွက်ဆယ်ကွက်ကို ပြသခဲ့သည်။

ထိုကဲ့သို့ ထူးဆန်းသည့် အသက်အန္တရာယ်စိုးရိမ်ရသော ပြကွက်များကို ပြသဖန်းတီးခဲ့သူမှာ နိုင်ငံခြားသားမဟုတ်။  မြန်မာနိုင်ငံမှ ရေငုပ်ရာတွင် နာရီများစွာ ရေငု ပ်နိုင် သူများဟု ကျော်ကြားသော ကမ္ဘာကျော်ဆလုံလူမျိုး၊ မော်ကင်းထမံသီ မျိုးနွယ်စုဝင် အသက် ၇ဝ အရွယ် ဦးငြိမ်းချမ်းအောင်ဆိုသူ ဖြစ်သည်။
”အသက် ၄ နှစ်ကတည်းက စကျင့်လာတာ၊ အသက် ၂၄နှစ် အရွယ်မှာ ဒီလိုမျိုးပွဲစလုပ်ဖြစ်တယ်။ မဆလခေတ် ကတည်းက ဆိုပါတော့။ နှစ်ပေါင်းလေးဆယ်ကျော်ပြီ” ဟု ဦးငြိမ်းချမ်းအောင်က ပြောသည်။ ၎င်းတို့မျိုးနွယ်စု၏ သဘောတရားအရ ထိုပညာအမွေကို ဆက်ခံလာခဲ့ခြင်းဖြစ်သည်။ ၎င်းတို့မျိုးနွယ်စု၏ မိသားစုဝင် များထဲ မှ ခေါင်းဆောင်အဖြစ်သတ်မှတ်သူတစ်ဦးအား မွေးစ အချိန်မှ စတင်လေ့ကျင့်ပေးရပြီး မွေးမွေးချင်းမှာပင် ခြေဖျားမှ လည်ပင်းအထိ ကြိမ်များဖြင့် အတောင့်လိုက် ပတ် ထားပေးပြီး ကျင့်ရသည်ဟု ဦးငြိမ်းချမ်းအောင်က ဖြေသည်။ ”အတောင့် လိုက် အနေအထားနဲ့ပေါ့ ဖြေသင့်တဲ့ချိန် ပြန်ဖြေပြီး ပြန်ပတ်။ အဖုအထစ်တွေ အကြော အ ဆစ်ေ တွ ပြေပြစ်အောင် အဲ့ဒီလို လုပ်တာ”ဟု ၎င်းက ပြောသည်။

အဆိုပါကျင့်စဉ်များအားကျင့်မည်ဆိုပါက အရက်သောက်ခြင်း၊ ဆေးလိပ်သောက်ခြင်း၊ ကွမ်းစားခြင်း၊ ဖဲရိုက် ခြင်း၊ လိမ်လည်ပြောဆိုခြင်းမပြုရဘဲ တရားသဘော၊ ဝင်လေ ထွက်လေ ကျင့်စဉ်များလည်း ပါဝင်သည်။ ၎င်းပညာအား မော်ကင်းကသိုင်းဟုခေါ်ပြီး ကိုယ်ခံပညာတစ်ရပ် ဖြစ်သည်။ ဆလုံလူမျိုးများမှာ မွေးရာ ပါရေငုပ်ကျွမ်း ကျင်ခြင်းကြောင့် ဘိုး ဘေးဘီဘင်လက်ထက်မှ အမွေဆက်ခံခဲ့သော ကိုယ်ခံပညာ၊ ဗုဒ္ဓ၏ တရားသဘောများ ရှုမှတ်ခြင်းနှင့် ပေါင်းစပ်ကာ ယခု ကဲ့သို့ထူး ဆန်းသောပြ ကွက်များကို ပြသနိုင်ခဲ့ခြင်းဖြစ်ကြောင်း ဦးငြိမ်းချမ်းအောင်က ၎င်းပြကွက်များနှင့်ပတ်သက်၍ ပြောဆို သည်။ ၎င်းပြသည့်အကွက်များမှာ အခန်းပေါင်း ၅ဝ ခန့်ရှိပြီး ပြ ကွက်ပေါင်း ၅ဝဝ ရှိသည်ဟု ဆိုသည်။

၁၉၇၂-၇၃ခုနှစ်ခန့်မှ ယခု အချိန်ထိ နှစ်လေးဆယ်ကျော် ပြသခဲ့ပြီး ပွဲပေါင်းမှာ မရေတွက်နိုင်အောင် များပြားနေပြီ ဖြစ်သည်။  ”ဧရာဝတီတိုင်း၊ ပုသိမ်မြို့မှာ ပြတုန်းကတော့ အမှတ် တရပဲ။ ကျွန်တော့်ပြကွက်တွေကို သူတို့တွေက ထူးဆန်းနေကြတယ်။ တအားလည်းသဘောကျကြတယ်။ နောက်ပွဲလည်း ပြီးရော ငြိမ်းချမ်းအောင် (စွမ်းအားရှင်) ဆိုပြီး သူတို့ဘာသာ သတ်မှတ်လိုက်ကြတယ်။ တော်တော်အားပေးကြတယ်”ဟု ပြပွဲမှအမှတ်တရအနေဖြင့် ဦးငြိမ်းချမ်းအောင်က ပြောပြသည်။

၎င်း၏ပြကွက်များထဲမှ နှစ်ဖက်အချွန်သံချောင်း တစ်ချောင်းအား တစ်ဖက်မှငှက်ပျောပင်ကို ထောက်၍ ကျန်တစ်ဖက်မှာ ၎င်း၏လည်ပင်းကို ထောက်ကာ ငှက်ပျောပင် ထုတ်ချင်းပေါက်အောင်ထိုးပြသောပြကွက်၊ ၎င်း၏ဗိုက်ပေါ်သို့ အိမ်စီးကားတက်ကြိတ်ပြသည့် ပြကွက်များမှာ လူအများ စိတ်ဝင်စားသည့် ပြကွက်များဖြစ်သည်။ ရှမ်းပြည် နယ်ဘက် တွင် မီးပုံးပျံအောက်ခြေမှာ တန်းထိုး၍ လည်ပင်းဖြင့်ချိတ်ကာ မည် သည့်အကူညီမျှမပါဘဲ  လည်ပင်းဖြင့် ချိတ်လျက်တန်း လန်းဖြင့် လေထဲသို့ ပျံဝဲခြင်း များမှာ လည်း အောင်မြင်ခဲ့သော ပြကွက်ဖြစ်ခဲ့ပြီး ယင်းဒေသရှိ တိုင်းရင်းသား လက်နက်ကိုင် တော်တော်များများမှ ၎င်းအား ခေါ်ယူကာ တပ်သား များ အား ဖျော်ဖြေ ရ သည် အထိ အောင်မြင်ခဲ့သည်။



”ရှမ်းတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေတော်တော် များများကို ပြကွက်တွေသွားပြရတော့ ရှမ်းတပ်တစ်တပ်မှာ စစ်သားတွေကို ဆိုင်ကယ်တွေအများကြီးပေါ်မှာ တက်ထိုင် ခိုင်းပြီး ကျွန်တော်က ရှေ့ကနေ ဆံပင်နဲ့ဆွဲတာ သူတို့က တော် တော်သဘောကျတယ်။ အဲဒီဘက်က အရာရှိတွေကလည်း ကျွန်တော့်ကို တလေးတစား ဆက်ဆံကြတယ်။ သူတို့ကလည်း ကျွန်တော့်ပြကွက်တွေကို အံ့လည်းအံ့သြ အားလည်း အားပေးကြတယ်”ဟု ဦးငြိမ်းချမ်းအောင်က ပြောသည်။

၎င်းသည် နှစ်လေးဆယ်ကျော်အတွင်း ပွဲပေါင်းများစွာကို ပြည်နယ်နှင့် တိုင်းဒေသကြီးအတော်များများတွင် သွားရောက် ဖျော်ဖြေခဲ့သည်။ ၎င်းတွင် အိမ်ပိုင်ရာပိုင် မရှိ မြန် မာနိုင်ငံနေရာ အနှံ့လှည့်လည်ဖျော်ဖြေပြီး ရောက်သည့်နေရာတွင် ဖြစ်သလို နေသည်ဟု ဆိုသည်။ ပွဲလုပ်ချင်၍ စီစဉ်ပေးသူ၏ အစီအစဉ် အတိုင်းသာ နေထိုင်ပြီး ပွဲမရှိ ပါက ရောက်သည့်နေရာ တောထဲတွင် တဲထိုး၍နေထိုင်သည်ဟု ၎င်းက ပြောသည်။

သူ၏ ထူးခြားမှုကတော့ ၎င်းဖျော်ဖြေသောပွဲများအား အခကြေး ငွေယူ၍ ဖျော်ဖြေလေ့မရှိခြင်းပင်။ တစ်ခါတစ်ခါ ပြကွက်ဆန်းများအား ကြည့်ရှုသူများမှ သဘောကျလျှင် ဆု ကြေးငွေများ ပေးတတ်သော်လည်း လိုအပ်သည့်နေရာများသို့  ပြန်လည် လှူဒါန်းခဲ့သည်။ ထို့အပြင်အလှူငွေ တစ်ခုခုလိုအပ် ပါက လိုအပ်သည့်အတိုင်း အ တာ ငွေကြေးပမာဏအား မေး မြန်း၍ ၎င်းပမာဏနှင့် ပြည့်မီသည့်ငွေအား ရှာဖွေပေးသည်။ အလှူငွေသိန်းတစ်ရာ လိုအပ်ပါက သိန်းတစ်ရာဖိုးလက်မှတ် ရောင်းချ၍ ရုံ သွင်းကာပြကွက်များကို ပြသ၍ အလှူငွေရှာဖွေ ပေးသည်။
”ဆယ်သိန်းဆို ဆယ်သိန်း၊ သိန်းတစ်ရာဆို သိန်းတစ်ရာ လိုအပ်တဲ့ငွေပဲ ဝင်ကြေးရအောင်ယူတယ်။ အဲ့ဒီထက် ပိုမယူ ဘူး”ဟု ဦးငြိမ်းချမ်းအောင်က ပြောသည်။ သူပြသ သည့်ပြကွက်များမှာ အန္တရာယ်များသောကြောင့် ပွဲပြုလုပ်၍ ပြသစဉ် ထိခိုက်ဒဏ်ရာများရရှိခဲ့သည်များလည်း ရှိသည်။ ဧရာဝတီတိုင်းဘက်တွင် ပြသသော လည်ပင်းအား တုတ်ဖြင့်ရိုက်ပြသော ပြကွက်တွင် ရိုက်သူမှာ လည်ပင်းနှင့် ပါးစပ်အားမှားယွင်းရိုက်မိသောကြောင့်သွားများကျွတ်ထွက်သည်အထိ ကြုံဖူးကြောင်း ၎င်း၏သွားတုများ ကိုထိုး၍ ပြသပြောဆိုသည်။

”လည်ပင်းနဲ့ပါးစပ်မှားရိုက်တာလေ။ကျွန်တော်က မရယ် ရင်တော့ လူငယ်တစ်ယောက်လို့ထင်ရတယ်။ ရယ်လိုက်ရင် အဘိုးကြီးပဲ”ဟု ရယ်မောရင်း ပြောဆို သည်။ အသက်အရွယ်နှင့်မလိုက် လူငယ်တစ်ယောက်ကဲ့သို့ ယနေ့အထိ နေထိုင်နိုင်ခြင်းမှာ နေ့စဉ်နေထိုင်လှုပ်ရှားမှုများ ကြောင့် ဟုဆိုသည်။ အစားသောက် ပုံမှန်စားသည်။ အသီး အရွက်များများစားပြီး နေ့စဉ်လေ့ကျင့်ခန်းလုပ်ရသည်။ ည ၉ နာရီတွင် အိပ်ပြီး ည ၁၂ နာရီနောက်ပိုင်းတွင် အိပ်လေ့မရှိ တော့ဘဲ တရားသဘောဖြင့် ဝင်လေ ထွက်လေရှုမှတ်သည်ဟု ဦးငြိမ်း ချမ်းအောင်က ဆိုသည်။

သူ့တွင်  ပြင်းပြသောဆန္ဒတစ်ခု ရှိနေသည်။ ထိုဆန္ဒက တော့နှစ်ပေါင်း များစွာလေ့ကျင့်ခဲ့သော ပြကွက်ဆန်း များ အား လူအများ စိတ်ဝင်စားခဲ့ခြင်းအပေါ် ၎င်း၏ရ င်းနှီးေ သာ မိတ်ဆွေများ၏တိုက်တွန်းချက်အရ ဂင်းနစ်စံချိန်တင်လိုခြင်း ဖြစ်သည်။ ထိုသို့တင်လိုခြင်းမှာ ကျော်ကြားလိုခြင်း မဟုတ်ဘဲ မြန်မာနိုင်ငံတွင် တခြားနိုင် ငံများ ကဲ့သို့ သူ များမလုပ်သော အ လုပ်များအား လုပ်နိုင်သောသူရှိကြောင်း ပြသလို၍ ဖြစ်သည်။ ဂင်းနစ်စံချိန်တင်ပါက တင်နိုင်လောက်သည့် အရည်အချင်း များ လုံလုံလောက်လောက် ရှိသည်ဟု ယုံကြည်ချက်အပြည့်ဖြင့် ပြောသည်။

”ဥပမာ ကျွန်တော် မီးပုံးပျံမှာ တန်းထိုးပြီးလည်ပင်းနဲ့ ချိတ်လေထဲပျံဝဲပြသလိုမျိုးပေါ့။ ဟက်စကီးရဲ့တန်းမှာလည်း လည်ပင်းနဲ့ချိတ်ပြီး လေထဲမှာလိုက်ပြမယ်။ ပြီးရင် ဘယ် လောက်နေနိုင်သလဲ။ အချိန်သတ်မှတ်ပြီး ဂင်းနစ်တင်လို့ရ တယ်။ လည်ပင်းနဲ့ပဲချိတ်ပြီး လိုက်သွားတာနော်။ တခြား ဘာအကူအညီမှမပါဘူး။ အဲ့ဒီလိုဆို ဂင်းနစ်မ တင်နိုင်ဘူး လားဗျာ။ တခြားပြကွက်တွေလုပ်ပြဆိုလည်း လုပ်ပြလို့ရတာ အများကြီးပဲ ရှိသေးတယ်။ သူများတွေ လုပ်တာထက် ကိုယ်က ပိုလုပ်ပြနိုင် တယ်။ မြန် မာနိုင်ငံ သားလုပ်ပြနိုင်တယ်ဆိုတာ ပြချင်တယ်”ဟု ၎င်းဆန္ဒအား ရင်ဖွင့်ပြောဆိုသည်။

ယခုအခါ ဂင်းနစ်စံချိန်တင်နိုင်ရန် ၎င်း၏ရင်းနှီးသော မိတ်ဆွေများမှ ဆက်သွယ်ပေးနေပြီး အခြေအနေပေးလာပါ က ဂင်းနစ်စံချိန်တင်နိုင် သည့် ပြကွက်များ ကို ပြသ သွားမည်ဖြစ် ကြောင်း ပြောသည်။ နှစ်လေးဆယ်ကျော် နယ်လှည့်ပြသခဲ့သည့် ၎င်း၏ပြကွက်များကို ထဲထဲဝင်ဝင်သိသူနည်းပြီး ယခုတစ် ခေါက် ရန်ကုန်မြို့ တွင် ပြု လုပ်သောပွဲမှသာ စီးပွားရေးလုပ်ငန်းရှင်များ မီဒီယာများ၏ စိတ်ဝင်စားခြင်းကိုခံလာရခြင်းဖြစ်သည်။ ရန်ကုန်တွင် နောက်ထပ် ပွဲတော်တော်များ များ အား ပြသ သွား မည်ဖြစ်ကြောင်းလည်း ဦးငြိမ်းချမ်းအောင်က ပြောသည်။
ထိုကဲ့သို့ ပြကွက်ဆန်းများကို ပြသနိုင်သည့် ၎င်းတို့ မျိုးနွယ်စုတွင် သူသိသလောက် သူတစ်ယောက်သာကျန်တော့ သောကြောင့် အသက်အရွယ်အရ ဂင်းနစ်စံချိန် တင် သွားလို ခြင်းလည်း ဖြစ်သည်။ ဆလုံလူဦးရေ စုစုပေါင်းမှာ ၃ဝဝဝ ခန့်သာကျန်ရှိတော့ပြီး တော်တော်များများမှာလည်း ရေငုပ်သည့် အပိုင်းမှာပင် အလေ့အကျင့် နည်း လာကြကြောင်း ၎င်းအမြင်ကို သုံးသပ်ပြောဆိုသည်။

”အရင်က ရေငုပ်ရင် ၁၁ နာရီလောက်ကြာအောင် ငုပ်နိုင်တယ်။ အခု သုံးနာရီလောက်ပဲ ငုပ်နိုင်ကြတော့တယ်။ များသောအားဖြင့် အောက်စီဂျင်ဘူးနဲ့ ငုပ်နေကြ တာများ တယ်လေ”ဟု သူ၏အမြင်ကို ပြောဆိုသည်။ ဦးငြိမ်းချမ်းအောင်တွင် ၁၉ နှစ်အရွယ်သမီးတစ်ဦးရှိပြီး မိန်းကလေးဖြစ်သောကြောင့် မိန်းကလေးတို့ တတ်အပ်သည့် ပညာရပ် များကိုသာ သင်ပေးထားပြီး သူ၏သမီးအိမ်ထောင်ကျပါက မွေးလာသော မြေးယောက်ျားလေးအား အမွေဆက်ခံစေမည် ဟု ပြောသည်။ ထို့အပြင် ၎င်းပညာရပ်အား စိတ်ဝင်စား၍သင်ကြားလိုပါက အရက်မသောက်၊ ကွမ်းမစားဘဲ လိမ္မာသော လူငယ်များအားသင်ကြားလိုစိတ်ရှိပါက သင်ကြားပေးမည်ဟု ပြောသည်။ ဦးငြိမ်းချမ်းအောင် ၏ ဂင်းနစ်စံချိန်တင်လိုသော ဆန္ဒပြည့်ဝပါက မြန်မာနိုင်ငံသားတစ်ဦးဖြစ်သောကြောင့် ၎င်း နှင့်ယှဉ်လျက် မြန်မာဟု ယှဉ်တွဲပါဝင်နေမည်ဖြစ်ပါသည်။ အနောက်နိုင် ငံသား များသာ အထူးအဆန်းများ လုပ်ပြ၍ အံ့သြရသော မြန်မာနိုင်ငံသားများအနေဖြင့် မိမိနိုင်ငံအတွက် ဂုဏ်ယူမဆုံး ဖြစ်နေပါမည်။ ဟက်စကီးခြေနင်းခုံတွင် လည်ပင်းနှင့် ချိတ်ကာ တန်းလန်းအနေအထားဖြင့် လေထဲတွင် ဂင်းနစ်စံချိန်တင်လိုသော ဦးငြိမ်းချမ်းအောင်၏ဆန္ဒ ကမ္ဘာကို ချပြခွင့်ရမလားဆိုသည်ကတော့ ….။

ဖိုးလပြည့်

Popular Myanmar News Journal

ရှမ်းစာပေသင်တန်းဆရာမ အပါအ၀င် ရွာသားများကို (ကေအိုင်အေ) က ဖမ်းဆီး ခေါ်ဆောင်သွား

 
ကချင်ပြည်နယ် ဗန်းမော်ခရိုင်ထဲမှာ ရှမ်းစာပေသင်တန်း ဆရာမတဦးနဲ့ ကျားဖြူပါတီဝင်တဦး အပါအ၀င် ရှမ်းရွာသား ၇ ဦးကို ကချင်လွတ်လပ်ရေး တပ်မတော် (ကေအိုင်အေ) က ဖမ်းဆီး ခေါ်ဆောင်သွား ခဲ့တယ်လို့ ရှမ်းမျိုးနွယ်စုရေးရာ အဖွဲ့က ပြောပါတယ်။

ဗန်းမော်ခရိုင် မန်စီမြို့နယ်ထဲက ရှမ်းရွာသား ၇ ဦးကို ကေအိုင်အေတပ်က မတ်လ ၁၁ ရက်နေ့က ဖမ်းဆီးခေါ်ဆောင်သွားခဲ့တာလို့ အဲဒီဒေသမှာ နွေရာသီရှမ်းစာပေသင်တန်း ဖွင့်လှစ်ရေးကိစ္စနဲ့ နယ်လှည့်ဆောင်ရွက်နေတဲ့ ဗန်းမော်ခရိုင် ရှမ်းလူငယ်ခေါင်းဆောင် စိုင်းထွန်းက ဒီဗွီဘီကို ပြောပါတယ်။

“မနေ့က ကျနော်တို့သွားပြီးမှ မေးခဲ့တယ်။ အဲနေ့မနက် ၇ နာရီခွဲလောက်က ပန်ဆက်ရွာက နန်းစိန်ပွင့်နဲ့ နန်းအေထွေး သူတို့ ၂ ယောက် မိုင်းခေါင်ဈေးက အပြန်မှာ ကေအိုင်အေက ထိန်းသိမ်းထားတယ်လို့ ပြောတယ်။ အခု လောလောဆယ် ကေဆွမ်းတပ်မှာ ထိန်းသိမ်းထား တယ်လို့ ပြောတယ်။ နန်းစိန်ပွင့်ကတော့ ပန်ဆက်မှာ ရှမ်းစာသင်ပေးတဲ့ ဆရာမပေါ့၊ နန်းအေထွေးကတော့ ကျားဖြူပါတီရဲ့ အဖွဲ့ဝင်တယောက်ဖြစ်တယ်။”

ကျန်တဲ့သူတွေကတော့ မိုင်းခေါင်ရွာသား ၂ ဦးနဲ့ သုံပလွေရွာသူ ၃ ဦးတို့ ဖြစ်ပြီး အဲဒီနေ့ တရက်တည်းမှာ အဖမ်းခံခဲ့ရတယ်လို့ သူက ဆက်ပြောပါတယ်။

ဖမ်းဆီးခံရသူတွေထဲက မိုင်းခေါင်ရွာသား လူငယ်တဦးကတော့ ယခင်က သူ့ညီဖြစ်သူလည်း စုဆောင်းရေးထဲမှာ ပါခဲ့ပြီးဖြစ်ကြောင်း ပြောဆိုတဲ့အတွက် မနေ့က ပြန်လွတ်လာပြီလို့ စိုင်းထွန်းက ဆက်ပြောပါတယ်။

ရှမ်းမျိုးနွယ်စုရေးရာအဖွဲ့ ဒုတိယခေါင်းဆောင် ဦးစိုင်းစန်းဝေကလည်း အဲဒီကိစ္စကို ကေအိုင်အို ငြိမ်းချမ်းရေးအကျိုးတော်ဆောင်တွေဆီကနေတဆင့် တင်ပြထားကြောင်း၊ ဒီမတိုင်ခင် ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂၂ ရက်နေ့က မြစ်ဆုံ တီယန်စွပ်ဒေသ ရွှေမော်မှာ အဖမ်းခံခဲ့ရတဲ့ လူငယ် ၂ ယောက်ကိုတော့ မိဘဖြစ်သူတွေက ကချင်လွတ်လပ်ရေးအဖွဲ့ (ကေအိုင်အို) ဆက်ဆံရေးရုံးမှာ သွားပြောတဲ့အတွက် မနေ့တနေ့က ပြန်လွှတ်လာပြီလို့ ပြောပါတယ်။

ကေအိုင်အိုဘက်ကတော့ တပ်သားသစ်စုဆောင်းရေးအတွက် ဒေသခံရွာသားတွေကို အတင်း အဓမ္မဆွဲခေါ်နေတဲ့ ကိစ္စဟာ မဟုတ်ကြောင်း ငြင်းဆိုပါတယ်။

ကေအိုင်အို အလုပ်အဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးဒေါင်းခါးက “အရင်တုန်းကလုပ်တယ်။ စစ်ပွဲရပ်ပြီးတဲ့ ၂၀၀၃ နောက်ပိုင်း မလုပ်ဘူး။ ဒီနောက်ပိုင်း ကျနော်တို့က စည်းရုံးရေးပဲ လုပ်တယ်။ ပညာပေးသင်တန်းတွေ ရှိတယ်။ ပြီးရင် ကိုယ့်အိမ်ကိုယ်ပြန် ကိုယ့်အလုပ် ကိုယ်လုပ်ပေါ့။ ဖမ်းဆီးခံရတယ်ဆိုတာ အချက်အလက်တွေသိရင် မြစ်ကြီးနားမြို့ စီတာပူကွင်းရှေ့က ကျနော်တို့ရုံးမှာ ကိုယ်တိုင်သွားရောက်ဆွေးနွေးပြီးတော့ ပူးပေါင်းဆောင်ရွက် ပြီးတော့ ဖြေရှင်းလို့ရတယ်လို့ အသိပေးချင်ပါတယ်” လို့ ပြောပါတယ်။

ကေအိုင်အေ ကချင်လွတ်လပ်ရေးအဖွဲ့ဟာ မနှစ် ၂၀၁၃ ဒီဇင်ဘာလက မံစီမြို့နယ်ထဲက သူတို့ ဖမ်းဆီးထိန်းသိမ်းထားသူ ၅၀ ကျော်အနက် တ၀က်ကျော်ကို ပြန်လွှတ်ပေးခဲ့တယ်လို့ ဗန်းမော်ခရိုင် အုပ်ချုပ်ရေးမှူး ဦးတေဇာအောင်က ဒီဗွီဘီကို ပြောပါတယ်။

By နန်းမြနဒီ (ဒီဗွီဘီ)

သန်းခေါင်စာရင်းမှာ ရိုဟင်ဂျာ မထည့်ဘူးလို့ အစိုးရပြောကြား


မြန်မာနိုင်ငံမှာ ရိုဟင်ဂျာဆိုတာမရှိသလို မကြာခင် သန်းခေါင်စာရင်း ကောက်ယူတဲ့အခါမှာလည်း ရိုဟင်ဂျာအမည်နဲ့ လူမျိုးစုစာရင်း ထည့်သွင်းသတ်မှတ်မှာ မဟုတ်ကြောင်း လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီးဌာန အဆင့်မြင့်အရာရှိကြီးတစ်ဦးက ဒီကနေ့ ထုတ်ဖော်ပြောကြားလိုက်ပါတယ်။

သန်းခေါင်စာရင်းကောက်ယူရာမှာ လူမျိုးအမည် ကုဒ် နံပါတ် ၉၁၄ မှာ ရိုဟင်ဂျာအမည်နဲ့ အင်တာနက်စာမျက်နှာတွေမှာ ဖြန့်ချီဖော်ပြနေတာနဲ့ပတ်သက်ပြီး RFA က ဆက်သွယ်မေးမြန်းစဉ်မှာ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီးဌာန အမျိုးသားသန်းခေါင်စာရင်း ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချူပ် ဦးမြင့်ကြိုင်က ပြောကြားခဲ့တာပါ။

"ကျနော်တို့ ကုဒ်နံပါတ်ထဲမှာ ရိုဟင်ဂျာဆိုတာ လုံးဝမရှိပါဘူးခင်ဗျ၊ မြန်မာနိုင်ငံမှာ ရိုဟင်ဂျာ လုံးဝမရှိပါဘူးခင်ဗျ၊ ကျနော်တို့ တိုင်းရင်းသား ၁၃၅ မျိုးထဲမှာ မပါတဲ့လူတွေကို ကုဒ်နံပါတ် ၉၁၄ လို့ ပေးထားတာရှိပါတယ်၊ တခြားတိုင်းရင်းသားတွေထဲမှာ မပါတဲ့လူတွေအတွက် ဖြစ်ပါတယ်ခင်ဗျ"

ပြည်လုံးကျွတ် သန်းခေါင်စာရင်း ကောက်ယူတဲ့အခါ ရခိုင်ပြည်နယ်က မွတ်စလင်တွေကို ရိုဟင်ဂျာလို့ စာရင်းသွင်းဖော်ပြမှာကို လုံးဝလက်မခံကြောင်း၊ ရိုဟင်ဂျာအမည်သုံးစွဲခဲ့ရင် ရခိုင်ပြည်နယ်အနှံ့ ဆန္ဒပြမယ်လို့ ဒေသခံတွေက ပြောဆိုထားပါတယ်။ ပြည်ပအခြေစိုက် ရိုဟင်ဂျာအရေး လှုပ်ရှားသူတွေကလည်း ရခိုင်ပြည်နယ်မှာ သန်းခေါင်စာရင်းကောက်ယူတဲ့အခါ ရိုဟင်ဂျာအမည်ထည့်သွင်းဖော်ပြနိုင်ရေးအတွက် ကြိုးပမ်းနေကြပါတယ်။

လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီးဌာန အမျိုးသားသန်းခေါင်စာရင်းဦးစီးဌာနက ညွှန်ကြားရေးမှူးချူပ် ဦးမြင့်ကြိုင်ကတော့ ဒေသခံတွေအကြား စိုးရိမ်မှုရှိနေတာဟာ သတင်းအမှားတွေကြောင့်သာဖြစ်ကြောင်း၊ အစိုးရအနေနဲ့ သတင်းအမှန်ကို ထုတ်ဖော်ပြီးဖြစ်ကြောင်း၊ ပြည်သူတွေကိုလည်း သန်းခေါင်စာရင်းကောက်ယူမှုနဲ့ ပတ်သက်လို့ အသိပညာပေးရေးလုပ်ငန်းတွေ ဆောင်ရွက်နေကြောင်း ပြောပါတယ်။

ဒီအတောအတွင်း ကချင်လွတ်မြောက်ရေးအဖွဲ့ KIO ထိမ်းချုပ်နယ်မြေအတွင်း သန်းကောင်စာရင်းကောက်ယူဘို့ အခက်အခဲတွေရှိမှာဖြစ်တယ်လို့ KIO အဖွဲ့က ဒီကနေ့ ပြောဆိုပါတယ်။

သန်းကောင်စာရင်းကောက်ယူမှု မပြုလုပ်နိုင်ခြင်းမှာ အဓိက စစ်ရေးအခြေအနေတွေကြောင့်ဖြစ်တယ်လို့ KIO အဖွဲ့က သုံးသပ်ပါတယ်။ KIO အဖွဲ့ရဲ့ နည်းပညာအကြံပေးအဖွဲ့ဝင် ဦးဒေါင်းခါးပြောတာကတော့ ခုလိုပြောပါတယ်။

"ကျနော်တို့ နယ်မြေထဲမှာ စစ်ရေးအရသော်၎င်း၊ IDP Issue အရသော်၎င်း၊ ပို့ဆောင်ဆက်သွယ်ရေးအရသော်၎င်း လူနေမှု အတည်တကျမရှိသေးတဲ့ အကြောင်းတွေရှိနေသေးလို့ ဒီအပေါ်ကိုအခြေခံပြီး ကျနော်တို့ နယ်မြေထဲမှာကောက်ဖို့ အခက်အခဲရှိတဲ့အကြောင်းကို အဲလိုသုံးသပ်ပြီးတော့ ကောက်ချက်ချထားတာပါ"

လက်ရှိအခြေအနေမှာ သန်းခေါင်းကောင်စာရင်း ကောက်ယူတာနဲ့ပတ်သက်ပြီး KIO က မူအားဖြင့်ဆောင်ရွက်တဲ့ လုပ်နည်းလုပ်ဟန်တွေနဲ့ ပတ်သက်လို့ သဘောမတူတာတွေရှိပေမဲ့ တရားဝင်ကန့်ကွက်တာမျိုးလည်း မလုပ်ရသေးဘူးလို့ပြောပါတယ်။ ဒါပေမဲ့ ကချင်လူထုအနေနဲ့ ဆုံးဖြတ်ချက်ချထားတာတော့ရှိတယ်လို့ ဆိုပါတယ်။ ခုလို KIO နယ်မြေအတွင်း သန်းခေါင်စာရင်းကောက်ယူခြင်း မပြုလုပ်နိုင်ခဲ့ရင် ကချင်ပြည်နယ်တွင်းမှာရှိတဲ့ လူဦးရေ ၃၀ ရာခိုင်နှုန်းခန့် လျော့သွားမှာဖြစ်တယ်လို့ လူမူရေးအဖွဲ့အစည်းတွေကပြောပါတယ်။

RFA Burmese

မြန်မာ ထောက်ပံ့ကြေး ပိုသုံးဖို့ UK ပါလီမန် တိုက်တွန်း


DFID ဗြိတိန် နိုင်ငံတကာဖွံ့ဖြိုးရေး လုပ်ငန်းများဌာန
-13.03.2014
မြန်မာနိုင်ငံကို ပေးနေတဲ့ ဗြိတိန်အစိုးရရဲ့ ဖွံ့ဖြိုးရေး အကူအညီတွေကို တိုးမြင့်ပေးသွားဖို့ ဗြိတိန် လွှတ်တော်အမတ်တွေက တောင်းဆိုလိုက်ပါတယ်။ ဗြိတိန် နိုင်ငံတကာဖွံ့ဖြိုးရေး လုပ်ငန်းများဌာန (DFID) ရဲ့ မြန်မာနိုင်ငံ ဒီမိုကရေစီ ပြုပြင် ပြောင်းလဲမှုတွေနဲ့ ဆိုင်တဲ့ အစီရင်ခံစာတစောင် ထုတ်ပြန်လိုက်တဲ့ ဒီကနေ့မှာပဲ အောက်လွှတ်တော် နိုင်ငံတကာ ဖွံ့ဖြိုးရေးကော်မတီ ဥက္ကဋ္ဌ Malcolm Bruce က အခုလို တိုက်တွန်းလိုက်တာပါ။ မခင်ဖြူထွေးက အပြည့်စုံ ပြောပြပေးပါမယ်။
ပြီးခဲ့တဲ့ နှစ်အနည်းငယ်တွင်း မြန်မာနိုင်ငံမှာ တိုးတက်ပြောင်းလဲမှုတွေ သိသိသာသာ ရှိခဲ့ပြီး ဒီ ပြောင်းလဲမှုတွေကို အားပေးကူညီတဲ့ အနေနဲ့ မြန်မာနိုင်ငံရဲ့ ပညာရေးနဲ့ ကျန်းမာရေးလုပ်ငန်းတွေ၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေ နဲ့ လွှတ်တော်စနစ် ခိုင်မာအားကောင်းလာရေး တို့အတွက် ဗြိတိန်အစိုးရအနေနဲ့ ပေါင် သန်း ၄၀ တိုးမြင့်ပေးသွားဖို့ ဗြိတိန် လွှတ်တော်အမတ်တွေက တောင်းဆိုလိုက်တာပါ။ လက်ရှိ မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းတွေ အတွက် ဗြိတိန်နိုင်ငံက ပေးနေတဲ့ ပေါင် သန်း ၆၀ ကနေ သန်း ၁၀၀ အထိ တိုးမြင့်ပေးဖို့ဖြစ်ပါတယ်။
အခုချိန်ဟာ မြန်မာနိုင်ငံရဲ့ ပြုပြင် ပြောင်းလဲမှု တွေကို အားပေးကူညီဖို့ အကောင်းဆုံးအချိန် ဖြစ်တယ်လို့ အောက်လွှတ်တော် နိုင်ငံတကာ ဖွံ့ဖြိုးရေးကော်မတီ ဥက္ကဋ္ဌ Malcolm Bruce က ပြောသွားခဲ့ပါတယ်။
မြန်မာနိုင်ငံကို ဆင်းရဲတွင်းထဲကနေ ရုန်းထွက်နိုင်အောင်၊ စီးပွားရေး တိုးတက်ဖွံ့ဖြိုးလာအောင်နဲ့ ဒီမိုကရေစီစနစ်ကို ဦးတည်တဲ့ လူမှုအဖွဲ့အစည်း တရပ် တည်ဆောက်သွားနိုင်ဖို့ ကြိုးပမ်းနေကြတဲ့ မြန်မာ အစိုးရတွင်း ပြုပြင်ပြောင်းလဲရေး လိုလားသူတွေကို ဗြိတိန်အစိုးရက အားပေးကူညီနေတာ ဖြစ်ပါတဲ့အတိုင်း၊ သူ့အနေနဲ့ ဒါကို ထောက်ခံသလို၊ အကူအညီတွေကို ပေးတဲ့နေရာမှာ သံသယစိတ် လွန်ကဲလွန်းရင်လည်း တိုးတက်မှုတွေကို ထိခိုက်နိုင်တယ်လို့ မစ္စတာ Bruce က ပြောသွားပါတယ်။
မြန်မာနိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်မှုတွေဟာ ခန့်မှန်းရခက်သလို၊ အပေးအယူ မမျှတာတွေလည်း ရှိနိုင်ပါတဲ့အကြောင်း ဒါပေမဲ့ ပြည်သူ့ဝန်ဆောင်မှု လုပ်ငန်းတွေမှာ ကူညီပေးပြီး၊ တခါမှမရှိခဲ့ဖူးတဲ့ အလားအလာကောင်းတွေ ဖန်တီးပေးနိုင်မယ့် အသက်မွေးဝမ်းကျောင်း လုပ်ငန်းတွေ ဖွံ့ဖြိုးလာအောင် ကူညီပေးခြင်းအားဖြင့် ပြုပြင်ပြောင်းလဲရေး လုပ်ငန်းတွေကို ကူညီရာကျပါလိမ့်မယ်။ Burma Campaign UK အဖွဲ့လို့ ဝေဖန်သူ တချို့ကတော့ ပြုပြင်ပြောင်းလဲမှုတွေကို တကယ်တမ်း အလေးအနက်ထား လုပ်ဆောင်နေတာမဟုတ်တဲ့ မြန်မာအစိုးရကို ယုံလွယ်ပြီး လိုအပ်တာ
ထပ်ပို ချီးမြောက်တာတွေ မလုပ်သင့်ဘူးလို့ ပြောကြတာရှိပေမဲ့လို့ ဒီလိုမျိုး သံသယတွေ သိပ်လွန်ကဲပြီး ဘာမှမလုပ်ဘဲ ဒီအတိုင်း ရပ်ကြည့်နေလို့ တိုးတက်ပြောင်းလဲမှုတွေ ဖြစ်လာမှာမဟုတ်ဘူးလို့ ယုံကြည်ပါတဲ့အကြောင်း မစ္စတာ Bruce က ပြောသွားပါတယ်။
"မြန်မာနိုင်ငံကို ပိုပြီး အားပေးကူညီဖို့ ဒီ ကော်မတီက အကြံပြုနေတာပါ။ ဦးသိန်းစိန်ကို ထောက်ခံရင် ထောက်ခံ၊ မထောက်ခံရင် တခြား ဘာမှလုပ်စရာမရှိဘူး ဆိုတာမျိုး သူတို့က မှားယွင်းစွာ ယူဆနေတာနေတာပါ။ မြန်မာပြည်သူတွေ အနေနဲ့ သူတို့ရဲ့အစိုးရကို သူတို့ကိုယ်တိုင် ယုံကြည်အားထားရတဲ့ အခြေအနေဖြစ်လာအောင် လူထုကို အားပေးကူညီတာမျိုး မဟုတ်တဲ့အတွက်တော့ ကျနော်တို့ စိတ်ပျက်မိပါတယ်။ ကော်မတီက အကြံပြုတဲ့ထဲမှာ ကောင်းတဲ့ အချက်တချို့တော့ ပါပါတယ်။
မြန်မာနိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းတွေကို ကူညီဖို့၊ ဆင်းရဲနွမ်းပါးသူတွေကို ကူညီဖို့ ဆိုတာမျိုးပါ။ ဒါပေမဲ့ အတော်များများကတော့ အစိုးရ နဲ့ အစိုးရအဖွဲ့အစည်းတွေရဲ့ စွမ်းဆောင်ရည်ကို မြင့်တင်ပေးဖို့ကိစ္စက များပါတယ်။ ဟုတ်ပါတယ်။ အစိုးရနဲ့ ဌာနဆိုင်ရာအဖွဲ့အစည်းတွေ အားကောင်းအောင်လုပ်ဖို့ လိုပါတယ်။ ဒါပေမဲ့ ဒီအဖွဲ့အစည်းတွေ အားကောင်းလာတာဟာ ပြည်သူကို ကူညီဖို့ပဲ ဖြစ်ရပါမယ်။ အစိုးရကို ကူညီဖို့ မဖြစ်သင့်ပါဘူး။ မြန်မာနိုင်ငံရဲ့ သမိုင်းကို ပြန်ကြည့်ရင်တော့ အစိုးရအဖွဲ့အစည်းတွေဟာ ပြည်သူအကျိုးထက် အစိုးရအကျိုးကို လုပ်ခဲ့ကြတာများပါတယ်။"
လန်ဒန်မြို့ အခြေစိုက် မြန်မာ့အရေးလှုပ်ရှားမှုအဖွဲ့ Burma Campaign for UK အဖွဲ့က ညွှန့်ကြားရေးမှူး မာ့ခ်ဖာမနာ ပြောသွားတာပါ။
ဗြိတိန် နိုင်ငံတကာဖွံ့ဖြိုးရေး လုပ်ငန်းများဌာန (DFID) ရဲ့ မြန်မာနိုင်ငံ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှု အခြေအနေတွေကို တင်ပြထားတဲ့ အစီရင်ခံစာထဲမှာတော့ မြန်မာနိုင်ငံရဲ့ အခြေအနေဟာ လွန်ခဲ့တဲ့နှစ် အနည်းငယ်တွင်း သိသိသာသာ တိုးတက်လာခဲ့တဲ့အကြောင်းနဲ့၊ ဒီ တိုးတက်ပြောင်းလဲမှုတွေ ရှေ့ဆက်အားကောင်းလာအောင် ဗြိတိန်အစိုးရက တိုးမြင့်ကူညီသွားဖို့ တိုက်တွန်းထားတာ ဖြစ်ပါတယ်။ မြန်မာစစ်တပ်ရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ဆက်လက် ရှိနေသေးတယ်ဆိုတာကို အသိအမှတ်ပြုတဲ့တချိန်တည်းမှာ မြန်မာအစိုးရရဲ့ လိုအပ်ချက်တွေကို ထောက်ပြ ဝေဖန်မှုတွေနဲ့ ပြုပြင် ပြောင်းလဲမှုတွေ ရပ်တန့်မသွားအောင် အားပေး ကူညီသွားရမှာ ဖြစ်တယ် လို့လည်း ဖော်ပြထားပါတယ်။
လာမယ့် ၂၀၁၅ ရွေးကောက်ပွဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် သမ္မတအဖြစ် ပါဝင် အရွေးခံလို့မရအောင် ကန့်သတ်ထားတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ပြောင်းလဲဖို့အတွက် ဗြိတိန်အစိုးရအနေနဲ့ ဆက်ပြီး ဖိအားပေးသွားဖို့လည်း ဒီအစီရင်ခံစာထဲမှာ တိုက်တွန်းထားပါတယ်။
ခင်ဖြူထွေး/VOA

မလေးရှားလေယာဉ် ၄ နာရီကြာ ဆက်ပျံခဲ့ဖွယ်ရှိ


ပျောက်ဆုံးနေတဲ့ မလေးရှားလေယာဉ်ဟာ ရေဒါစက်ကွင်း ကနေပျောက်ကွယ် သွားခဲ့ပြီးတဲ့နောက်မှာ လေးနာရီလောက်ကြာအောင် ဆက်ပြီး ပျံသန်းနေနိုင်တယ်လို့ လေယာဉ်ပျောက် ရှာဖွေရေးမှာ ပါဝင်တဲ့ အမေရိကန်အရာရှိတစ်ဦးက ပြောကြားလိုက်ပါတယ်။ ဂျက်လေယာဉ်ဟာ အချက်ပေးသံတွေ ပို့လွှတ်ခဲ့တာ တွေ့ရပြီး ဒါဟာ ကောင်းကင်ဂြိုလ်တုနဲ့ ဆက်သွယ်နိုင်ဖို့အတွက် ကြိုးစားခဲ့တဲ့ လက္ခဏာလို့လဲ ပြောပါတယ်။

ဒါ့အပြင် လေယာဉ်ပျံဟာ လေကြောင်းထိန်းချုပ်ရေးစခန်းနဲ့ အဆက်အသွယ်ပြတ်တောက်သွားခဲ့ပြီးတဲ့နောက်မှာ မိုင်ပေါင်း ၂၅၀၀လောက် ဆက်ပြီး ပျံသန်းခဲ့ပုံရတယ်လို့  ပြောပါတယ်။

အမေရိကန်ပြည်ထောင်စုကတော့ ပျောက်ဆုံးနေတဲ့ လေယာဉ်ကို မူလလေယာဉ်ပျံသန်းမယ့် လမ်းကြောင်းရဲ့ အနောက်ဖက် အတော်ဝေးဝေးနေရာဖြစ်တဲ့ အိန္ဒိယသမုဒ္ဒရာထဲမှာ အထိ တိုးချဲ့ပြီး ရှာဖွေနေပါတယ်။

လူပေါင်း ၂၃၉ဦး လိုက်ပါလာတဲ့ မလေးရှားနိုင်ငံ ကွာလာလမ်ပူကနေ တရုတ်နိုင်ငံ ဘေဂျင်းကို ပျံသန်းတဲ့ မလေးရှားလေကြောင်းခရီးစဉ်အမှတ် ၃၇၀ဟာ စနေနေ့ မနက် အစောပိုင်းမှာပဲ စတင်ပျောက်ဆုံးသွားတာဖြစ်ပါတယ်။ ဘိုအင်း 777 ပျောက်ဆုံးလေယာဉ်ကို နိုင်ငံပေါင်း ၁၂နိုင်ငံက လေကြောင်းကရော၊  သဘောင်္တွေကိုပါ သုံးပြီး ရှာဖွေနေကြပေမဲ့ အခုထက်ထိ အစအနတောင် မတွေ့ရသေးပါဘူး။

အာဏာပိုင်တွေက စက်ချို့ယွင်းမှု ကြီးကြီးမားမားဖြစ်ပေါ်ခဲ့တာလား၊ အကြမ်းဖက်သမားကြောင့်လား၊ လေယာဉ်မှူးရဲ့ သေကြောင်းကြံစည်မှုကြောင့်လားဆိုတဲ့ တွက်ဆချက်တွေအပါအဝင် ဘယ်တွက်ဆချက်မျိုးကိုမှ လက်မခံသေးပါဘူး
VOA

ပျောက်ဆုံးလေယာဉ် ဆက်ပျံခဲ့တယ်ဆိုတာ မဟုတ်


ပျောက်ဆုံးနေဆဲ မလေးရှားလေယာဉ်ကိုလိုက်လံရှာဖွေနေကြစဉ်။ (မတ်လ ၁၃၊ ၂၀၁၄)
13.03.2014
ပျောက်ဆုံးနေတဲ့ မလေးရှားလေကြောင်းလိုင်းပိုင်လေယာဉ်ဟာ နောက်ဆုံး ဆက်သွယ်မှု ပြုလုပ်ပြီးတဲ့နောက်ပိုင်း နာရီအတော်ကြာအထိ ဆက်လက် ပျံသန်းနေဆဲဖြစ်တယ်လို့ သတင်းတွေ ထွက်ပေါ်နေတာ မဟုတ်မှန်ကြောင်း မလေးရှားအရာရှိတွေက ငြင်းဆိုလိုက်ပြီး တရုတ် ဆက်သွယ်ရေးဂြိုလ်တုက ရိုက်ယူထားတဲ့ ပုံတွေထဲမှာ လေယာဉ်ပျက်တဲ့ အပိုင်းအစတွေ မတွေ့ရဘူးလို့ ဆိုပါတယ်။
လေယာဉ်ဟာ နောက်ဆုံး ဆက်သွယ်မှုရရှိခဲ့ပြီးတဲ့နောက်ပိုင်း ၄ နာရီကျော်ကျော်လောက် အချိန်အတွင်း မိုင်ပေါင်း နှစ်ထောင့်ငါးရာနီးပါး ပျံသန်းခဲ့တယ်လို့ ပြောဆိုနေတာနဲ့ ပတ်သက်လို့ လေယာဉ်ထုတ်လုပ်တဲ့ Boeing ကုမ္ပဏီနဲ့ လေယာဉ်အင်ဂျင်ထုတ်လုပ်တဲ့ Rolls Royce ကုမ္ပဏီတို့ကို မလေးရှားလေကြောင်းလိုင်းက မေးမြန်းထားကြောင်း မလေးရှား ပို့ဆောင်ရေးဝန်ကြီး Hishamuddin Hussein က ကြာသပတေးနေ့မှာ ပြောပါတယ်။
လေယာဉ် အင်ဂျင်ကနေ မြေပြင် ဆက်သွယ်ရေးဌာနကို သူ့အလိုလို ပေးပို့တဲ့ အချက်ပေးစံနစ်အရ သိရှိခဲ့တယ်လို့ အမေရိကန်အရာရှိပြောတာကို ကိုးကားပြီး Wall Street Journal မှာ ကြာသပတေးနေ့က ဖော်ပြထားတာ ဖြစ်ပါတယ်။
တရုတ်နိုင်ငံ ဘေဂျင်းမြို့ကို လေယာဉ်ပျံသန်းလာတဲ့ မူလလမ်းကြောင်းနဲ့ သိပ်မကွာတဲ့နေရာမှာ ကြီးမားတဲ့ အရာဝတ္ထု ပျက်ကျသွားတာကို တရုတ် ဆက်သွယ်ရေးဂြိုလ်တုက ဓါတ်ပုံ ရိုက်ယူထားလိုက်နိုင်တယ်လို့ တရုတ်အစိုးရပိုင် သတင်းမီဒီယာမှာ ဗုဒ္ဓဟူးနေ့နှောင်းပိုင်းက ကြေငြာလိုက်တာ ဖြစ်ပါတယ်။
တောင်တရုတ်ပင်လယ်ပြင်အတွင်းမှာရှိတဲ့ အဲဒီနေရာကို မလေးရှားနဲ့ ဗီယက်နမ် ရှာဖွေရေးအဖွဲ့တွေ ကြာသပတေးနေ့က သွားရောက် စစ်ဆေးခဲ့ပေမယ့် ဘာမှ မတွေ့ခဲ့ဘူးလို့ ဆိုပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)/

ထားဝယ်တိုင်းရင်းသားများပါတီဗဟိုရုံးတွင်နိုင်ငံရေးသိပ္ပံမိတ်ဆက်ဟောပြောပွဲ ကျင်းပ

ဆရာ မင်းခက်ရဲ ဟောပြောစဉ် (ဓာတ်ပုံ DNP)
ထားဝယ်တိုင်းရင်းသားများပါတီ(ဗဟို)မှ နိုင်ငံရေးသိပ္ပံမိတ်ဆက် ဟောပြောပွဲ အခမ်းအနား ကို 11.3.2014 အင်္ဂါနေ့ နံနက် ၉း ၀၀ နာရီအချိန်တွင် ထားဝယ်တိုင်းရင်းသားများပါတီ(ဗဟို) ရုံးခန်းတွင် ပါတီဝင်များဖြင့် ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါအခမ်းအနားတွင် ပါတီဝင် (၄၀) ဦးကျော် တက်ရောက်ကြပါသည်။

နိုင်ငံရေးသည် လူတိုင်း၏ အရေးဖြစ်ပြီး လူတစ်ဦးချင်းစီမှ လူ့အဖွဲ့အစည်းတရပ်လုံး၏ နေ့စဉ်ရှင်သန်လုပ်ဆောင်မှုများကို များစွာလွှမ်းမိုးပါသဖြင့် အခေါင်အချုပ်ဖြစ်သော နိုင်ငံရေးဒဿနမှသည် လူ့အခွင့်အရေး၊ နိုင်ငံတကာဆက်ဆံရေး၊ အမျိုးသားနိုင်ငံတည်ဆောက်ရေးတို့ကို သီအိုရီမှ လက်တွေ့လုပ်ဆောင်ချက်များ အပါအ၀င် နိုင်ငံရေးပါတီတို့၏ မဟာဗျူဟာရေးဆွဲခြင်း အခန်းကဏ္ဍများကို
၁။ ဆရာမင်းခက်ရဲ(အယ်ဒီတာ၊ လူ့အခွင့်အရေးနှင့် ဒီမိုကရေစီဂျာနယ်)၊
၂။ ဆရာဝေယံဘုန်း (တာဝန်ခံ အယ်ဒီတာ၊ လူ့အခွင့်အရေးနှင့် ဒီမိုကရေစီဂျာနယ်)၊
၃။ ဆရာကျော်စွာ ( လက်ထောက်အယ်ဒီတာ၊ လူ့အခွင့်အရေးနှင့် ဒီမိုကရေစီဂျာနယ်)၊
၎။ ဆရာထူးကျော်ဝင်း ( လက်ထောက်အယ်ဒီတာ၊ လူ့အခွင့်အရေးနှင့် ဒီမိုကရေစီဂျာနယ်)၊
၅။ ဆရာ အောင်မျိုးမြတ် (ကျောင်းအုပ်၊ Greenhill Education Center)၊
၆။ ဆရာဇော်ဦး ( ဒါရိုက်တာ Myanmar Knowledge Society) တို့မှ ဟောပြောကြပြီး
ညနေ ၅း ၀၀ နာရီ အချိန်တွင် အဆိုပါအခမ်းအနာ ပြီးဆုံးခဲ့ပါသည်။
 ပါတီဝင်များ နိုင်ငံရေးဆိုင်ရာအသိအမြင်များ တိုးတက်လာစေရန် ရည်ရွယ်၍ အထူးသဖြင့် 
အတန်းပညာနိမ့်သော ပါတီဝင်များ၏ နိုင်ငံရေးအတွေးအခေါ်သည် ပညာတတ်ဘွဲ့ရ သူများနှင့်
တန်းတူ ဖြစ်နိုင်စေရန်ရည်ရွယ်၍ ဤသို့သော ဟောပြောပွဲ ၊သင်တန်းများကို မကြာခဏပြုလုပ်
ပေးသွားမည်ဖြစ်ကြောင်းသတင်းရရှိသည်။ 
Dawei Nationalites Party (Facebook)

Thursday, March 13, 2014

နိုင်ငံတကာမြစ်များနေ့ ကဗျာဖတ်ပွဲ

 
 မနက်ဖြန် သောကြာနေ့ နေ့ခင်း ၁းဝဝ နာရီမှာ မြန်မာနိုင်ငံ ကဗျာဆရာမသဂ္ဂရဲ့ အစီအစဉ်တခု ရှိပါတယ်။ အဲဒါကတော့ နိုင်ငံတကာမြစ်များနေ့ ကဗျာဖတ်ပွဲပါ။

ရန်ကုန်မြို့ အမှတ် ၂၆၈ ပန်းဆိုးတန်းလမ်းက The Last Leaf ပန်းချီပြခန်းမှာ ပြုလုပ်မှာဖြစ်ကြောင်း ကဗျာစိတ်ဝင်စားသူ၊ သဘာ၀၀န်းကျင် ချစ်ကြသူ၊ မီဒီယာတို့ကို ဖိတ်ခေါ်ထားကြောင်း သိရပါတယ်။

ဖိတ်စာကို ဓာတ်ပုံရိုက်ပြီး ဖော်ပြလိုက်ပါတယ်။

ဧရာဝတီ Blog

လစ်လပ်မဲဆန္ဒနယ်များအတွက် ကြားဖြတ်ရွေးကောက်ပွဲ ယခုနှစ်အတွင်း ပြုလုပ်ဖွယ်ရှိ

လွှတ်တော်ကိုယ်စားလှယ် လစ်လပ်မဲဆန္ဒနယ်များအတွက် ကြားဖြတ်ရွေးကောက်ပွဲကို ယခုနှစ်အတွင်း ပြုလုပ်ဖွယ်ရှိကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် နီးစပ်သူများထံမှ သတင်းရရှိသည်။

ဝန်ကြီးအဖြစ် တာဝန်ပေးအပ်ခံခဲ့ရသော လွှတ်တော်ကိုယ်စားလှယ်များနှင့် ကွယ်လွန်ခဲ့သည့် လွှတ်တော်ကိုယ်စားလှယ်များကြောင့် လစ်လပ်သွားသော မဲဆန္ဒနယ်များ၌ ကြားဖြတ်ရွေးကောက်ပွဲ ပြုလုပ်ရန် ပြီးခဲ့သည့်နှစ်အတွင်းကပင် လွှတ်တော် ကိုယ်စားလှယ်အချို့က တောင်းဆိုမှုများ ပြုလုပ်ခဲ့သည်။

ဒုတိယအကြိမ်ဖြစ်လာမည့် ကြားဖြတ်ရွေးကောက်ပွဲကို ပြုလုပ်ပေးနိုင်ဦးမည်မဟုတ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ပြီးခဲ့သည့်နှစ်အတွင်း ပြောဆိုခဲ့သော်လည်း ယခုလပိုင်းများတွင် ကြားဖြတ်ရွေးကောက်ပွဲတစ်ရပ် ပြုလုပ်ရန် စဉ်းစားမှုများ ရှိနေကြောင်း The Daily Eleven  ကတွေ့ဆုံခဲ့ပြီး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် နီးစပ်သည့်သတင်းရင်းမြစ်အချို့က ပြောကြားသည်။

သို့ရာတွင် ကြားဖြတ်ရွေးကောက်ပွဲ  ပြုလုပ်ရေးကိစ္စရပ်နှင့် စပ်လျဉ်းသည်များကို  ဖြေကြားရန် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်များက ပြောဆိုမှုမပြုနိုင်သေးကြောင်း ငြင်းဆိုခဲ့သည်။

 ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့မှ ညွှန်ကြားရေးမှူးဦးသောင်းနိုင်က ကြားဖြတ်ရွေးကောက်ပွဲဆိုင်ရာကိစ္စများကို လွှတ်တော်ကိုယ်စားလှယ်များက မေးမြန်းထားကြောင်း၊ ထိုမေးခွန်းများသည်  ကြယ်ပွင့်ပြမေးခွန်းများဖြစ်ကြောင်း၊ ထို့အတွက်ကြောင့် လွှတ်တော်၌ မဖြေဆိုမီထုတ်ဖော်ပြောဆို၍ မရသေးကြောင်း The Daily Eleven  သို့ ပြန်လည်ဖြေကြားခဲ့သည်။

ထို့အတူ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ ဒုတိယညွှန်ကြားရေးမှူး ဦးလှမောင်ချိုကလည်း ကြားဖြတ်ရွေးကောက်ပွဲဆိုင်ရာကိစ္စများကို လွှတ်တော်၌ မကြာမီပြောဆိုရန် ရှိကြောင်းနှင့် လွှတ်တော်၌ ဖြေကြားချက်ကို စောင့်ဆိုင်းရန် ပြောဆိုခဲ့သည်။
ယခင်နှစ်က ရရှိထားသော စာရင်းများအရ လွှတ်တော်ကိုယ်စားလှယ်မရှိသည့် လစ်လပ်မဲဆန္ဒနယ်အရေအတွက်မှာ ၁၅  နေရာရှိသည်။ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်၏ အတည်ပြုချက်မရဘဲ နောက်ဆုံးသိရှိရသော စာရင်းများအရ နေရာ ၂၀ မှ ၂၉ နေရာကြားတွင် ရှိနေကြောင်း သိရသည်။

၂၀၁၃ ခုနှစ် ဒီဇင်ဘာ ၃၀ ရက်က ပြုလုပ်ခဲ့သော ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ ဗဟိုကော်မတီ အစည်းအဝေးတွင် လစ်လပ်နေသည့် မဲဆန္ဒနယ်များ၊ ၂၀၁၀ပြည့်နှစ် ရွေးကောက်ပွဲနှင့်၂၀၁၂ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲများတွင် နယ်မြေမတည်ငြိမ်မှုကြောင့် ရွေးကောက်ပွဲပြုလုပ်နိုင်ခြင်းမရှိသည့် မဲဆန္ဒနယ်မြေများ၌ ကြားဖြတ်ရွေးကောက်ပွဲ ပြုလုပ်ရန်တိုက်တွန်းမည့် ဆုံးဖြတ်ချက်တစ်ရပ်ကို ချမှတ်ခဲ့သည်။

၂၀၁၃ ခုနှစ် ဇွန်လအတွင်းကလည်း  အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းမြင့်က လစ်လပ်မဲဆန္ဒနယ်မြေများတွင် ကြားဖြတ်ရွေးကောက်ပွဲ ပြုလုပ်ပေးရန် တောင်းဆိုခဲ့ပြီး ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီမှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဖေသန်းက ကြားဖြတ်ရွေးကောက်ပွဲ ပြုလုပ်ရန်အတွက် အချိန်သတ်မှတ်ပေးရေး အဆိုကို လွှတ်တော်၌ တင်သွင်းခဲ့သည်။

ကိုယ်စားလှယ်နှစ်ဦး၏ အဆိုကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးက ပယ်ချခဲ့ပြီး ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲအတွက် ကြိုတင်ပြင်ဆင်မှုများ စတင်ပြုလုပ်နေပြီဖြစ်သောကြောင့် ဒုတိယအကြိမ် ကြားဖြတ်ရွေးကောက်ပွဲ လုပ်မပေးနိုင်ခြင်းဖြစ်ကြောင်း ရှင်းလင်းခဲ့သည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် နီးစပ်သော သတင်းရင်းမြစ်များ၏ ပြောဆိုချက်အရ ယခုလပိုင်းအတွင်း ပြုလုပ်သော ကော်မရှင်အစည်းအဝေးများတွင် ကြားဖြတ်ရွေးကောက်ပွဲ ပြုလုပ်ရေးကိစ္စရပ်များကို ဆွေးနွေးမှုများ ပြုလုပ်ခဲ့ပြီး ယခုနှစ်အတွင်း ပြုလုပ်ရန် စီစဉ်မှုများရှိသည်ဟု ဆိုသည်။ ၎င်းတို့၏ ပြောကြားချက်များအရ ဇွန်လပတ်ဝန်းကျင်တွင် ပြုလုပ်ဖွယ်ရှိကြောင်း သိရသည်။

သို့သော် သန်းခေါင်စာရင်းကောက်ယူရေးဆိုင်ရာကိစ္စအပြင် အာဆီယံအလှည့်ကျ ဥက္ကဋ္ဌတာဝန် ပါရှိနေသည့်အတွက် ကြားဖြတ်ရွေးကောက်ပွဲပြုလုပ်မည့်အချိန်ကို သတ်မှတ်ရန် ခက်ခဲနေကြောင်း သိရသည်။

၂၀၁၂ ခုနှစ်က ပြုလုပ်ခဲ့သော ကြားဖြတ်ရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ၀င်ရောက်ယှဉ်ပြိုင်ခဲ့ပြီး လစ်လပ်မဲဆန္ဒနယ် ၄၄ နေရာအနက် ၄၃နေရာ တွင် အနိုင်ရရှိခဲ့သည်။

၂၀၁၀ ပြည့်နှစ်က ပြုလုပ်ခဲ့သော ရွေးကောက်ပွဲတွင် ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်နှင့် ပြည်နယ်နှင့်တိုင်းဒေသကြီးလွှတ်တော်များအတွက် မဲဆန္ဒနယ် ၁၁၅၄ နေရာတွင် ရွေးကောက်ပွဲများ ပြုလုပ်ခဲ့သည်။ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲကို ၂၀၁၅ ခုနှစ်နှောင်းပိုင်းတွင် ပြုလုပ်ရန် စီစဉ်ထားကြောင်း သိရသည်။

နေထွန်းနိုင် Eleven Media Group

ခရမ်းလွန်ရောင်ခြည်မြင့်တက်ခြင်းကြောင့် အရေပြားဆိုင်ရာ ကုသမှုခံရသူများလာ

နေပူဒဏ်ကာကွယ်ရန် ထီးဆောင်းပြီးသွားလာနေသည့် ကလေးငယ်နှစ်ဦးကို တွေ့ရစဉ် ဓာတ်ပုံ−ကျော်ဇင်သန်း

အရေပြားဆိုင်ရာ အထူးကုဆေးခန်းများသို့ ရောက်လာသည့် လူနာများ၏ ၆၀ရာခိုင်နှုန်းခန့်သည့် ခရမ်းလွန်ရောင်ခြည်မြင့်တက်လာသောကြောင့် ဝေဒနာခံစားရမှု ပြင်းထန်ကာ ဆေးဝါးကုသမှုခံနေရသူများဖြစ်ကြောင်း အရေပြားအထူးကုသမားတော်ကြီး ဒေါက်တာမြတ်စန္ဒာကျော်က ပြောသည်။

‘‘ဆေးခန်းကို ရောက်လာတဲ့ လူနာတွေထဲမှာ ၅၀ ရာခိုင်နှုန်းကျော်၊ ၆၀ရာခိုင်နှုန်းလောက်က ပုံမှန်ပြနေတဲ့ အရေပြားရောဂါခံစားရလို့ ပြနေသူတွေထက် ဒီရက်ပိုင်းမှာ ဆိုးလာလို့လာပြတဲ့သူတွေပဲ။ ဒါခရမ်းလွန်ရောင်ခြည် မြင့်လာလို့ပဲ’’ဟု ဒေါက်တာမြတ်စန္ဒာကျော်ကပြောသည်။
         
ခရမ်းလွန်ရောင်ခြည်သင့်ပါက လူ့အရေပြားများတွင် အနီကွက်များဖြစ်ကာ မိတ်ဖုကဲ့သို့ အဖုကလေးများ ဖြစ်ပြီးနောက် ယားယံလာကာ ကုတ်မိပါက အရေပြားရောင်လာတတ်ကြောင်း ၎င်းကပြောသည်။ ထို့အပြင် စနစ်တကျကုသမှုမရှိပါက အရေပြားကင်ဆာဖြစ်ပေါ်လာသည်အထိ ဆိုးရွားလာနိုင်သည်ဟုဆိုသည်။
         
ယခင်က အရေပြားပေါ်တွင် ရောဂါဖြစ်သောကြောင့် ဆေးရုံ နှင့် ဆေးခန်းများတွင် ပြသခဲ့သည့် လူနာများသည် ယခုအချိန်တွင် ခရမ်းလွန်ရောင်ခြည်မြင့်တင်လာသောကြောင့် ရောဂါဟောင်းပြန်ကြွကာ ဆိုးရွားလာလေ့ရှိသည်။ ထို့ကြောင့် အဆိုပါလူနာများသည် ရောဂါအခြေအနေဆိုးကာ ထပ်မံကုသမှုခံကြရသည့်ရာခိုင်နှုန်း မြင့်တက်လာခြင်းဖြစ်သည်။
         
‘‘အရင်က ဆေးကုဖူးတဲ့လူတွေကို ဒီလို ခရမ်းလွန်ရောင်ခြည် မြင့်တက်လာတဲ့ကာလမှာ ဆေးလျှော့သုံးဖို့မှာနေရတယ်။ အပူရှိန်ကြောင့် ဒီဆေးတွေသုံးရင် ပိုဆိုးမှာစိုးလို့။ မျက်နှာချေးချွတ်တာတို့၊ ပေါင်းတင်တာတို့ သတိထားရမယ်။ နေရောင်ခြည်ကို ကာကွယ်တဲ့ ရောင်ခြယ်ဆဲလ်တွေကုန်သွားတယ်။ ဒါကြောင့်လည်း အရေပြားရောဂါတွေဖြစ်တယ်’’ဟု အရေပြားအထူးကုဆရာဝန်တစ်ဦးကလည်းပြောသည်။
         
ယခုနှစ်တွင် မြန်မာနိုင်ငံသည် ခရမ်းလွန်ရောင်ခြည်အညွှန်းကိန်း ၁၃ ဖြစ်သည့် လွန်ကဲအဆင့်ရောက်နေပြီး ၁၄ သို့ ရောက်လာနိုင်ကြောင်း မိုးလေ၀သပညာရှင် ဒေါက်တာထွန်းလွင်ကပြောသည်။

Author: သန်းဌေး

7DAY DAILY

ဖမ်းဆီး အရေးယူ နေသော်လည်း ရန်ကုန်မြို့ တွင် တရားမ၀င် ဆိုင်ကယ် စီးနင်း မှု များပြားလာ

 
ရန်ကုန် မြို့တော် စည်ပင်သာယာ နယ်နိ မိတ် အတွင်း တရားမ၀င် မော်တော် ဆိုင်ကယ် များကို ဆက် လက် ဖမ်းဆီး နေသော်လည်း မော်တော် ဆိုင်ကယ် စီးနင်း မှုများပြား လာနေ ကြောင်း အမှတ်(၂) ယာဉ်ထိန်း ရဲတပ်ဖွဲ့မှူး ရုံးမှ တာဝန်ရှိ သူ တစ်ဦး က ပြောသည်။

လိုင်စင်ရှိ ဆိုင်ကယ်ကို မော်တော် ယာဉ် အက် ဥပဒေ နဲ့ အရေး ယူသလို လိုင်စင် မဲ့ မော်တော် ဆိုင် ကယ် ကို ပို့ကုန်၊ သွင်းကုန် အက်ဥပဒေ အရ အရေးယူ သွားမှာပါ။ ဒါတောင် ခိုးစီးနေကြတယ်။ အဲဒါတွေကို နေ့စဉ် နဲ့ အမျှ အရေးယူသွားမှာပါ ဟု ၎င်း က ပြောသည်။ဆိုင်ကယ်စီးနင်းမှုနှင့် ပတ်သက်ပြီး လှိုင်သာယာ၊ အင်းစိန်၊ မင်္ဂလာဒုံ၊ တောင်ဥက္ကလာပ၊ မြောက်ဥက္ကလာပ၊ တောင်ဒဂုံမြို့နယ် တို့ တွင်မူ သဘာဝရေ၊ မြေ အနေ အ ထား အရ လိုင်စင်ဖြင့် ဆိုင်ကယ်စီးနင်မှု ခွင့်ပြုထား ကြောင်း ယာဉ် ထိန်းရုံးမှ သိ ရသည်။ဆိုင်ကယ်များ လိုင်စင်မဲ့ မောင်းနှင်မှု များပြားလာသလို ဆိုင်ကယ် ကယ်ရီပြေးဆွဲ မှုများကြောင့် တရားဝင် လိုင်စင်ပြုလုပ်ထား သော အနှေးယာဉ်များ၏ ၀င်ငွေများကိုလည်း ထိခိုက်လာသည့်အပြင် ယာဉ် မတော်တဆမှု များပါ ပိုမိုများပြား လာ ကြောင်း၊ အုပ်ချုပ်ရေး မှူးရုံးသို့ တိုင်ကြားသော ဆိုင်ကယ်တိုက်မှု အများဆုံးမှာ လိုင်စင်မဲ့ဆိုင်ကယ်များဖြစ် ကြောင်းနှင့်၎င်းတို့ကို ဖမ်းဆီးရန် အခက်အခဲ များ ကြုံတွေ့နေရကြောင်း လှိုင်သာယာမြို့ နယ်၊ အုပ်ချုပ်ရေး မှူး က The Messenger သတင်းစာသို့ ပြောထားသည်။ မင်္ဂလာဒုံမြို့နယ်၊ ပတ္တမြား ရပ်ကွက် တွင်နေထိုင်သူ တစ် ဦး က ဆိုင်ကယ်တွေစီးကြ တာကလိုင်စင်မဲ့ တွေများတယ်။ ပရမ်း ပတာ မောင်းတာတွေကြောင့် မကြာခဏ ဆိုင် ကယ် တိုက်မှုတွေဖြစ်တယ်။ လမ်းတိုင်းမှာ Slow Down တွေလုပ်ထားပေမယ့်ကားတွေ ၀င် ထွက်မှုများ လာ တဲ့ အခါ အဆင်မပြေပြန်ဘူး ဟု ပြောသည်။

ရန်ကုန်မြို့တွင် ၁၉၉၈ ခုနှစ်မှ စ၍ မြို့တွင်း မြို့ စွန် ရပ်ကွက် များပါ မကျန် ဆိုင်ကယ် စီးနင်းမှုကို တား မြစ် ထား သော်လည်း နောက်ပိုင်းတွင် ပြန်လည်စီးနင်းမှုများတွေ့ရ ကြောင်း၊ ပြီးခဲ့သည့် ၂၀၁၃ ခုနှစ် တစ်နှစ်အ တွင်း ရန်ကုန်တိုင်းဒေသကြီး၌ ဆိုင်ကယ် ကြောင့် ယာဉ်တိုက်မှု (၂၇၅) မှု အထိ ဖြစ်ပွား ခဲ့ပြီး၊ (၃၃)ဦးသေဆုံး ကာ (၃၇၅) ဦးဒဏ်ရာ ရရှိခဲ့ကြောင်း ရန်ကုန်တိုင်း ဒေသကြီး အမှတ် (၂) ယာဉ် ထိန်း ရဲတပ်ဖွဲ့ မှူးရုံး မှ သိရ သည်။

Messenger News Journal

ပျောက်ဆုံး နေသော MH370 လေယာဉ်မှူး သည် ယခင်က လုံခြုံရေး ဆိုင်ရာ စည်းကမ်း ချိုးဖောက် ဖူးသူဟု ဖွင့်ချ ချက် ပေါ်ပေါက်လာ


ပျောက်ဆုံး နေသော မလေးရှားလေ ကြောင်း လိုင်း လေယာဉ် MH370 ၏ တွဲဖက် လေယာဉ်မှူးသည် လုံခြုံရေး စည်းကမ်း ကို ဖောက်ဖျက် ကာ လေယာဉ် မောင်း နှင် နေစဉ် ခရီး သည် အမျိုး သမီး နှစ်ဦး ကို လေယာဉ် မောင်းခန်း အတွင်း ခေါ်သွင်း ဧည့်ခံ ခဲ့ဖူး ကြောင်းဖြင့် သြစတြေးလျ သတင်း ဌာန တစ်ခု က ဖွင့် ချ ဖော်ပြ သွားသည်။

MH370 သည် စနေနေ့ မနက် အစော ပိုင်းတွင် ကွာလာလမ်ပူ မှ ပေကျင်း သို့ ပျံသန်း စဉ် ဗီယက်နမ် ကမ်းလွန် ရေပြင်အရောက် အဆက်အသွယ်ပြတ်ကာ ပျောက်ဆုံးနေ ခြင်းဖြစ်သည်။ ယခု ထိတိုင် သဲလွန်စမ ရ သေး ဘဲ ဖြစ်နေသည်။ ခရီးသည် ၂၂၇ ဦး၊ လေယာဉ် အမှုထမ်း ၁၂ ဦး လိုက်ပါသွားသည်။ ပျောက်ဆုံးနေသော MH370 ၏ တွဲဖက်လေယာဉ်မှူး အသက် ၂၇ နှစ် အရွယ် ဖာရီ အဗ္ဗဒူ ဟာမစ် သည် ၂၀၁၁ ခုနှစ်က ထိုင်း နိုင်ငံ ဖူးခက်မှ ကွာလာလမ်ပူသို့ ပျံသန်းစဉ် တောင်အာဖရိက မိန်းကလေးနှစ်ဦးကို လေယာဉ်မောင်း ခန်းသို့ ၀င်ခွင့် ပေးကာ ဧည့်ခံခဲ့ ဖူးကြောင်း သြစတြေးလျနိုင်ငံ ဆစ်ဒနီမြို့ အခြေစိုက် Nine Network သတင်း ဌာနက ဖော်ပြ သွားသည်။ အမျိုးသမီးနှစ်ဦးအနက် တစ်ဦး၏ ဖွင့်ဟ၀န်ခံချက် ကို ကိုးကား၍ သတင်းဖော်ပြသွားခြင်းဖြစ်သည်။ လေယာဉ် မောင်းခန်းထဲတွင် ထိုအမျိုးသမီးနှစ်ဦး နှင့် အတူ လေယာဉ်မှူးဖြစ်သူတို့ ရိုက်ကူးထား သည့် ဓာတ်ပုံ ကို ပါ ဖော်ပြထားပြီး လေယာဉ် မှူးသည် မစ္စတာ ဖာရီနှင့် များစွာ တူညီကြောင်း လည်း တွေ့ရသည်။ အမေရိ ကန်ရှိ ကမ္ဘာ့ ကုန်သွယ်ရေး စင်တာ အဆောက်အဦကို အယ်လ်ခိုင်ဒါ များ က ခရီးသည်လေယာဉ်များ ပြန်ပေး ဆွဲကာ ၀င်ရောက်တိုက်ခိုက်မှုခဲ့သည့် ၂၀၀၁ ခုနှစ် စက်တင်ဘာ ၁၁ တိုက်ခိုက် မှု နောက်ပိုင်း မှစ၍ လေယာဉ် မောင်းခန်းအတွင်း ခရီးသည်များ ကို ၀င်ခွင့်မပြုရန် စည်းကမ်းသတ်မှတ်ခဲ့ခြင်း ဖြစ်သည်။

ယခုကဲ့သို့ သတင်း ဌာန က ဖော်ပြခြင်း ကြောင့် အထူး တုန်လှုပ်မိကြောင်း၊ အထူးအလေး ပေး စုံစမ်း စစ်ဆေးသွားမည်ဖြစ်ကြောင်း မလေးရှား လေကြောင်းလိုင်း က ထုတ်ပြန် ပြောကြား ထားသည်။ မစ္စတာ ဖာရီ သည် ၂၀၀၇ ခုနှစ်မှစပြီး မလေးရှားလေကြောင်း လိုင်းတွင် တာဝန် ထမ်းဆောင်ကြောင်း လေကြောင်းလိုင်းက ပြောသည်။ Source: AF

Messenger News Journal

ပျောက်ဆုံးလေယာဉ်ကို ဆက်ရှာမည်ဟု တရုတ်ပြော

 
ပျောက်ဆုံးနေတဲ့လေယာဉ်ကို ရှာဖွေဖို့ တရုတ်နိုင်ငံက လုံးဝဇွဲမလျော့ဘူးလို့ တရုတ်ဝန်ကြီးချုပ် လီခေချန်က ဒီနေ့ ပြောဆိုခဲ့ပါတယ်။

မလေးရှားလေကြောင်းလိုင်း၊ ခရီးစဉ်အမှတ် MH370 ဟာ မတ် ၈ ရက်နေ့ကတည်းက ပျောက်ဆုံးနေတာဖြစ်ပြီး ခရီးသည် စုစုပေါင်း ၂၃၉ ဦး လိုက်ပါသွားခဲ့ကြပါတယ်။ ခရီးသည်တွေရဲ့ ၁၅၃ ဦးဟာ တရုတ်နိုင်ငံသားတွေ ဖြစ်ကြပါတယ်။

“ခရီးသည်တွေရဲ့ မိသားစုတွေနဲ့ သူငယ်ချင်းတွေဟာ သူတို့အတွက် အရမ်းကို ပူပန်သောက ရောက်နေကြပါတယ်။ တရုတ်အစိုးရနဲ့ တရုတ်ပြည်သူတွေဟာလည်း သူတို့တွေ ဘေးကင်းလုံခြုံရေးအတွက် အလွန်စိုးရိမ်နေကြတာပါပဲ။ ကျနော်တို့ အာလုံးဟာ သူတို့အတွက် ဘယ်လိုသတင်းအစအနလေးပဲ ရရ စောင့်မျှော်နေကြပါတယ်” လို့ ၀န်ကြီးချုပ်က သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။

တရုတ်နိုင်ငံဟာ လေယာဉ်ပျောက်ရှာဖွေရေးမှာ လောလောဆယ် သင်္ဘော ၈ စီးနဲ့ ပါဝင်နေပြီး နောက်ထပ်တစီးလည်း ပူးပေါင်းပါဝင်ဖို့ ထွက်ခွာသွားပြီဖြစ်ပါတယ်။

ရှာဖွေရေးလုပ်ငန်းတွေအတွက် ဆက်သွယ်ရေးဂြိုဟ်တု ၁၀ လုံးကိုလည်း အသုံးပြုထားတယ်လို့ ၀န်ကြီးချုပ်က ဆိုပါတယ်။

“ဘယ်လို သဲလွန်စလေးပဲ ရရ ကျနော်တို့ လုံးဝဇွဲမလျော့ပါဘူး” လို့ ၀န်ကြီးချုပ်က တရုတ်ကွန်ဂရက်ပါတီရဲ့ နှစ်ပတ်လည်ညီလာခံ ပိတ်ပွဲနေ့မှာ ပြောကြားခဲ့ပါသေးတယ်။

လေယာဉ်ဟာ ရေဒါပေါ်က ပျောက်ကွယ်သွားပြီး နာရီအတန်ကြာ ပျံသန်းနေသေးတယ်ဆိုတဲ့ သတင်းတွေထွက်ပေါ်ခဲ့အပြီးမှာ တရုတ်ဝန်ကြီးချုပ်က အခုလို ပြောကြားခဲ့တာလည်း ဖြစ်ပါတယ်။

By webteam (ဒီဗွီဘီ)

ယူကရိန်းအရေး ရုရှားကို ဂျာမနီ သတိပေး


ပြီးခဲ့တဲ့ အပတ်က အတူတွေ့ရတဲ့ ရုရှားသမ္မတ ပူတင်နဲ့ မစ် မာကဲလ်။

မော်စကို အနေနဲ့ အိမ်နီးချင်း ယူကရိန်းက အခြေအနေတွေကို မတည်မငြိမ် ဖြစ်အောင် ဆက်လုပ် နေမယ် ဆိုရင် ပြသနာ အခက် အခဲတွေ အကြီးကျယ် ဖြစ်စေမယ်လို့ ဂျာမန် ပါလီမန် အကြီးအကဲ Angela Merkel က သတိပေး ပြောကြားလိုက်ပါတယ်။

ဘာလင်မြို့ ဂျာမန် ပါလီမန်မှာ မစ်စ် မာကဲလ်က ပြောကြားခဲ့တာ ဖြစ်ပြီး ရုရှားတို့ အနေနဲ့ အခုသွားနေတဲ့ လမ်းကြောင်းကို မပြောင်းဘူးဆိုရင် အီးယူ ခေါင်းဆောင်တွေအနေနဲ့ ရုရှားအပေါ် စီးပွားရေး အရ ဆိုးဆိုးရွားရွား အကျိုးသက်ရောက်စေမယ့် အရေးယူ ဆောင်ရွက်မှုတွေ လုပ်ဖို့ အဆင်သင့် ဖြစ်နေပြီ လို့ ပြောကြားသွားပါတယ်။

ရုရှားအနေနဲ့ ပြီးခဲ့တဲ့ သီတင်းပတ်တွေတုန်းက လုပ်နေတဲ့အတိုင်း ဆက်သွားမယ်ဆိုရင်တော့ ယူကရိန်း အတွက်တင် မဟုတ်ဘဲ ရုရှားအတွက်ပါ အခက်အခဲ ပြသနာတွေ အကြီးအကျယ် ဖြစ်စေမယ်လို့ မစ်စ်စ်မာကဲလ်က ပြောပါတယ်။

ဒါပေမယ့်လို့ ဂျာမနီနိုင်ငံ ဆိုင်ရာ တရုတ်သံ အမတ်ကြီး ကတော့ ရုရှားအပေါ် ဒဏ်ခတ် ပိတ်ဆို့မှုတွေ မလုပ်ဘဲ ရှောင်ရှားဖို့ ပြောပါတယ်။
BBC

မြန်မာအတွက် ဗြိတိန် အကူအညီ သန်း ၁၀၀ တိုးမယ်


မြန်မာအစိုးရရဲ့ စကားကို ယုံလွယ်တယ်လို့ အချို့က ဝေဖန်

ဗြိတိသျှ အစိုးရက မြန်မာနိုင်ငံကို နှစ်စဉ် ပေးနေတဲ့ ပေါင်စတာလင် သန်း ၆၀ အကူအညီကို သန်း ၁၀၀ အထိ တိုးပေးဖို့ ဗြိတိန် ပါလီမန် နိုင်ငံရပ်ခြား ဖွံ့ဖြိုးရေး ကော်မတီက ထောက်ခံ တင်ပြလိုက်ပါတယ်။

မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေး မှတ်တမ်းတွေနဲ့ ပတ်သက်ပြီး စိုးရိမ်မှုတွေ ရှိနေပေမယ့် အခုလို ပါလီမန် ကော်မတီက အကူအညီ တိုးပေးဖို့ ထောက်ခံ လိုက်တဲ့အတွက် မြန်မာ အစိုးရရဲ့ ပြောစကားကို ယုံလွယ်တဲ့ ပုံမျိုး ဖြစ်နေတယ်လို့ ဝေဖန်သူတွေက ပြောကြပါတယ်။

ပါလီမန် ကော်မတီကတော့ အခုလို အကူအညီ တိုးပေးတဲ့အတွက် မြန်မာနိုင်ငံရဲ့ ပြုပြင် ပြောင်းလဲရေး လုပ်ငန်းတွေကို အထောက်အပံ့ ဖြစ်စေမယ်လို့ ဆိုပါတယ်။

အီးယူ ဥရောပသမဂ္ဂ ကလည်း မြန်မာနိုင်ငံ အပေါ် ချမှတ်ထားတဲ့ အရေးယူ ပိတ်ဆို့မှုတွေကို ၂၀၁၃ ခုနှစ်က ပြန်လည် ရုပ်သိမ်းခဲ့ပါတယ်။
BBC

အခွန်ဥပဒေသစ် ပေးဆောင်ရနှုန်း သက်သာမည်

အခု ၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ်မှာ စတင်ကျင့်သုံးမယ့် ၀င်ငွေခွန်နဲ့ ကုန်သွယ်လုပ်ငန်းခွင် ဥပဒေသစ်
 ၂ ရပ်ကို လွှတ်တော်က အတည်ပြုလိုက်ပါပြီ။ သမ္မတ လက်မှတ်ရေးထိုးပြီးချိန်မှာ ဥပဒေတွေအဖြစ် အသက်ဝင်လာမယ့် အခွန်ဥပဒေသစ်အရ အခွန်ဆောင်ရတာ ပိုပြီး သက်သာမယ့် အခြေအနေမှာ ရှိပေမဲ့ လူတိုင်း  အခွန်ဆောင်တဲ့ အနေအထား ဖြစ်လာဖို့ကတော့ အခွန်စည်းကြပ်သူတွေ ထိထိရောက်ရောက် လုပ်ကိုင်နိုင်တဲ့ အခြေအနေမျိုးကို ပြုပြင်ဖို့ လိုအပ်နေဆဲပါလို့ ဆိုကြပါတယ်။ မသိင်္ဂီထိုက်က တင်ပြထားပါတယ်။

အခု ဘဏ္ဍာရေးနှစ်မှာ စတင်ကျင့်သုံးမယ့် ၀င်ငွေခွန်နဲ့ ကုန်သွယ်လုပ်ငန်းခွန် ဥပဒေသစ်ကို မနေ့က ပြည်ထောင်စု လွှတ်တော်မှာ အတည်ပြုလိုက်ပါတယ်။ ဒီဝင်ငွေခွန် ဥပဒေအရဆိုရင်တော့ အရင်ကထက် ၀င်ငွေခွန် ပေးဆောင်ရတာ ပိုပြီး သက်သာစေမှာ ဖြစ်တယ်လို့ အခွန်ဥပဒေကြမ်းတွေကို လွှတ်တော်မှာ ပင်တိုင် ဆွေးနွေးခဲ့သူ ပြည်သူ့လွှတ်တော် အမတ် ဒေါ်တင်နွယ်ဦးက ပြောပါ တယ်။

“၀င်ငွေခွန်ကတော့ အရင်တုန်းက လစာက ၁ သိန်း ၂ သောင်းဆိုလို့ရှိရင် တနှစ်ကို ၁၄ သိန်း ၄ သောင်းကျော်လို့ရှိရင် အခွန်စည်းကြပ်တယ်။ အခု ကျမတို့က တနှစ်ကို သိန်း ၂၀ ကျော်မှပဲ စည်းကြပ်တယ်။ အဲ့ဒီတော့ သိန်း ၂၀ ကို ၁၂ နဲ့ စားကြည့်တော့ ၁ သိန်းခွဲကျော်တော့မှ အခွန်စည်းကြပ်ခံရမယ့် သဘောမျိုး ဖြစ်သွားတာပေါ့။ လူတွေအတွက်ကတော့ သက်သာတယ်လို့ ခေါ်ရမှာပေါ့။”

ဒါပေမဲ့ မြန်မာနိုင်ငံမှာက နှစ်ပေါင်းများစွာ အခွန်ပေးဆောင်မှု အလေ့အထနဲ့ ကင်းကွာခဲ့သူ ပြည်သူတွေ လုပ်ငန်းရှင်တွေအနေနဲ့ တာဝန်သိ အခွန်ပေးဆောင် လာဖို့ကတော့ အစိုးရဘက်က ထိရောက်တဲ့ လုပ်ဆောင်မှု လိုအပ်တယ်လို့လည်း ဒေါ်တင်နွယ်ဦးက ပြောပါတယ်။ ပြည်သူတွေ အခွန်ပေးဆောင်လာဖို့အတွက်က ပြည်သူတွေကို ပညာပေးလုပ်ငန်းတွေ လုပ်မယ်ဆိုတာထက် အမှန်တကယ် အခွန်ဆိုင်ရာ လုပ်ထုံးလုပ်နည်း ကျွမ်းကျင်သူတွေကို အစိုးရက အကောက်ခွန် ဦးစီးဌာနတွေမှာ အလုပ်ခန့်ဖို့က အရေးကြီးတယ်လို့ ဒေါ်တင်နွယ်ဦးက ထောက်ပြပါတယ်။

“အခွန်ဆိုတာက transparent ဖြစ်ရမယ်။ နောက်ပြီးတော့ လူတိုင်းနားလည်တဲ့ဟာ ဖြစ်ရမယ်ဆိုတာကို ထည့်ပြောပါတယ်။ သူတို့က လုပ်နေပါတယ်။ နောက်တခုက အခွန်နဲ့ပတ်သက်ပြီး ကျောင်းတွေသွား ကြေညာပေးရမယ်။ ဒါပေမဲ့ ကျောင်းတွေမှာ သွားပြီး ကြေညာပေးလို့မရဘူး။ ဒါတွေကို ကျောင်းက ကလေးတွေမှ နားမလည်တာ။ ကျောင်းက ကလေးတွေ မပြောနဲ့ ဘီကွန်းအောင်ပြီးသား ၃ နှစ်နဲ့ အောင်ပြီးသားတောင် Commercial Law မသင်ထားဘူး။ ကျမတို့ခေတ်ကလို မဟုတ်ဘူး။ အဲ့တော့ အဲဒီ Commercial Law တတ်ထားမှ ဒီဘက်က ၀င်ငွေခွန်ကျတော့ တွက်လည်း တွက်တတ်မှာ။ နားလည်ပိုလွယ်တယ်။ အဲ့ဒီတော့ များသောအားဖြင့်က နားမလည်တော့ တော်တော်ကို ခက်ခဲပါတယ်။”

ပြည်နယ်နဲ့ တိုင်းဒေသကြီးတွေရဲ့ အခွန်ရုံး အသီးသီးမှာ ဒေသတွင်း စီးပွားရေး လုပ်ငန်းတွေနဲ့ လူထုရဲ့ ၀င်ငွေဆိုင်ရာ မှတ်တမ်းတွေ ရှိထားရမှာ ဖြစ်ပေမဲ့ မြန်မာနိုင်ငံမှာတော့ နှစ်ပေါင်းများစွာ ဒီလို အချက်အလက်တွေ မရှိဘဲ ဖြစ်နေတာကြောင့် တကယ်တမ်း အခွန် စည်းကြပ်မှု တန်းတူညီမျှ ရှိမှုအတွက် ကတော့ အချိန်ယူရမှာ ဖြစ်တယ်လို့လည်း ထောက်ပြပါတယ်။ နောက် အခွန်စည်းကြပ်မယ့် ၀န်ထမ်းတွေဟာ တကယ်တန်း နားလည်သူတွေ ဖြစ်ဖို့ မဖြစ်မနေ လိုအပ်နေပြီလို့လည်း လွှတ်တော် အမတ် ဒေါ်တင်နွယ်ဦးက အခုလို ပြောဆိုပါတယ်။

“အခွန်ဥပဒေလုပ်ဖို့က ဒီမိုးကျရွှေကိုယ်တွေ ခန့်ထားတာတွေ ပယ်ဖျက်လိုက်ပြီးတော့ တကယ် အခွန်ကို နားလည်ပြီး အကုန်လုံးက စီးပွားရေးတက္ကသိုလ် အောင်တဲ့လူတွေ၊ စီမံကိန်းရုံးကလူတွေကိုချည်းပဲ အခွန်မှာ ထားထားတာကိုး။ သူတို့က Training နည်းနည်းပဲ လိုတာလေ။ အစကတည်းက သူတို့က အခြေခံက ရှိပြီးသား။ လက်တွေ့ အတွေ့အကြုံလည်း ရှိပြီးသား။ အဲတော့ ဘယ်လိုဘယ်လိုလုပ်ရင် ပိုကောင်းမယ်ဆိုတဲ့ Training လေးတွေပေး၊ တခါ ပြန်ပြီးတော့ ဌာနထဲမှာလည်း ဌာနအကြီးအမှူးပေါ့နော်။ ဥပမာ - မြို့နယ်အခွန်ဦးစီးမှူးကနေ အောက်ကလူတွေ ဘယ်လိုလုပ်ရမယ်ဆိုတဲ့ အဆင့်ဆင့် အဆင့်ဆင့် လုပ်ပေးသွားမယ်ဆိုရင်တော့ ကောင်းမှာပါ။”

ပြည်ထောင်စု လွှတ်တော်က မနေ့က အတည်ပြုလိုက်တဲ့ ၀င်ငွေခွန်နဲ့ ကုန်သွယ်လုပ်ငန်းခွင် ဥပဒေတွေကတော့ သမ္မတ လက်မှတ်ရေးထိုးပြီးရင် ဥပဒေ အရ အသက်ဝင်လာမှာ ဖြစ်ပါတယ်။ 
 
မသိင်္ဂီထိုက်(VOA )

ပျောက်ဆုံးလေယာဉ် သဲလွန်စတွေ မမှန်ကန်ဟု ဆို



လေယာဉ်နဲ့ ပတ်သက်ပြီး ဘာသဲလွန်စမှ မရသေးပါလို့ ဆို

ပြီးခဲ့တဲ့ စနေနေ့ကတည်းက ပျောက်ဆုံးနေတဲ့ မလေးရှား လေယာဉ်ရဲ့ အပိုင်းအစတွေ ဆိုပြီး တရုတ်ဘက်က ထုတ်ပြန်ခဲ့တဲ့ ဂြိုဟ်တု ဓာတ်ပုံတွေဟာ မမှန်ကန်ပါဘူးလို့ မလေးရှား အာဏာပိုင်တွေက ပြောပါတယ်။

တရုတ် အာဏာပိုင်တွေ ထုတ်ပြန်ခဲ့တဲ့ ရေမှာ မျောနေတဲ့ အစိတ်အပိုင်းကြီး ၃ ခုရဲ့ ပုံရိပ်တွေဟာ ပျောက်ဆုံး လေယာဉ်ရဲ့ အစိတ်အပိုင်းတွေ မဟုတ်ဘဲ မှားယွင်း ထုတ်ပြန်မိတာသာ ဖြစ်တယ်လို့

မလေးရှား ပို့ဆောင်ရေး ဝန်ကြီး Hishammuddin Hussein က ကွာလာလမ်ပူမှာ သတင်းထောက်တွေကို ပြောပါတယ်။

တစ်ခါ ပျောက်ဆုံး လေယာဉ်ဟာ အဆက်အသွယ် ပြတ်တောက်သွားပြီး နောက်ပိုင်း နာရီ အတော်ကြာကြာ ဆက်လက် ပျံသန်းနေတယ် ဆိုတဲ့ သတင်းတွေကိုလည်း သူက ငြင်းဆိုလိုက်ပါတယ်။

ကွာလာလမ်ပူကနေ ဘေဂျင်းကို ပျံသန်းတဲ့ အဲဒီ လေယာဉ်ပေါ်မှာ လူ ၂၃၉ ဦး လိုက်ပါသွားပြီး လူ ၁၅၀ ကျော်က တရုတ်လူမျိုးတွေ ဖြစ်ပါတယ်။

အခုအခါ အဲဒီ ပျောက်ဆုံးနေတဲ့ လေယာဉ်ကို ရှာဖွေရာမှာ မြန်မာ လေပိုင်နက်ထဲမှာလည်း ရှာဖွေဖို့ မြန်မာအစိုးရက ခွင့်ပြုလိုက်ပါတယ်။

ဒါအပြင် မလေးရှားက အကူအညီ တောင်းလာရင် မြန်မာ နိုင်ငံ အနေနဲ့ ရှာဖွေ ကယ်ဆယ်ရေး လုပ်ငန်းတွေမှာ ကူညီ ဆောင်ရွက်ပေးနိုင်ဖို့ ပြင်ဆင်မှုတွေ ပြုလုပ်နေပါတယ်။
BBC

ပျောက်ဆုံးလေယာဉ်က ဖြစ်ဖွယ်ရှိတဲ့ အပိုင်းအစတွေ တရုတ်တွေ့ရှိ

ပျောက်ဆုံးနေတဲ့ မလေးရှားလေယာဉ်ရဲ့ အပိုင်းအစတွေ တောင်တရုတ် ပင်လယ်ပြင်ထဲမှာ မျောနေတာမျိုး ဖြစ်နိုင်တဲ့ ကောင်းကင်ဓာတ်ပုံတွေကို တရုတ်အစိုးရက ထုတ်ပြန်လိုက်ပါတယ်။ ဒီပုံတွေကို မလေးရှားက ဘိုးရင်း ၇၇၇  ပျောက်ဆုံးသွားတဲ့ နောက်တနေ့ဖြစ်တဲ့  တနင်္ဂနွေနေ့က ရိုက်ယူခဲ့တာဖြစ်ကြောင်း  တရုတ်အစိုးရရဲ့ ကြေညာချက်ကို ကိုးကားပြီး  အစိုးရသတင်းဌာနက ဖော်ပြပါတယ်။  ဒီပုံတွေကို ဗုဒ္ဓဟူးနေ့ရောက်မှ ထုတ်ပြန်လိုက်တာ ဖြစ်ပါတယ်။

ပုံတွေထဲမှာ ပင်လယ်ပြင်ထဲ မျောနေတဲ့ ကြီးမားတဲ့ အရာဝတ္တု ၃ ခု ပါဝင်ပြီး  မလေးရှားနဲ့ ကမ္ဘောဒီးယား ၂ နိုင်ငံ ရေပိုင်နက်ကြားမှာ တွေ့ရှိရတာဖြစ်ပါတယ်။  ဒီပုံတွေကို ပျောက်ဆုံး ဂျက်လေယာဉ် ပျံသန်းတဲ့ မူလလမ်းကြောင်းပေါ်မှာ တွေ့ရတာဖြစ်ပါတယ်။

ဒီဂြိုဟ်တုဓာတ်ပုံတွေထဲမှာ တွေ့ရတဲ့ပစ္စည်းတွေဟာ ဘာတွေလဲဆိုတာ မသိရသေးသလို၊ စုံစမ်းစစ်ဆေးမှုတွေလည်း အခုထိ မလုပ်နိုင်သေးတဲ့အတွက်  အတိအကျပြောဖို့ ခက်နေပါတယ်။

မလေးရှားလေကြောင်း ခရီးစဉ်အမှတ် ၃၇၀ ဟာ စနေနေ့ အစောပိုင်းကတည်းက ကွာလာလမ်ပူကနေ တရုတ်နိုင်ငံ ဘေဂျင်းကို အသွား လမ်းမှာ ပျောက်ဆုံးနေတာ ဖြစ်ပါတယ်။ လေယာဉ်ပေါ်မှာတော့ ခရီးသည် ၂၃၉ ဦး လိုက်ပါသွားတာပါ။

ဗုဒ္ဓဟူးနေ့ အစောပိုင်းတုန်းကတော့ လေယာဉ်ပျောက်အတွက်  ရှာဖွေမယ့် ဧရိယာအကျယ်အဝန်းကို မလေးရှားအစိုးရက ထပ်ပြီး ချဲ့လိုက်ပါတယ်။ ရေပြင် စတုရန်းမိုင် ၃ သောင်းခွဲ အကျယ်အဝန်းမှာ နိုင်ငံပေါင်း ၁၂ နိုင်ငံက လေယာဉ်တွေ၊ သင်္ဘောတွေ ပါဝင်ပြီး လိုက်လံ ရှာဖွေနေကြတာဖြစ်ကြောင်း မလေးရှား ခရီးသွားဌာနဝန်ကြီးက
ပြောကြားခဲ့ပါတယ်။ 
 ဗွီအိုအေ (မြန်မာပိုင်း)

ကြံ့ခိုင်ရေးအမတ်ကို NLD တရားစွဲဖို့ပြင်

လက်ရှိအာဏာရ ပြည်ထောင်စု ကြံခိုင်ရေး နဲ့ ဖွံ့ဖြိုးရေးပါတီ လွှတ်တော် ကိုယ်စားလှယ် တယောက်ကို အဓိက အတိုက်အခံ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD က တရားစွဲဖို့ ပြင်ဆင်နေပါတယ်၊ NLD ရဲ့ ဂုဏ်သိက္ခာ ထိပါးစေလောက်အောင် ပါတီကို လူသိရှင်ကြား ဝေဖန်ခဲ့တဲ့ အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဦးလှဆွေကို တရားစွဲဖို့ ပြင်ဆင်နေပြီ လို့ NLD ဖက်က ပြောပါတယ်။ ဦးလှဆွေကတော့ သူ့ကို တရားစွဲဖို့ ရှိနေတဲ့ အပေါ်မှာ တစ်စုံတစ်ရာ ပြင်ဆင်ထားတာမျိုးမရှိသလိုလွှတ်တော် ကိုယ်စားလှယ် တစ်ယောက်ကို အလွယ်တကူ တရားဆွဲဖို့မဖြစ်နိုင်ဘူး ဆိုပြီးတော့ လည်း ပြန်လည်ပြောဆိုပါတယ်။ အပြည့်အစုံကိုတော့
ဆက်သွယ်မေးမြန်း ထားတဲ့ ဗွီအိုအေ မြန်မာပိုင်း သတင်းထောက်
ကိုအောင်ရဲမောင်မောင် က ပြောပြမှာဖြစ်ပါတယ်။

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်အပေါ်ကို ပြည်ထောင်စုကြံ့ခိုင်ရေး နဲ့
ဖွံ့ဖြိုးရးပါတီဝင် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးလှဆွေက အင်တာဗျူး
တစ်ခု မှာ ပုတ်ခတ်ပြောကြားခဲ့တာနဲ့ ပါတ်သက်လို့ NLD ပါတီက  သူ့ကို
တရားစွဲဖို့ စတင်ပြင်ဆင်နေပါပြီလို့ NLD ပါတီ ပြောခွင့်ရှိသူ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ဦးဉာဏ်ဝင်းက အတည်ပြုပါတယ်၊

" ဟုတ်တယ်။ ကျနော်တို့ပြင်ဆင်နေပါတယ်။ ပြည့်စုံတဲ့အခါကျရင် တင်ပါ့မယ်။"

ပြည်တွင်းမီဒီယာတစ်ခုနှင့် အင်တာဗျူးမှာ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်
ဦးလှဆွေက “အင်န်အယ်လ်ဒီမှာ ဒေါ်အောင်ဆန်းစုကြည်ကလွဲရင် ကျန်တဲ့ကောင်တွေ တစ်ကောင်မှ အသုံးမကျဘူး လို့ ပြောခဲ့တာနဲ့ အဖွဲ့ချုပ်ကို  ဒီရှုပ်ပါတီ လို့ခေါ်ဝေါ်သုံးစွဲခဲ့တဲ့အပေါ်မှာ အဖွဲ့ချုပ်က တရားစွဲဖို့ ပြင် ဆင်နေ တာဖြစ်တယ်လို့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တစ်ဦး ဖြစ်တဲ့ ဦးဝင်းထိန်က ပြောပါတယ်၊

ဦးလှဆွေရဲ့ ပြောဆိုမှုတွေဟာ အဖွဲ့ချုပ်ရဲ့ ဂုဏ်သိက္ခာကို ထိပါးစေတဲ့ အတွက်
ပါတီဘက်က တရားစွဲဖို့ ပြင်ဆင်တာနေတာဖြစ်တဲ့အပြင် သူတို့ဖက်က တရားစွဲဖို့ အသေအချာ ပြင်ဆင်မှုတွေ လုပ်ထားတယ်လို့လည်း ဆိုပါတယ်၊

"ကျနော်တို့ အဓိက လူကြီးအချင်းချင်း တိုင်ပင်တဲ့အခါ သူ့ကိုတော့ တရားစွဲမှဖြစ်မယ်လို့ အိုင်ဒီယာရကြတယ်။ ဒါပေမဲ့ သူက လွှတ်တော်ကိုယ်စားလှယ်ဖြစ်တဲ့အတွက်ကြောင့်မို့လို့ သူ့ကိုတရားစွဲတာ အရမ်းကာရော လုပ်လို့မရဘူး။ လွှတ်တော်ဥက္ကဋ္ဌအထိ တင်ပြရမယ်။ ဥက္ကဋ္ဌက နေပြီးတော့ သဘောပေါက်ပြီဆိုတော့မှ ၊ ဥပဒေအရ  သဘောပေါက်ပြီဆိုတော့မှ တရားစွဲရမှာ။ အဲ့ဒီ့အနေအထားရှိတယ်။

နောက်တခု ကျနော်တို့ မီဒီယာထဲမှာ တွေ့လိုက်တာက ကျနော်တို့အတွင်းရေးမှူး ဦးဉာဏ်ဝင်းက ဦးလှဆွေကို တရားစွဲဖို့အတွက် စာနဲ့ပေနဲ့တော့ ပြင်ဆင်ပြီးပြီလို့ ဂျာနယ်တစ်ခုမှာ ဖတ်လိုက်ရတယ်။ ဆိုတော့ တကယ်ဖြစ်လာမယ့်သဘောပေါ့။ သို့သော် ဘာလဲဆိုလို့ရှိရင် လွှတ်တော်ဥက္ကဋ္ဌဆီ တင်ပြတော့မယ်။"

လက်ရှိအာဏာရ ပြည်ထောင်စု ကြံခိုင်ရေးနဲ့ ဖွံ့ဖြိုးရးပါတီရဲ့
အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးလှဆွေကတော့ လွှတ်တော် ကိုယ်စားလှယ်တစ်ယောက်ကို တရားစွဲတဲ့ နေရာမှာ လွှတ်တော် ဥက္ကဋ္ဌတွေက ခွင့်ပြုမှတရားစွဲလို့ရမယ်ဆိုတဲ့ အချက်ရှိတာကြောင့် သူ့ကို တရားစွဲဖို့
အဖွဲ့ချုပ်က ပြင်ဆင်နေပေမဲ့ သူ့အနေနဲ့တော့ အဲဒီအပေါ်မှာ တစ်စုံတစ်ရာ
ပြင်ဆင်ထားတာမျိုးမရှိဘူးလို့ ပြောပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို သူဝေဖန်ပြောခဲ့တာနဲ့ ပါတ်သက်လို့
ပြည်ခိုင်ဖြိုးပါတီခေါင်းဆောင်ပိုင်းတွေက နောက်ပိုင်း ဒါမျိုးတွေ
မပြောဖို့ သူ့ကို ပြောဆိုခဲ့တယ်လို့လဲ ဦးလှဆွေက ပြောပါတယ်၊

"ကျနော်တို့ အခုလူကြီးတွေကတော့ မှာထားတယ်။ NLD ကိုပြောတာတွေ မပြောပါနဲ့လို့မှာထားတယ်ဗျ။ မှာထားတဲ့အတွက်ကြောင့် ကျနော်က NLD ကို မပြောပါဘူး။ အဲ့ ဒီက ရှေ့လျောက်လည်း မပြောတော့ဘူး။ မပြောတော့ဘူးဆိုတာက သူတို့ပြောတာ များလွန်းလို့သာလျှင် ကျနော်က ပြန်ပြောတာလေ။ လူကြီးတွေကလည်း မှာထားတယ်။ မင်း NLD ကို ဘာမှ မပြောပါနဲ့ကွာ။ သူတို့ပြောချင်ရာ ပြော ငြိမ်ခံနေလိုက်လို့ပြောတယ်။

အခြေခံဥပဒေပြင်မယ့် ၁၀၉ဦးဖွဲ့တုန်းကလေ အဲ့ဒီ့လူတွေက အပြောင်းအလဲကို ပြောင်းလဲဟန့်တားပြုလိုသော စိတ်ဓာတ်အခံရှိသူတွေ၊ တတ္တိဝိလာပ၊ ဝိဇ္ဇာဝိလာပ၊ စိတ္တဝိလာပ အယူမှား၊ အမြင်မှား၊ အတွေးမှား သမားတွေဆိုပြီး ကျနော်တို့ကို စွတ်စွဲတယ်ဗျ။ နောက်တခါ သမ္မတ ဖြစ်ဖို့ နေရာပေးလိုက်ပါရက် လက်တဆုပ်စာ လူထု အာဏာရအသင်းအဖွဲ့ အသင်းအပင်းဆိုပြီး ကျနော်တို့ကို ဒီလိုပြောတယ်ဗျာ။

နောက်တခါ ၁၀ရက် ၂လမှာ ဘာပြောလဲဆိုတော့ ၂၀၁၀ရွေးကောက်ပွဲ မှာတဲ့ အငြိမ်းစားဗိုလ်ချုပ်ကြီးဟောင်းများ၊ ခေါင်းဆောင်တဲ့ ပြည်ခိုင်ဖြိုးပါတီက အပြတ်အသတ်နိုင်ခဲ့ခြင်းဟာ လွတ်လပ်ပြီး တရားမျှတခြင်း ရှိ၊ မရှိဆိုတာ လယ်ပြင်မှာ ဆင်သွားသလို ထင်ရှားခဲ့တယ်ဆိုပြီး ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တစ်ဦးကပြောတယ်။

ပြောတဲ့အခါကျတော့ ကျနော်ကပြောတယ်။ ဆိုလိုတာက ၂၀၁၀မှာ ကျနော်တို့က မဲလိမ်ပြီးတော့ ရောက်လာတယ်ပေါ့ဗျာ။ ၂၀၁၀မှာ မဲလိမ်ပြီးတော့ ရောက်လာတော့ အခု လွှတ်တော်ဥက္ကဋ္ဌတွေရော၊ သမ္မတတွေရော၊ ဒါတွေကို ပြောတာနဲ့ အတူတူပဲဗျ။ ဒါတွေကို ကျနော်တို့ ငြိမ်ခံခဲ့ကြတယ်ဗျ။"

အမေရိကန်၊ ဗြိတိန်စတဲ့ ဒီမိုကရေစီနိုင်ငံတွေမှာ နိုင်ငံရေး သမားတွေ
တယောက်နဲ့ တယောက်ကြား၊ နိုင်ငံရေးပါတီတခုနဲ့တခုကြားမှာ အပြန်အလှန်
ပြစ်တင်ဝေဖန်ပြောဆိုမှုတွေရှိပါတယ်၊ မြန်မာနိုင်ငံမှာတော့ အခုလို
အင်အားကြီး ပါတီ ၂ ခု အကြား တရားစွဲဖို့အထိ ဖြစ်လာတာဟာ တစ်ဖက်နဲ့ တစ်ဖက်သူတို့ ဒီကိစ္စ အပေါ်လက်ခံ၊တိုင်းတာ ရှုမြင်ပုံပေါ်မှာ မူတည်တယ်လို့
ပြည်တွင်းက ၀ါရင့်သတင်းစာဆရာတစ်ဦး ဖြစ်တဲ့ ဦးစည်သူအောင်မြင့် က
အခုလို သုံးသပ်ပြောဆိုပါတယ်။

"တဖက်နဲ့တဖက်၊ နောက်နိုင်ငံရေးသမား တစ်ယောက်နဲ့တစ်ယောက် ခံယူပုံခြင်း မတူကြဘူး။ တချို့တွေကျတော့ ဟုတ်တယ်။ ကိုယ်လည်းပြောမှာပဲ။ သူလည်း ပြောပါစေ၊သဘောထားတာ ရှိသလိုမျိုး။ တည်ဆဲဥပဒေကို ကျော်ပြီးတော့တော့ မလုပ်နဲ့ပေါ့နော်။ အဲ့လိုမျိုး တရားစွဲတယ်ဆိုတာလည်း သူတို့က ဥပဒေရဲ့ ခံယူတဲ့သဘောပါပဲ။ အပြစ်ပြောစရာမရှိပါဘူး။ NLD ကိုလည်း အပြစ်ပြောစရာမရှိဘူး။ ဦးလှဆွေတို့ဘက်ကိုလည်း အပြစ်ပြောစရာမရှိဘူး။ ဒါ တဖက်ကလည်း သူပြောရေးဆိုခွင့်ရှိလို့ပြောတယ်။ တဖက်ကလည်း တရားဥပဒေအရ လုပ်ပိုင်ခွင့်ရှိတယ်လေ။ ဒါ ဘယ်နိုင်ငံသားမဆိုပေါ့။"

ပြည်ခိုင်ဖြိုးပါတီရဲ့ ဥက္ကဋ္ဌလည်း ဖြစ်၊ ပြည်ထောင်စု လွှတ်တော်ရဲ့ နာယက
လည်း ဖြစ်တဲ့ သူရဦးရွှေမန်းက တော့ နှစ်ပါတီ အကြား အခုလို ဖြစ်ရတာဟာ ပါတီဝင် တွေ အကြား စကားပြောဆိုပုံ လွဲမှားတာကြောင့် ဖြစ်ပြီးတော့ ပါတီ ဥက္ကဋ္ဌတွေ အကြား မျက်နှာပူစရာ ဖြစ်ရတယ်လို့ နေပြည်တော်မှာ သတင်းမီဒီယာတွေနဲ့မတ်လအတွင်း တွေ့ဆုံမှုတစ်ခု မှာ ပြောဆိုခဲ့ဖူးပါတယ်။
အောင်ရဲမောင်မောင်(VOA)

နယူးယောက် NYC အဆောက်အဦးအတွင်း ဓာတ်ငွေ့ယိုစိမ့်မှုကြောင့် ပေါက်ကွဲမှု ဖြစ်ပွား

Firefighters try to extinguish a fire at the site of a building collapse in Harlem, New York, March 12, 2014. REUTERS-Shannon Stapleton

အခု...နယူးယောက် NYC အဆောက်အဦးအတွင်း
နံနက် 9:30(1330 GMT)တွင် ဓာတ်ငွေ့ယိုစိမ့်မှုကြောင့်  ပေါက်ကွဲမှု ဖြစ်ပွား ပေါက်ပွဲမှုဖြစ်ပြီး အဆောက်အဦး ၂ ခု ပြိုကျခဲ့ကာ  လူ ၂ ယောက်သေဆုံး။


(Reuters) - Two New York buildings collapsed on Wednesday in an explosion believed to be caused by a gas leak, killing two people, injuring at least 22, and setting off a search for more feared trapped in the debris, officials said.
A blast that scattered debris onto nearby rooftops brought down neighboring five-story buildings with a total of 15 apartments at about 9:30 a.m. (1330 GMT) on the largely residential block at East 116th Street and Park Avenue in Upper Manhattan.



Firefighters go through debris and rubble at the site of a building collapse and fire in Harlem, New York, March 12, 2014. REUTERS-Shannon Stapleton
A victim is evacuated by emergency personal near an apparent building explosion fire and collapse in the Harlem section of New York City, March 12, 2014. REUTERS-Mike Segar

Fire fighters on East 116th street pour water on an apparent building explosion fire and collapse in the Harlem section of New York City, March 12, 2014. REUTERS-Mike Segar

Wednesday, March 12, 2014

မတ္တရာကျောင်းတိုက် နှစ် ၁၀၀ ပြည့်အခမ်းအနားကျင်းပမည်



တနင်္သာရီတိုင်းဒေသကြီး ၊ထားဝယ်မြို့၊ကရပ်ပြင် (တောင်)ရပ်ကွက်ရှိ
 မတ္တရာကျောင်းနှစ် ၁၀၀ ပြည့်အလှူတော်မင်္ဂလာအခမ်းအနားကို
၁၃၇၅ ခုနှစ် ၊တပေါင်းလပြည့်ကျော် ၈ ရက် (၂၀၁၄ ခုနှစ် ၊မတ်လ ၂၃ ရက်)နေ့တွင်
အဆိုပါကျောင်း၌စည်ကားသိုက်မြိုက်စွာကျင်းပမည်ဖြစ်ကြောင်းသိရသည်။

ထားဝယ်ဒေသတွင်ရှေးယခင်ကတည်းကပင်ပခုက္ကူကျောင်းတိုက်၊အင်းဝကျောင်းတိုက်
၊တောင်ငူကျောင်းတိုက်၊မတ္တရာကျောင်းတိုက်၊သီပေါကျောင်းတိုက် စသည့် မြန်မာနိုင်ငံအလယ်ပိုင်းဒေသရှိမြို့အမည်များဖြင့်ဘုန်းကြီးကျောင်းများကို
တည်ထောင်ခဲ့ကြသည်။

ထားဝယ်သားရဟန်းတော်များသည်လည်း ကုန်းဘောင်ခေတ် မင်းတုန်းမင်းတရားကြီးလက်ထက်ကတည်းကပင် ရတနာပုံမန္တလေးနေပြည်တော်၌ ပညာသွားရောက်ဆည်းပူးခဲ့ကြသည်။

သတင်းနှင့်ဓာတ်ပုံ - ဖိုးဇော်(ထားဝယ်)

Oishi အာလူးကြော်နှင့် ထိုင်းနိုင်ငံထုတ် DEEDO အချိုရည်များကို ဈေးကွက်တွင်းမှ နမူနာတောင်းယူ စစ်ဆေးမည်

 
Oishi အာလူးကြော်နှင့် ထိုင်းနိုင်ငံထုတ် DEEDO အချိုရည်များကို ဈေးကွက်တွင်းမှ နမူနာတောင်းယူ စစ်ဆေးရန် တိုင်းဒေသကြီးနှင့် ပြည်နယ်ကုန်သွယ်မှုနှင့် စားသုံးသူရေးရာ ဦးစီးဌာနရုံးများသို့ ဆက်သွယ်ညွှန်ကြားထားကြောင်း ကုန်သွယ်မှုနှင့် စားသုံးသူရေးရာ ဦးစီးဌာနမှ သိရသည်။

ကုန်သွယ်မှုနှင့် စားသုံးသူရေးရာ ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးတင်ဇော်က “တိုင်းဒေသကြီးနဲ့ ပြည်နယ်ကိုးခုမှာရှိတဲ့ ကျွန်တော်တို့ရုံးတွေကို ညွှန်ကြားချက် ထုတ်ထားပါတယ်။ ဈေးကွက်ထဲမှာရှိနေတဲ့ ဒီအစားအသောက်တွေကို နမူနာရယူပြီး ဥပမာ ရန်ကုန်တိုင်းမှာပဲ ဖြစ်တာလား၊ အခြားနေရာတွေမှာရော ဒီအတိုင်း ဖြစ်နေလားဆိုတာကို စုံစမ်းဖို့ပါ။ ပြီးရင်ဆေးဝါးနှင့် အစားအသောက်ကွပ်ကဲရေး အဖွဲ့ကို ချက်ချင်းပို့ပြီး ဓာတ်ခွဲခန်းအဖြေကို စောင့်ကြည့်သွားမယ်။ ထွက်လာတဲ့အဖြေပေါ်မှာ မူတည်ပြီး ဆက်လက်ဆောင်ရွက်သွားမှာပါ” ဟု ပြောကြားသည်။

စားသုံးရန်မသင့်သည့် မှိုကို ဆက်တိုက်စားသုံးမိပါလျှင် အူမကြီးကင်ဆာ၊ အစာအိမ်အူလမ်းကြောင်း ကင်ဆာကဲ့သို့ ရောဂါမျိုး ဖြစ်ပွားနိုင်ကြောင်း စားသုံးသူကာကွယ်ရေးအသင်း ဥက္ကဋ္ဌ ဦးဗအုပ်ခိုင်ကဆိုသည်။

သမ၀ါယမ ၀န်ကြီးဌာန၏ ဓာတ်ခွဲခန်း စစ်ဆေးချက် ရလဒ်များအရ DEEDO အချိုရည်တွင် တွေ့ရသော ပါဝင်ပစ္စည်း အမျိုးအစားများမှာ Coliform (MPN/ml) နှင့် Mold (cfu/ml) တို့ဖြစ်ပြီး Mold (cfu/ml)သည် ဓာတုဗေဒပစ္စည်း ပါဝင်မှုအရ မှိုပမာဏ ခြောက်သိန်းကျော်နေခြင်းဖြစ်ပြီး Oishi အမှတ်တံဆိပ် Potato Fries အမည်ရှိ အာလူးကြော်ကိုလည်း စစ်ဆေးကြည့်ခဲ့ရာ အာလူးကြော်ဆီတွင် အန္တရာယ်ရှိသည့် အက်စစ်ပါဝင်မှုပမာဏ မြင့်တက်နေကြောင်း သိရသည်။

ဓာတ်ခွဲခန်း စစ်ဆေးချက်ရလဒ်များ အနေဖြင့် ပါဝင်ပစ္စည်း အမျိုးအစားများမှာ Rancidity နှင့် Acid Value တို့ဖြစ်ပြီး Acid Value သည် သတ်မှတ်ထားသည့် အဆင့်  ၄ ထက်ကျော်လွန်ကာ ၅ ဒသမ ၂၇၉ အဆင့်သို့ ရောက်ရှိနေကြောင်း သိရသည်

နေရပ်ပြန် မှတ်ပုံတင် လုပ်မည့် ထိုင်းရောက် သျှမ်းပြည် သားများအား သျှမ်းလူဦးရေ စာရင်းကောက်ယူရေးကော်မတီမှ ကူညီနိုင်သည်ဟုဆို

နေရပ်ပြန် မှတ်ပုံတင်လုပ်၊ သန်းခေါင်စာရင်းသွင်းမည့် ထိုင်းရောက် သျှမ်းပြည်သား ရွှေ့ပြောင်းအလုပ်သမားများ စုစည်းနိုင် ပါက နေရပ်ပြန်ရန် အကူအညီပေးနိုင်မည်ဖြစ်ကြောင်း သျှမ်းပြည်လူဦးရေစာရင်းကောက်ယူရေး ကော်မတီစည်းရုံးရေးမှူးက ပြောသည်။


သျှမ်းပြည်လူဦးရေစာရင်းကောက်ယူရေး ကော်မတီစည်းရုံးရေးမှူး စိုင်းသန်းမောင်

“ လူစုနိုင်မယ်ဆိုရင်တော့ စုထားပြီး ကျနော်တို့ နေရပ်ပြန်ဖို့ လာခေါ်လဲရတယ်။ သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ သျှမ်းပြည်တပ်မတော်ကလဲ တဖက်တလမ်းက ကူညီထောက်ပံ့ရင်းနဲ့ပေါ့။ ကျနော်တို့ အနေနဲ့  လွှတ် တော်ကိုယ်စားလှယ်တွေ၊ လူဝင်မှုကြီးကြပ်ရေးတွေ ၊ မြို့နယ်အုပ်ချုပ်ရေးတွေ လက်တွဲပူး ပေါင်းပြီး မှတ်ပုံတင်လုပ်ဖို့ ကူညီဆောင်ရွက်ပေးနိုင်ပါတယ်။ ဒီကိစ္စ သျှမ်းပြည်နယ်အစိုးရနဲ့လဲ ကျနော်တို့ ဆွေးနွေးတိုင်ပင် ပြီးပါပြီ” ဟု သျှမ်းပြည်လူဦးရေစာရင်းကောက်ယူရေးကော်မတီ စည်းရုံးရေးမှူး၊ ကျားဖြူပါတီ၏ ကျောက်မဲမြို့ ပြည်နယ်လွှတ်တော်ကိုယ် စားလှယ် စိုင်းသန်းမောင်က ထိုင်းနိုင်ငံ ချင်းမိုင်မြို့ရောက်ရှိစဉ် ပြောဆိုခဲ့ပါ သည်။

စိုင်းသန်းမောင်သည် ယခုလ ၉ ရက်နေ့က ထိုင်းနိုင်ငံချင်းမိုင်မြို့ ရွှေ့ပြောင်းသမားများကျောင်း(MLC) တွင် သျှမ်းရွှေ့ပြောင်းအလုပ် သမားများနှင့်တွေ့ဆုံကာ ထိုသို့ ပြောဆိုခဲ့ခြင်းဖြစ်ပါသည်။ အဆိုပါတွေ့ဆုံပွဲတွင် ရွှေ့ပြောင်းအလုပ်သမား အယောက် ၇၀ ကျော် တက် ရောက်ခဲ့ကြသည်။

“ လ၀က ဝန်ကြီးဦးခင်ရီ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းတို့က မှတ်ပုံတင်ကို သျှမ်းပြည် တပ်မတော်ဌာနချုပ် လွယ်တိုင်း လျဲန်း မှာလည်း လုပ်နိုင်တယ်လို့ပြောဆိုကြပေမယ့် နိုင်ငံရေးအခြေအနေကောင်းနေရင်တော့ ကိစ္စမရှိဘူးလေ။ အခြေ အနေအရ အမျိုးမျိုးပြောင်းလဲခဲ့သည်ရှိသော် ဒီမှာမှတ်ပုံတင်လုပ်တဲ့သူတွေမခက်ပေဘူးလား။ ဒီအချက်ကိုလည်း ထည့်သွင်း စဉ်းစား သင့်ပါ တယ် ” ဟု ဆိုပါသည်။

အစိုးရကောက်ခံမည့် သန်းခေါင်စာရင်းပုံစံမှာ မေးခွန်း ၄၁ ခုရှိပြီး သျှမ်းပြည်လူဦးရေကောက်ယူရေးကော်မတီ၏ ကောက်ယူ မည့်ပုံစံ တွင် မေးခွန်း ၁၅ ခုသာရှိကြောင်း၊ မိသားစုအတွင်း သျှမ်းလူမျိုးဘယ်နှစ်ဦးရှိ၊  မှတ်ပုံတင်မရှိသူ ဘယ်နှစ်ဦးရှိ ၊ သျှမ်းစကားပြောတတ် သျှမ်းစာရေးတတ်သူ ဘယ်နှစ်ဦးရှိ ၊ နိုင်ငံရပ်ခြား ပညာသင်သွားသူ၊  အလုပ်သွားလုပ်သူ ဘယ်နှစ်ဦးရှိ ၊ အလုပ်လက်မဲ့ ဘယ်နှစ်ဦးရှိ ၊ ရပ်ရွာအတွင်း ဘုန်းတော်ကြီးကျောင်းဘယ်နှစ်ကျောင်း၊ ကိုရင် ဦးဇင်း ဘယ်နှစ်ပါးရှိ၊ စာသင် ကျောင်းဘယ်နှစ်ကျောင်းရှိ အစရှိသည့် မေးခွန်းများသာဖြစ်သည်ဟုစိုင်းသန်းမောင်က ဆက်လက်ပြောပြသည်။

“ ကျနော်တို့က သျှမ်းဆိုတော့ သျှမ်းပြည်ထဲမှာ သန်းခေါင်စာရင်းအရ လူဦးရေ ဘယ်လောက်ရှိလဲဆိုတာ သိရမှာပေါ့။ ဒါမှ ဖက်ဒရယ် စနစ်ဖြစ်လာရင် လူဦးရေများရင် များသလောက်အခွင့်အရေးတွေရမယ်။ လွှတ်တော်ထဲမှာ နေရာတွေရလာမယ်။ ဒါကြောင့် လူဦးရေ စာရင်းအတိအကျသိရအောင် အစိုးရလုပ်ပေးမှာကိုစောင့်နေစရာမလိုပါဘူး။ ကျနော်တို့အတွက် ကျန်းမာရေး ပညာရေး အမျိုးသား ရေး အစစအရာရာ ကျနော်တို့ ကိုယ်တိုင်ထလုပ်မှ ရတော့မှာဖြစ်ပါတယ်” - ဟုလည်းပြောဆိုခဲ့သည်။

မှတ်ပုံတင်(ဝါ) နိုင်ငံသားစီစစ်ရေးမရှိပါက၊ မိသားစု သန်းခေါင်စာရင်းတွင် မိမိအမည်စာရင်းမပါရှိပါက ရွေးကောက်ပွဲ များ တွင် မဲပေးခွင့်မရှိခြင်း၊ရပ်ရွာ လူမှုအသိုင်းအဝိုင်းအတွင်း ဦးဆောင်ဦးရွက် မှုပြုခွင့်မရှိခြင်း၊ စီးပွါးရေးလုပ်ခွင့်လိုင်စင်ပြု လုပ်ခွင့်မရှိ ခြင်း အစရှိ ပြဿနာများဖြင့် ရင်ဆိုင်ရမည်ဟုလည်းသတိပေးခဲ့သည်။

သျှမ်းပြည်လူဦးရေစာရင်းကောက်ယူရေးကော်မတီ၏ အဓိကလုပ်ငန်းမှာ သျှမ်းလူမျိုးဖြစ်ပါလျှက် တခြားလူမျိုးအမည် တပ်ခံရသူများ အား သျှမ်းလူမျိုးအမည်ပြန်လည်ရရှိရေးအတွက် ကြိုးပမ်းပေးရန်ဖြစ်သည်ဟု ကော်မတီဝင်များကပြောဆို ခဲ့ဖူးသည်။ မလွန်ဆန်နိုင်သည့်အခြေအနေမှ လူမျိုးနေရာတွင် ဗမာလူမျိုး ဖြစ်သွားရသော သျှမ်းလူဦးရေမှာ သျှမ်းပြည်တွင်း လူဦးရေ၏ ၃ ပုံ ၁ပုံရှိနေကြောင်း စိုင်းသန်းမောင်က ထောက်ပြသည်။

သျှမ်းပြည်လူဦးရေစာရင်းကောက်ယူရေးကော်မတီကို ၂၀၁၃ ဩဂတ်စ်လ ၂၂ ရက်နေ့က သျှမ်းပြည်တွင်းနိုင်ငံရေးပါတီများ၊ လူမှုအဖွဲ့အစည်းများက ဖွဲ့စည်းခဲ့ကြသည်။
သျှမ်းသံတော်ဆင့်

မျိုးစောင့်ဥပဒေကြမ်းနှစ်ခုက အခြေခံဥပဒေပြင်ဆင်ရေး အာရုံပြောင်းခြင်းလား

 
အချိန်ကာလအတန်ကြာ ငြိမ်သက်နေခဲ့သော မျိုးစောင့်ဥပဒေပြဋ္ဌာန်းရေး ကိစ္စသည် ဖေဖော်ဝါရီ ၂၅ ရက်က နိုင်ငံတော်သမ္မတထံမှ ပြည်ထောင်စု လွှတ်တော်နာယကသို့ ပေးပို့သည့် သ၀ဏ်လွှာမှ အစပြုကာ ပြန်လည်လှုပ်ရှားလာသည်။

ပြည်တွင်းတွင် ဖြစ်ပေါ်လျက်ရှိသော ပဋိပက္ခများ၏ အဓိကအကြောင်းရင်းဖြစ်သည့် လူဦးရေမညီမျှမှုကို ပြေလည်စေရန်ရည်ရွယ်၍ ဥပဒေလေးရပ်ကို မဖြစ်မနေ ပြဋ္ဌာန်းပေးစေလိုကြောင်း နိုင်ငံတော်သြ၀ါဒါစရိယ အင်းစိန်ရွာမ ဆရာတော်ဘဒ္ဒန္တတိလောကာဘိဝံသ (ဥက္ကဋ္ဌ- အမျိုးဘာသာစောင့်ရှောက်ရေးအဖွဲ့ဗဟို) ဦးဆောင်ကာ နိုင်ငံသား တစ်သန်းသုံးသိန်းကျော် လက်မှတ်ရေးထိုး၍ သမ္မတထံသို့ တင်ပြတောင်းဆိုခဲ့သည်။

အဆိုပါတင်ပြမှုတွင်ပါဝင်သည့် ကိုးကွယ်ရာဘာသာကူးပြောင်းခြင်းဆိုင်ရာဥပဒေ၊ လက်ထပ်ထိမ်းမြားခြင်းဆိုင်ရာဥပဒေ၊ တစ်လင်တစ်မယားစနစ် ကျင့်သုံးခြင်းဆိုင်ရာဥပဒေနှင့် လူဦးရေတိုးပွားနှုန်းထိန်းညှိခြင်းဆိုင်ရာဥပဒေတို့ကို ဥပဒေပြုပေးနိုင်ရန် နိုင်ငံတော်သမ္မတမှ ပြည်ထောင်စုလွှတ်တော်သို့ သ၀ဏ်လွှာပေးပို့ခဲ့သည်။

အဆိုပါပေးပို့မှုအပေါ် ပြည်ထောင်စုလွှတ်တော်နာယကက ယခုကိစ္စရပ်သည် နက်နဲသိမ်မွေ့သော ဘာသာသာသနာဆိုင်ရာကိစ္စရပ်များ၊ လူမှုရေး၊ လူသားအရေးများ ပါဝင်နေသည်ကို သတိပြုမိသဖြင့် ပြည်ထောင်စုအစိုးရအဖွဲ့လက်အောက်ရှိ သာသနာရေးဝန်ကြီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနတို့မှ ဥပဒေနှစ်ခုကို ဦးဆောင်ရေးဆွဲသင့်ပြီး ကျန်ဥပဒေနှစ်ခုကို သီးခြားတည်ရှိသည့် ပြည်ထောင်စုတရားလွှတ်တော်ချုပ်မှ ရေးဆွဲသင့်ကြောင်း နိုင်ငံတော်သမ္မတသို့ သ၀ဏ်လွှာပြန်လည်ပေးပို့ခဲ့သည်။

ထိုကဲ့သို့ သမ္မတနှင့် ပြည်ထောင်စုလွှတ်တော်နာယကတို့ သ၀ဏ်လွှာများ အပြန်အလှန်ပေးပို့ပြီး ရက်အနည်းငယ်အကြာတွင် ဖော်ပြပါဥပဒေများ ပြဋ္ဌာန်းပေးရန် ဦးဆောင်စီစဉ်သူ အင်းစိန်ရွာမဆရာတော်ကြီး၏သက်တော် (၇၅)နှစ်ပြည့် စိန်ရတုမွေးနေ့ပွဲသို့ ပြည်ထောင်စုအစိုးရအဖွဲ့မှ သာသနာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးဆန်းဆင့်နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ၊ ပြည်သူ့လွှတ်တော် တရားစီရင်ရေးနှင့် တည်ငြိမ်အေးချမ်းရေးကော်မတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်တို့ တက်ရောက်ခဲ့သည်။

အဆိုပါအခမ်းအနားသို့ တက်ရောက်လာသည့် ဖော်ပြပါပုဂ္ဂိုလ်နှစ်ဦးအား အမျိုးဘာသာ၊ သာသာနာ စောင့်ရှောက်ရေးအဖွဲ့ (မ.ဘ.သ)မှ ဆရာတော်အချို့က ၎င်းဥပဒေများ အမြန်ဆုံးပေါ်ထွန်းလာရေးအတွက် အစိုးရအဖွဲ့နှင့် လွှတ်တော်တို့မှ ပူးပေါင်းပါဝင်ဆောင်ရွက်ကြပါရန် တိုက်တွန်းပြောကြားခဲ့သည်။

‘‘ပြည်သူတွေက တောင်းဆိုတဲ့ကိစ္စဆိုတော့ ကျွန်တော်တို့က မလုပ်ပေးလို့မရပါဘူး။ လုပ်ကိုလုပ်ပေးရမယ့် ကိစ္စဖြစ်နေပါပြီ။ အားလုံးရဲ့အသံကိုနားထောင်ပြီး လုပ်ဆောင်ရမှာဖြစ်ပါတယ်’’ဟု သာသနာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးဆန်းဆင့်က သူ၏အမြင်ကိုပြောပြသည်။

မျိုးစောင့်ဥပဒေပြဋ္ဌာန်းရေးနှင့်ပတ်သက်၍ အမျိုးမျိုးဝေဖန်မှုများရှိနေသော်လည်း အဆိုပါဥပဒေပြဋ္ဌာန်းရန် လုပ်ဆောင်ခြင်းသည် တိုင်းပြည်တွင်းဖြစ်ပွားခဲ့သော ပဋိပက္ခများထပ်မံမဖြစ်ပွားစေရန် ရည်ရွယ်၍ ဆောင်ရွက်ခြင်းသာဖြစ်ကြောင်း (မဘသ)ဗဟိုမှ မဇ္ဇျိမဂုဏ်ရည်ဆရာတော် ဒေါက်တာဦးကောဝိဒကမိန့်ကြားသည်။

အခြေခံဥပဒေပြင်ဆင်ရေး ဆောင်ရွက်နေသည့်ကာလတွင် ယင်းဥပဒေများ ပြဋ္ဌာန်းနိုင်ရေး လုပ်ဆောင်လာခြင်းသည် အာရုံလွှဲပြောင်းသည့် ကိစ္စတစ်ခုဖြစ်ပြီး ဘာသာရေးကို အခြေခံသည့် နိုင်ငံရေးလှည့်ကွက်များကို သုံးခြင်းလည်းဖြစ်နိုင်ကြောင်း နိုင်ငံရေးသုံးသပ်သူအချို့ကပြောသည်။

ယခုအချိန်တွင် ပြည်သူလူထု၏ ရေရှည်အကျိုးစီးပွားကို ဖြစ်ထွန်းစေမည့် အခြေခံဥပဒေပြင်ဆင်ရေးကိစ္စရပ်ကို အဓိကအာရုံစိုက်သင့်ပြီး ဖော်ပြပါဥပဒေလေးခုကို အချိန်ယူရေးဆွဲသင့်ကာ ဥပဒေပါအချက်အလက်များသည် ဗုဒ္ဓအဆုံးအမများနှင့် လွဲချော်မှုမဖြစ်ရန် လိုအပ်ကြောင်း အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးသိမ်းဆွေကပြောသည်။

သို့သော် နိုင်ငံရေးသုံးသပ်ချက်ဆောင်းပါးများ ရေးသားသည့် စာရေးဆရာဦးစည်သူအောင်မြင့်က အောက်ပါအတိုင်းသုံးသပ်သည်။

‘‘ဖွဲ့စည်းပုံပြင်ရေးက သတ်သတ်ပါ။ ဖွဲ့စည်းပုံပြင်ဖို့ ဒီဥပဒေတွေကိုလုပ်တယ်ဆိုတာ လူတွေက ဝေဖန်သုံးသပ်ကြတဲ့သဘောပါပဲ။ ကျွန်တော့်အမြင်ကတော့ ဖွဲ့စည်းပုံပြင်ဆင်ရေးအတွက် သိပ်တော့ပြဿနာမရှိပါဘူး။ ဒီဥပဒေတွေဟာ တိုင်းပြည်အတွက် အကျိုး ရှိ၊ မရှိ။ ပြည်သူတွေအတွက် အကျိုး ရှိ၊ မရှိဆိုတာ အချိန်က အဆုံးအဖြတ်ပေးပါလိမ့်မယ်’’

‘‘ဗုဒ္ဓဘာသာဝင်တွေအနေနဲ့ တခြားဘာသာခြားတွေနဲ့ အတူနေထိုင်ရတဲ့အခါ အရှည်သဖြင့် အေးအေးချမ်းချမ်းနေထိုင်နိုင်အောင် ရည်ရွယ်ဆောင်ရွက်တာ ဖြစ်ပါတယ်။ ဒါနဲ့ပတ်သက်လို့ တစ်ယောက်နဲ့တစ်ယောက် ခံယူချက်ချင်း တူချင်မှတူပါလိမ့်မယ်။ အခုလုပ်ဆာင်နေတဲ့ကိစ္စသည် ဘာအရောင်အသွေးမှမပါဘဲ ဘာသာ၊ သာသနာအတွက် ရည်ရွယ်ဆောင်ရွက်တာဖြစ်ပါတယ်’’ဟု ဆရာတော်ဒေါက်တာဦးကောဝိဒက မိန့်ဆိုသည်။

တိုင်းရင်းသားလူမျိုးပေါင်း ၁၃၀ ကျော် နေထိုင်လျက်ရှိသည့် နိုင်ငံအတွင်း ဘာသာ၊ သာသနာကို အခြေခံသည့်ဥပဒေများ ပြဋ္ဌာန်းရေးအပေါ် ဗုဒ္ဓဘာသာမဟုတ်သော အခြားဘာသာကိုးကွယ်သည့် တိုင်းရင်းသားအချို့ကလည်း အမြင်တစ်မျိုးဖြင့် ရှုမြင်ကြသည်။

‘‘လူမျိုးပေါင်းစုံရောနှောနေထိုင်တဲ့ တိုင်းပြည်မှာ ပြည်ထောင်စုစနစ်မသွားဘဲနဲ့ အမျိုးဘာသာ၊ သာသနာကို အခြေခံပြီး အမျိုးသားနိုင်ငံထူထောင်နည်းကိုသွားမှာ ကျွန်တော်အရမ်းစိုးရိမ်တယ်။ အဲဒီလိုသွားနေသရွေ့ ကျွန်တော်တို့ တိုင်းရင်းသားတွေ လက်နက်ကိုင်နေရမှာဖြစ်ပါတယ်’’ဟု ချင်းတိုင်းရင်းသားခေါင်းဆောင်တစ်ဦးဖြစ်သူ ဒေါက်တာဆလိုင်းလျန်မှုန်းဆာခေါင်းကပြောသည်။

ဖော်ပြပါဥပဒေများသည် အမျိုးသားအကျိုးစီးပွား၊ နိုင်ငံသားများ၏ အကျိုးစီးပွားဖြစ်ထွန်းမည်ဆိုပါက ပြည်ထောင်စုလွှတ်တော်အနေဖြင့် ၎င်းဥပဒေကြမ်းလေးခုအား အတည်ပြုပြဋ္ဌာန်းပေးနိုင်မည်ဖြစ်ကြောင်း မတ်လပထမပတ်တွင် ပြုလုပ်ခဲ့သည့် မီဒီယာများနှင့် တွေ့ဆုံပွဲတွင် ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းကပြောသည်။

မျိုးစောင့်ဥပဒေပြဋ္ဌာန်းရေးနှင့်ပတ်သက်၍ ထိုကဲ့သို့ အမြင်အမျိုးမျိုး ကွဲပြားခြားနားနေသော်လည်း ဖော်ပြပါဥပဒေလေးခုအနက် အစိုးရအဖွဲ့ရှိ ၀န်ကြီးဌာနများမှ တာဝန်ယူရေးဆွဲရန် လွှတ်တော်နာယကက မှတ်ချက်ပြုထားသည့် ကိုးကွယ်ရာဘာသာကူးပြောင်းခြင်းဆိုင်ရာဥပဒေနှင့် လူဦးရေထိန်းညှိခြင်းဆိုင်ရာဥပဒေတို့အား လွှတ်တော်သို့ တင်သွင်းနိုင်မည့် ဥပဒေကြမ်းအဖြစ် ယခုနှစ် ဇွန်လ ၃၀ ရက် နောက်ဆုံးထား ရေးဆွဲနိုင်ရန် နိုင်ငံတော်သမ္မတရုံးက အမိန့်ကြော်ငြာများ ထုတ်ပြန်လုပ်ဆောင်နေပြီဖြစ်သည်။

အဆိုပါဥပဒေကြမ်းနှစ်ခု ရေးဆွဲရေးအတွက် မတ်လ ၇ ရက်တွင် ဒုတိယရှေ့နေချုပ်ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်သော အဖွဲ့ဝင် ၁၂ ဦးပါဝင်သည့် ဥပဒေကြမ်းရေးဆွဲရေးကော်မရှင်တစ်ရပ်ကို နိုင်ငံတော်သမ္မတရုံးက အမိန့်ကြော်ငြာစာထုတ်ပြန်၍ ဖွဲ့စည်းတာဝန်ပေးအပ်ခဲ့သည်။

အဆိုပါကော်မရှင်အနေဖြင့် ဥပဒေကြမ်းများရေးဆွဲရာတွင် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ညီညွတ်မှုရှိစေပြီး ကွဲပြားသော ဘာသာအယူဝါဒရှိနေမှုနှင့် တိုင်းရင်းသားစည်းလုံးညီညွတ်မှုခိုင်မြဲစေရေးတို့ကို အလေးထားသုံးသပ်ရေးဆွဲရန် ကော်မရှင်၏ လုပ်ငန်းတာဝန်များတွင် ထည့်သွင်းဖော်ပြထားပြီး ရေးဆွဲရာတွင် အများပြည်သူတို့၏ အကြံပြုချက်များကို ရယူဆောင်ရွက်သွားရန်လိုကြောင်းလည်း ဖော်ပြထားသည်။

ထိုကဲ့သို့ ကော်မရှင်ဖွဲ့စည်းဆောင်ရွက်မှုအပေါ် ‘‘ကော်မရှင်မှာ ဥပဒေပညာရှင်တွေ ပိုပြီးပါဝင်သင့်တယ်။ အခုတော့ ဥပဒေသမားဆိုလို့ ဥက္ကဋ္ဌဖြစ်တဲ့ ဦးထွန်းထွန်းဦးတစ်ယောက်ထဲပဲ တွေ့တယ်။ အစိုးရအဖွဲ့က ဒါမျိုးကော်မရှင်ဖွဲ့ပြီး ဥပဒေကြမ်းရေးရတယ်ဆိုတာ အမှန်တော့ လွှတ်တော်က သိက္ခာကျတာပေါ့။ ဥပဒေပြုဖို့က လွှတ်တော်မှာ အဓိကတာဝန်ရှိတယ်’’ဟု ဥပဒေပညာရှင်တစ်ဦးဖြစ်သူ တရားလွှတ်တော်ချုပ်ရှေ့နေဦးခင်ဇော်(မရမ်းကုန်း)က သုံးသပ်ပြောဆိုသည်။

ဥပဒေများသည် ဗုဒ္ဓဘာသာဝင်အမျိုးသမီးများ အခွင့်အရေးကို ကာကွယ်ရန်ဟု ဆိုထားသည့်အတွက် ဥပဒေကြမ်းရေးဆွဲရာတွင် အမျိုးသမီးအခွင့်အရေးဆိုင်ရာကိစ္စရပ်များကိုလည်း ထည့်သွင်းစဉ်းစားသင့်ကြောင်း အမျိုးသမီးအခွင့်အရေးလှုပ်ရှားသူ မခင်လေးကပြောသည်။

ဥပဒေတစ်ခုပြုစုရာတွင် လိုအပ်မှုရှိခြင်း၊ မရှိခြင်းဆိုသည့်အချက်ကို ဦးစွာစစ်တမ်းကောက်ယူမှုများပြုလုပ်ပြီးမှသာ ဥပဒေရေးဆွဲရေးကို ဆောင်ရွက်သင့်ကြောင်း ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာညိုညိုသင်းကပြောသည်။

ဥပဒေကြမ်းရေးဆွဲရေးကော်မရှင်အနေဖြင့် ရဟန်းရှင်လူပြည်သူများထံမှ ဥပဒေကြမ်းရေးဆွဲနိုင်ရေးအတွက် အကြံပြုချက်များ၊ ဥပဒေကြမ်းများကို ပေးပို့နိုင်ကြောင်း ယခုလ ၈ ရက်တွင် နိုင်ငံပိုင်သတင်စာများမှတစ်ဆင့် ဖိတ်ခေါ်မှုပြုခဲ့သည်။

အဆိုပါဖိတ်ခေါ်မှုအပေါ် အမျိုးသမီးအခွင့်အရေးလှုပ်ရှားမှုအချို့က လတ်တလောတွင် အကြံပြုချက်များပေးပို့သွားရန် အစီအစဉ်မရှိကြောင်း ပြန်လည်တုံ့ပြန်ခဲ့သည်။

မည်သို့ပင်ဆိုစေ မျိုးစောင့်ဥပဒေနှင့်ပတ်သက်သော ဥပဒေလေးခုပြဋ္ဌာန်းနိုင်ရေး လွှတ်တော်နှင့် နိုင်ငံတော်သမ္မတတို့အကြား အသွား၊ အပြန်ပေးပို့သော သ၀ဏ်လွှာများကြားတွင် ဥပဒေကြမ်းများပေါ်ပေါက်လာရေးမှာ တဖြည်းဖြည်းအသက်ဝင်လာပြီဖြစ်သည်။

ရေးသားသူ- မင်းဟိန်းကျော်
7Day News Journal

ဓာတ်ပုံ- ကျော်ဇင်သန်း