Pages

Wednesday, March 26, 2014

၂၀၀၈ ဖွဲ့စည်းပုံ ပြင်ဆင်ပေးရေး ထားဝယ်တွင် ဆန္ဒပြ


 ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ – ၅၉ (ဃ)/ (စ)၊ ပုဒ်မ – ၄၃၆ ပြင်ဆင်ရေး၊ လေးပွင့်ဆိုင် တွေ့ဆုံရေး တို့အတွက် ထားဝယ်ခရိုင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က ဒီနေ့ ဆန္ဒထုတ်ဖော် ခဲ့ကြပါတယ်။

တနင်္သာရီတိုင်း ထားဝယ်ခရိုင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (အန်အယ်လ်ဒီ) အဖွဲ့ဝင် အင်အား ၄၅၀ လောက်နဲ့ ဆန္ဒထုတ်ဖော်ခဲ့ကြတာပါ။

 -ပြည်သူကို အကာအကွယ်မပေးသည့် ဥပဒေများ – ဖျက်သိမ်းပေး၊
 -၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၅၉ ဃ/စ – ဖျက်သိမ်းပေး၊
- ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၃၆  ပြင်ဆင်ပေး၊
 - ဒီမိုကရေစီစံနှုန်းနှင့်မကိုက်ညီသော ဥပဒေများ ဖျက်သိမ်းပေး၊
 -၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ အမြန်ပြင်ဆင်ပေးရေး၊
 - လေးပွင့်ဆိုင်တွေ့ဆုံဆွေးနွေးရေး အမြန်ဖော်ဆောင်ပေး၊
 - ဒီမိုကရေစီစံနှုန်းပြည့် ဖွဲ့စည်းပုံပေါ်ပေါက်ရေး စတဲ့ ပိုစတာတွေကိုင်ဆောင်ပြီး ကြွေးကြော်ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။


သတင်းနှင့်ဓာတ်ပုံ - ရာဇာစိုး

Tuesday, March 25, 2014

ထိုင်ဝမ်ကျောင်းသားများ အစိုးရရုံးကိုဝင်စီး


တိုင်ပေ၊ မတ် ၂၄

တရုတ်နှင့် ကူးသန်းရောင်းဝယ်ရေး စာချုပ်ကိစ္စကို မကျေနပ်သည့် ထိုင်ဝမ်ကျောင်းသား များက အစိုးရရုံး အဆောက်အအုံ အတွင်းသို့ ဝင်ရောက် ဆန္ဒပြကြရာမှ အဓိကရုဏ်းနှိမ်နင်းရေး ရဲများနှင့် ထိပ်တိုက် ပြဿနာများ ဖြစ်ပွားခဲ့ကြောင်း AFP သတင်းတစ်ရပ်က ဖော်ပြထားသည်။

ရဲများက မီးသတ်ပိုက်များကို အသုံးပြုပြီး လူစုခွဲကာ ကျောင်းသားများကို တစ်ယောက်ပြီးတစ်ယောက် ဆွဲထုတ်သွား ကြခြင်းဖြင့် တနင်္လာနေ့ နံနက်ခင်းတွင် အစိုးရရုံးဝင်းကို ရှင်းလင်းခဲ့သည်။ စုစုပေါင်း လူ ၃၀ ခန့် ဖမ်းဆီးခံလိုက်ရပြီး ဒါဇင်ပေါင်းများစွာ ဒဏ်ရာရရှိသွားသည်ဟု ရဲတပ်ဖွဲ့က ကြေညာခဲ့သည်။

တရုတ်နှင့်ပြုလုပ်ခဲ့သော စီးပွားရေးအရ သဘောတူညီမှုသည် ထိုင်ဝမ်၏ စီးပွားရေးကို ထိခိုက်စေနိုင်ပြီး တရုတ်၏ ဖိအားပေးမှု ကိုလည်း နောင်တွင် ခံရဖွယ်ရှိသည်ဟု ဆန္ဒပြသူများက ပြောကြားခဲ့သည်။

ပြီးခဲ့သည့် သီတင်းပတ်အတွင်း ကလည်း ကျောင်းသားများနှင့် တရုတ်ကို မလိုလားသော တက်ကြွလှုပ်ရှားသူများ ပါလီမန်အဆောက်အအုံ အတွင်းသို့ ဝင်ရောက် ဆန္ဒပြခဲ့ကြသေးသည်။
တရုတ်နှင့် သဘောတူလက်မှတ် ရေးထိုးသည့် ကိစ္စကို သေသေချာချာ ပိုမိုစိစစ်စေ လိုသည်ဟု ဆန္ဒပြကျောင်းသား များက ပြောဆိုကြလျက် ရှိကြောင်း ထိုင်ဝမ်အခြေစိုက် BBC သတင်းထောက် စင်ဒီစုက မှတ်ချက်ပြုသည်။

တရုတ်နှင့် ထိုင်ဝမ်နှစ်ဖက်လုံးမှ ဈေးကွက်များတွင် လုပ်ငန်းရှင်များ လွတ်လပ်စွာ လာရောက် ရင်းနှီးမြှုပ်နှံခွင့်ပြုမည့် လက်ရှိ သဘောတူညီချက် ကိုလည်း ဆန္ဒပြကျောင်းသားများက ပြန်လည် သုံးသပ်စေလိုကြသည်။

အာဏာရ ကူမင်တန်ပါတီက တရုတ်အစိုးရနှင့် ညှိနှိုင်းထားသော သဘောတူညီချက် များကို အကောင်အထည်ဖော်ရန် ဆုံးဖြတ်ပြီးကြောင်း ပြောဆိုထားကာ ယင်းသဘော တူညီမှုကြောင့် ထိုမ်ဝမ် စီးပွားရေးလည်း တက်လာမည်ဖြစ်ကာ အလုပ်အကိုင် အခွင့်အလမ်းများလည်း ပိုများလာမည်ဟု ပြောဆိုထားသည်။

တရုတ်သည် ထိုင်ဝမ်ကျွန်းကို ၄င်းတို့ပိုင်နက် နေရာဟု ပြောဆိုထားပြီး ထိုင်ဝမ်ကလည်း ဆယ်စုနှစ်ပေါင်း ခြောက်ဆယ်ကျော် ၄င်းတို့ ကိုယ်ပိုင် နိုင်ငံတစ်ခုအဖြစ် အစိုးရအဆက်ဆက် အုပ်ချုပ်လာခဲ့သည်။

တရုတ်နှင့် ပြုလုပ်မည့် ကူးသန်းရောင်းဝယ်ရေး သဘောတူစာချုပ်ကို အပြီးသတ် ချုပ်ဆိုရန်အတွက် ပူးတွဲ ကော်မတီတစ်ခု ဖွဲ့ပြီးဖြစ်ကာ ထိုင်ဝမ် ပါလီမန်က အတည်ပြုရသေးခြင်းတော့ မရှိသေးပေ။
 The Voice Weekly

စံမမီသော တရုတ် ရင်းနှီးမြှုပ်နှံမှုများ ဖြေရှင်းပေးရန် အာဆီယံ ပြည်သူ့ဖိုရမ် အစိုးရများကို တိုက်တွန်း

 
ရန်ကုန်၊ မတ် ၂၄

တရုတ်ပြည်သူ့ သမ္မတနိုင်ငံမှ ရင်းနှီးမြှုပ်နှံမှုများတွင် နိုင်ငံတကာ စံချိန်စံနှုန်းနှင့် မကိုက်ညီသော စီမံကိန်းများကို အာဆီယံ ဒေသတွင်း နိုင်ငံများမှ သက်ဆိုင်ရာ အစိုးရများက တာဝန်ခံ ဖြေရှင်းပေးရန် အာဆီယံ ပြည်သူ့ဖိုရမ် ဖြစ်မြောက်ရေး ဦးဆောင် ကော်မတီ တွဲဖက်ဥက္ကဋ္ဌ မစ္စဖရီမရူဒီဒေါင်ရွန်က မတ်လ ၂၄ ရက်နေ့က တိုက်တွန်း ပြောကြားသည်။

မြန်မာနိုင်ငံအတွင်း သုံးရက်တာ ပြုလုပ်ခဲ့သော အာဆီယံ ပြည်သူ့ဖိုရမ်၏ ရင်းနှီးမြှုပ်နှံမှုများနှင့် ပတ်သက်သော အလုပ်ရုံ ဆွေးနွေးပွဲနှင့် ပတ်သက်သည့် သတင်းစာ ရှင်းလင်းပွဲတွင် ၎င်းက ယင်းသို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။

တရုတ်နိုင်ငံမှ ရင်းနှီးမြှုပ်နှံမှုများမှာ နိုင်ငံတကာ စံချိန်စံနှုန်းများနှင့် ညီညွတ်ခြင်း မရှိဘဲ တစ်ဖက်သတ် ချမှတ်ထားသော မူဝါဒများ ဖြစ်သောကြောင့် အာဆီယံ ဒေသအတွင်းရှိ ပြည်သူများ အကာအကွယ် ရရှိရေးအတွက် သက်ဆိုင်ရာ အစိုးရပိုင်းမှ တာဝန်ယူ ဖြေရှင်းရမည် ဖြစ်ကြောင်း မစ္စဖရီမရူဒီဒေါင်ရွန်က ပြောကြားသည်။

“မြန်မာနိုင်ငံမှာလည်း အစိုးရသစ် အနေနဲ့ တရုတ် စီမံကိန်းတွေကို ကိုင်တွယ်ရ ခက်နေပါတယ်။ ဒါဟာ ဘယ်အစိုးရတက်တက် အရေးတကြီး ဖြေရှင်းပေးရမယ့် ကိစ္စတစ်ရပ် ဖြစ်ပါတယ်” ဟု ၎င်းကဆိုသည်။

ထို့အပြင် တရုတ်ပြည်သူ့သမ္မတနိုင်ငံသည် အရှေ့တောင်အာရှ ဒေသအတွင်း ရင်းနှီးမြှုပ်နှံမှု အများဆုံး ပြုလုပ်နေခြင်းကြောင့် ဒေသခံ အရပ်ဘက် လူ့အဖွဲ့အစည်းများနှင့် အစိုးရ အဖွဲ့အစည်းများ အနေနှင့် ဂရုစိုက် ကိုင်တွယ်သင့်ကြောင်း ၎င်းက ထပ်လောင်း ပြောကြားသည်။

ယင်းသို့ တရုတ်နိုင်ငံမှ ရင်းနှီးမြှုပ်နှံမှု အများစုမှာ စံချိန်စံနှုန်း မမီသည်ကို ဆက်လက် လုပ်ကိုင်ရန် ခွင့်ပြုပေးနေသော အစိုးရပိုင်းကသာ အဓိက တာဝန်ရှိကြောင်း အမျိုးသား ဒီမိုကရေစီ အင်အားစု NDF ပါတီ ဥက္ကဋ္ဌ ဦးခင်မောင်ဆွေက ပြောကြားသည်။

“ကျွန်တော်တို့က တရုတ်ကို မုန်းလို့ မရဘူး။ သူက စီးပွားရေးမှာ ကျားတစ်ကောင် ဖြစ်နေပြီ။ ဒါပေမဲ့ ပြည်တွင်းမှာ လာရောက် လုပ်ကိုင် ရင်တော့ ဘယ်လို အာမခံချက်တွေကို ပေးရမယ် ဆိုတဲ့ အစိုးရရဲ့ မူဝါဒတွေ ရှိမှရမယ်” ဟု ၎င်းကဆိုသည်။

လက်ရှိ မြန်မာနိုင်ငံတွင်လည်း တရုတ်နိုင်ငံမှ လုပ်ဆောင်နေသော မြစ်ဆုံ ရေကာတာ စီမံကိန်းနှင့် ကျောက်ဖြူ စီမံကိန်းများမှာ ပွင့်လင်းမြင်သာမှု အားနည်းခြင်းနှင့် ဒေသခံများ ထိခိုက်နစ်နာမှု များကြောင့်ဟု ဆိုကာ ဆန္ဒထုတ်ဖော်မှုများ ပြုလုပ်လျက် ရှိသည်။

The Voice Weekly

လက်ပံတောင်းအရေးလှုပ်ရှားသူ ဦးသော်ဇင်ကို ထောင်ချ

 
စစ်ကိုင်းတိုင်း မုံရွာခရိုင် လက်ပံတောင်းဒေသတွင်း ကြေးနီစီမံကိန်း ဖျက်သိမ်းရေး လှုပ်ရှားသူ  နိုင်ကျဉ်းဟောင်း ဦးသော်ဇင်ကို မုံရွာမြို့နယ် တရားရုံးက ထောင်ဒဏ်ချမှတ်လိုက်ပါတယ်။

မုံရွာတရားရုံးကနေ လက်ပံတောင်း ကြေးနီ စီမံကိန်း ဖျက်သိမ်းရေး လှုပ်ရှားသူတွေထဲက ကိုသော်ဇင်ကို မတ် ၂၄ ရက်နေ့က အမှု ၃ မှု နဲ့ ထောင်ဒဏ် ၁ နှစ် ၃ လ ချမှတ်လိုက်ပါတယ်။

ဖခင်ဖြစ်သူ ဦးသိန်းတန်က “မြင်မိထင်မိတဲ့အနေအထားကတော့ တရားဥပဒေ စိုးမိုးရေးပိုင်းဆိုင်ရာတွေမှာ တိကျမှန်ကန်မယ်လို့ ကိုယ်က ထင်မိတာပေါ့လေ။ ဒီရောက်တော့ တခြားစီ တခြားစီ ဖြစ်နေတာ တွေ့ရတဲ့အတွက် နည်းနည်းတော့ ၀မ်းနည်းမိပါတယ်။ ၀မ်းနည်းပေမယ့်လည်း ဘယ်တတ်နိုင်ပါ့မလဲ” လို့ ပြောပါတယ်။

ဦးသော်ဇင်ကို ၂၀၁၄ ခု ဖေဖော်ဝါရီ ၁၁ ရက်နေ့က ဖမ်းဆီးခဲ့ကာ ရုံးချိန်း ၈ ကြိမ် ချိန်းဆိုအပြီး ရက်ပေါင်း ၄၂ ရက်အကြာမှာ အခုလို စီရင်ချက် ချမှတ်လိုက်တာ ဖြစ်ပါတယ်။

ပုဒ်မ ၄၄၇ အရ ထောင်ဒဏ် ၃ လ၊  ပုဒ်မ ၁၄၃ အရ ထောင်ဒဏ် ၆ လနဲ့ ပုဒ်မ ၁၈၈ အရ ထောင်ဒဏ် ၆ လတို့ကို သီးခြားကျခံစေပြီး အရင်စွဲထားတဲ့ ပုဒ် ၅၀၅(ခ) ဆူပူရန် လှုံ့ဆော်မှုကိုတော့ ပယ်ဖျက်ပေးခဲ့တယ်လို့ ပြောပါတယ်။

ဒေသခံတဦးက “မတရားသဖြင့် အမိန့်ချလိုက်တယ်လို့ မြင်ပါတယ်။ အန်တီတို့ဘက်က သက်သေအထောက်အထား တင်ပြပေမယ့် တဖက်သတ် ဆုံးဖြတ်တာအတွက် လုံးဝ မကျေနပ်ဘူး” လို့ ပြောပါတယ်။

ဦးသော်ဇင် ဖမ်းဆီးခံထားရစဉ်က ပြန်လွှတ်ပေးဖို့ ဒေသခံတွေ ညောင်ပင်ကြီးရဲစခန်းရှေ့မှာ သွားရောက်တောင်းဆိုခဲ့တဲ့အတွက်  ရဲမှူး အောင်ကျော်က ၅၀၅ (ခ) နဲ့  ထပ်မံ အမှုဖွင့်ခဲ့တာ ဖြစ်ပါတယ်။

အခု အမိန့်ချမှတ်တဲ့ ပုဒ်မ ၄၄၇၊ ၁၄၃ နဲ့ ၁၈၈ တို့ကတော့ ဆည်တည်း၊ မိုးကြိုးပြင် ကျေးရွာမှ ဒေသခံတွေက လျော်ကြေးမယူထားတဲ့ ယာမြေတွေပေါ်မှာ ထွန်ယက်စိုက်ပျိုးရင်း အာဏာပိုင်တွေနဲ့ ပဋိပက္ခ ဖြစ်ပွားခဲ့တဲ့ဖြစ်စဉ်ကြောင့် ဆားလင်းကြီး မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်သောင်းနဲ့ ဆားလင်းကြီးမြို့နယ် ရဲမှူးအောင်ကျော်တို့က  တရားစွဲဆိုထားတာပါ။

By ဒီဗွီဘီ

မန္တလေးမြို့တွင်း ညအချိန် စည်းကမ်းမဲ့ ယာဉ်မောင်းနှင်မှု တစ်ညအတွင်း ဆိုင်ကယ် အစီးရေ ၂၀၀ ကျော် အရေးယူ

 
မန္တလေး၊ မတ် ၂၄

မန္တလေးခရိုင်အတွင်း ညပိုင်းအချိန် ယာဉ်မတော်တဆ ဖြစ်ပွားမှု များပြားလာသောကြောင့် ယာဉ်မတော်တဆမှု လျော့ကျစေရန် မန္တလေးတိုင်းဒေသကြီး ယာဉ်ထိန်း ရဲတပ်ဖွဲ့မှူး ရုံးက မတ်လ ၂၃ ရက်နေ့ ညမှ စတင်ကာ ရှောင်တခင် စစ်ဆေးခဲ့ရာ တစ်ညအတွင်း ဆိုင်ကယ်စီးရေ ၂၀၆ စီးနှင့် ကားနှစ်စီးတို့ကို စစ်ဆေး အရေးယူခဲ့ကြောင်း မန္တလေးတိုင်းဒေသကြီး ယာဉ်ထိန်း ရဲတပ်ဖွဲ့မှူးရုံး တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

“ဆိုင်ကယ်၊ ကား အကုန်လုံးကို စစ်ဆေးတာပါ။ ဆိုင်ကယ်ကတော့ အဓိက ဦးထုပ်နဲ့ ဆိုင်ကယ်လိုင်စင်၊ လူလိုင်စင် စစ်တယ်။ ကားကတော့ လိုင်စင်မဲ့ ကားလား၊ ယာဉ်မောင်းလိုင်စင် ဒါတွေကို စစ်ဆေးတယ်။ တစ်ညအတွင်းမှာ ဆိုင်ကယ် ၂၀၆ စီးနဲ့ ကားနှစ်စီး စစ်ဆေး အရေးယူနိုင်ခဲ့တယ်” ဟု ၎င်းက ထပ်မံဆိုသည်။

ဆိုင်ကယ် မောင်းနှင်သူ အများစုမှာ ဦးထုပ် မဆောင်းခြင်းကြောင့် အပြစ်ပေး အရေးယူခံရခြင်း များပြီး လိုင်စင်မဲ့ ဆိုင်ကယ်လေးစီး ဖမ်းဆီးရမိခဲ့ကာ ရုံးတွင် ထိန်းသိမ်းထားပြီး ယာဉ်မောင်းလိုင်စင် မပါဘဲ မောင်းနှင်သော ကားနှစ်စီးကိုလည်း အရေးယူခဲ့ကြောင်း ၎င်းက ထပ်လောင်း ပြောကြားသည်။

“လိုင်စင်မဲ့ ဆိုင်ကယ် လေးစီးကို ဌာနက သိမ်းသွားမှာ မဟုတ်ပါဘူး။ ဆိုင်ကယ် ပိုင်ရှင်တွေကိုတော့ လိုင်စင်မဲ့ ဆိုင်ကယ် မဟုတ်ကြောင်း အထောက်အထား လာပြခိုင်းပြီး ရုံးမှာ လာရွေးခိုင်းထားတယ်။ တကယ်လို့ အထောက်အထား မပြနိုင်ရင်လည်း ဆိုင်ကယ်ကို မသိမ်းဘူး။ သူတို့ကို ဒဏ်ငွေ ရိုက်ပြီးတော့ ဆိုင်ကယ်လိုင်စင် သွားရောက် ပြုလုပ်ခိုင်းမှာ ဖြစ်ပါတယ်” ဟု ၎င်းကဆိုသည်။

ဖမ်းဆီးရမိသည့် ဆိုင်ကယ်များကို ဒဏ်ငွေ ကျပ်တစ်သောင်းမှ ကျပ်သုံးသိန်းအထိ ဒဏ်ရိုက်နိုင်သော်လည်း ကျပ်တစ်သောင်း ကျပ်သာ ဒဏ်ငွေရိုက်ခဲ့ကြောင်း ယာဉ်ထိန်း ရဲတပ်ဖွဲ့မှူး ရုံးထံမှ သိရသည်။

တစ်ခါမှ ဒီလို အဖွဲ့လိုက်ကြီး ညပိုင်း ဖမ်းတာ မကြုံဖူးဘူးလေ။ အခုတော့ ဘာမှ သတင်းမထုတ်ပြန်ဘဲ ရှောင်တခင် အနေနဲ့ စစ်ဆေးတာ။ ကျွန်တော်တို့လည်း အရင်တိုင်းပဲ ညဆို ဆိုင်ကယ်ဦးထုပ် မဆောင်းဖြစ်ဘူး။ နောက်နေ့ ညတွေ ဆိုရင်တော့ ဘယ်အချိန်ပဲဖြစ်ဖြစ် ဆိုင်ကယ်ဦးထုပ် ဆောင်းမှ ဖြစ်တော့မယ်” ဟု ယင်းနေ့ညပိုင်းက ဆိုင်ကယ်ဦးထုပ် မဆောင်းသဖြင့် အရေးယူခံရသော အသက်၂၀ ကျော် အရွယ်ရှိ ဦးအောင်လင်းက ဆိုသည်။

မန္တလေးခရိုင် ခုနစ်မြို့နယ်အတွင်း ၂၀၁၄ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့မှ ဖေဖော်ဝါရီလ ၂၈ ရက်နေ့ အထိ ယာဉ်မတော်တဆ ဖြစ်ပွားမှု ၆၁ မှု ဖြစ်ပွားခဲ့ပြီး သေဆုံးသူ ၂၈ ဦး၊ ဒဏ်ရာရသူ ၉၅ ဦး ရှိကာ ယာဉ်မတော်တဆ ဖြစ်ပွားသည့် အချိန်နှင့် အမှုများမှာ နံနက် ၆ နာရီမှ မွန်းတည့် ၁၂ နာရီအထိ ဖြစ်ပွားမှု ၁၅ မှု၊ မွန်းတည့် ၁၂ နာရီမှ ညနေ ၆ နာရီအထိ ဖြစ်ပွားမှု ၁၃ မှု၊ ညနေ ၆ နာရီမှ ညသန်းခေါင် ၁၂ နာရီအထိ ဖြစ်ပွားမှု ၂၄ မှု၊ ညသန်းခေါင် ၁၂ နာရီမှ နံနက် ၆ နာရီအထိ ဖြစ်ပွားမှု ကိုးမှု ရှိကြောင်း အဆိုပါ ယာဉ်ထိန်း ရဲတပ်ဖွဲ့မှူးရုံး မှတ်တမ်းများအရ သိရသည်။

The Voice Weekly

ထိုင်းအလှကုန် ၉ မျိုး ဘေးအန္တရာယ်ရှိဟု အက်ဖ်ဒီအေ ကြေညာ

 
မြန်မာ့အစားအသောက်နဲ့ ဆေးဝါး ကွပ်ကဲမှု ဦးစီးဌာန(အက်ဖ်ဒီအေ)ဟာ ထိုင်းနိုင်ငံက တင်သွင်းလာတဲ့ အလှကုန်ပစ္စည်း ၂၁ မျိုးကို စစ်ဆေးခဲ့ရာမှာ အဆီချ ခရင်မ်နဲ့ အသားလှဆီ အမျိုးအစား ၉ မျိုးမှာ ကျန်းမာရေးအတွက် ဘေးအန္တရာယ်ဖြစ်စေတဲ့ တားမြစ် ဓာတုပစ္စည်းတွေ ပါဝင်နေတာ တွေ့ရှိလို့ အများပြည်သူ သုံးစွဲဖို့ မသင့်ကြောင်း ဒီကနေ့ ထုတ်ပြန်ကြေညာပါတယ်။

အဲဒီ အလှကုန်ပစ္စည်း ၉ မျိုးကတော့ Mellano, Polla, Baschi နဲ့ Nineteen nano 19 အမှတ်တံဆိပ်တွေ ဖြစ်ကြပြီး အဆီချနဲ့ အသားလှခရင်မ်တွေ ဖြစ်ကြ ပါတယ်။

ဒီအလှကုန်ပစ္စည်းတွေ ဟာ မြန်မာ့အစား အသောက်နဲ့ ဆေးဝါးကွပ်ကဲမှု ဦးစီးဌာန (အက်ဖ်ဒီအေ)မှာ မှတ်ပုံတင်ထားတာလည်း မရှိပဲ တရားမ၀င် တင်သွင်းလာတာတွေ ဖြစ်တယ်လို့လည်း ကြေညာချက်မှာ ဖော်ပြထားပါတယ်။

လက်ရှိ မြန်မာနိုင်ငံမှာ စားသုံးသူကာကွယ်ရေး ဥပဒေ မရှိသေးဘဲ လွှတ်တော်တွင်း တင်ထားတဲ့ အဆင့်မှာပဲ ရှိနေသေးပြီး နောင် အဲဒီ ဥပဒေ အတည်ဖြစ်လာရင် တင်သွင်းသူတွေကို ဥပဒေအရ အရေးယူနိုင်မယ်လို့ လွှတ်တော်တွင်း ဆွေးနွေးချက်တွေအရ သိရပါတယ်။

By ဒီဗွီဘီ

မလေးရှား လေယာဉ် ကိစ္စ တရုတ် တောင်းဆို

 
အိန္ဒိယ သမုဒ္ဒရာ တောင်ပိုင်းမှာ ပျက်ကျ ပျောက်ဆုံး သွားပြီ ဆိုတဲ့ မလေးရှား လေကြောင်း ပိုင် လေယာဉ် ကိစ္စ ဂြိုဟ်တု ဓာတ်ပုံ အထောက်အထားတွေ ရလိုကြောင်း တရုတ် အစိုးရက တောင်းဆို လိုက်ပါတယ်။

ဒီကိစ္စ သက်သေ အထောက်အထား အသေးစိတ် ပေးအပ်ဖို့ တရုတ် ဒုတိယ နိုင်ငံခြားရေး ဝန်ကြီးက မလေးရှား သံအမတ်ကို တောင်းဆို လိုက်ပါတယ်။

ဂြိုဟ်တု ဓာတ်ပုံ အထောက်အထားတွေ အရ ဩစတြေးလျ အနောက်ဘက် ကမ်းမမြင် လမ်းမမြင် သမုဒ္ဒရာ ထဲမှာ လေယာဉ်ပျက်ကျ ခဲ့ကြောင်း တွေ့ရှိရ တယ်လို့ မလေးရှား ဝန်ကြီးချုပ် နာဂျစ် ရာဇက်က တနင်္လ࿿ာ နေ့က ပြောကြား ခဲ့ပါတယ်။

လေယာဉ်ပျံ ကို ခုထိ ရှာမတွေ့သေးတာမို့ မလေးရှား အစိုးရ ပြောကြားချက်ကို သံသယ ဝင်ကြောင်း တရုတ် ခရီးသည် တွေရဲ့ ဆွေမျိုးတွေက ပြောပါတယ်။

ဘီဘီစီ (မြန်မာပိုင်း)

မလေးရှား လေယာဉ် ကိစ္စ တရုတ် တောင်းဆို

 
အိန္ဒိယ သမုဒ္ဒရာ တောင်ပိုင်းမှာ ပျက်ကျ ပျောက်ဆုံး သွားပြီ ဆိုတဲ့ မလေးရှား လေကြောင်း ပိုင် လေယာဉ် ကိစ္စ ဂြိုဟ်တု ဓာတ်ပုံ အထောက်အထားတွေ ရလိုကြောင်း တရုတ် အစိုးရက တောင်းဆို လိုက်ပါတယ်။

ဒီကိစ္စ သက်သေ အထောက်အထား အသေးစိတ် ပေးအပ်ဖို့ တရုတ် ဒုတိယ နိုင်ငံခြားရေး ဝန်ကြီးက မလေးရှား သံအမတ်ကို တောင်းဆို လိုက်ပါတယ်။

ဂြိုဟ်တု ဓာတ်ပုံ အထောက်အထားတွေ အရ ဩစတြေးလျ အနောက်ဘက် ကမ်းမမြင် လမ်းမမြင် သမုဒ္ဒရာ ထဲမှာ လေယာဉ်ပျက်ကျ ခဲ့ကြောင်း တွေ့ရှိရ တယ်လို့ မလေးရှား ဝန်ကြီးချုပ် နာဂျစ် ရာဇက်က တနင်္လ࿿ာ နေ့က ပြောကြား ခဲ့ပါတယ်။

လေယာဉ်ပျံ ကို ခုထိ ရှာမတွေ့သေးတာမို့ မလေးရှား အစိုးရ ပြောကြားချက်ကို သံသယ ဝင်ကြောင်း တရုတ် ခရီးသည် တွေရဲ့ ဆွေမျိုးတွေက ပြောပါတယ်။

ဘီဘီစီ (မြန်မာပိုင်း)

လျှပ်စစ်ချွတ်ယွင်းမှုကြောင့် မလေးရှားလေယာဉ် ဟောင်ကောင်သို့ လမ်းကြောင်းပြောင်းရ

လျှပ်စစ်ချွတ်ယွင်းမှုကြောင့် မလေးရှားလေယာဉ် ဟောင်ကောင်သို့ လမ်းကြောင်းပြောင်းရ MH066 ခရီးစဉ်အဖြစ် ပျံသန်းသော Airbus A330-300 အမျိုးအစား လေယာဉ်သည် ကွာလာလမ်ပူမှ တောင်ကိုရီးယားနိုင်ငံ၊ ဆိုးလ်မြို့တော်သို့ ပျံသန်းရင်း တနင်္လာနေ့ နံနက်အစောပိုင်းက ပြဿနာ ကြုံခဲ့ခြင်းဟု လေကြောင်းလိုင်း ပြောရေးဆိုခွင့်ရ အရာရှိ တစ်ဦးက အတည်ပြုခဲ့သည်။

မလေးရှား လေကြောင်းလိုင်းပိုင် ခရီးသည်တင် လေယာဉ်တစ်စင်းသည် လျှပ်စစ်ဆိုင်ရာ ချွတ်ယွင်းချက် တစ်ခုကြောင့် မူလလမ်းကြောင်းမှ သွေဖီကာ ဟောင်ကောင်၌ အရေးပေါ် ဆင်းသက်ခဲ့ရကြောင်း သိရှိရသည်။ မလေးရှား လေကြောင်းလိုင်းမှ MH370လေယာဉ် ပျောက်ဆုံးနေမှု (၂)ပတ်ကျော် ကြာမြင့်ခဲ့သည့်နောက် နောက်ထပ် ခေါင်းခဲစရာ ပြဿနာ တစ်ရပ်နှင့် လေကြောင်းလိုင်း တာဝန်ရှိသူများ ကြုံတွေ့လာခြင်း ဖြစ်သည်။

MH066 ခရီးစဉ်အဖြစ် ပျံသန်းသော Airbus A330-300 အမျိုးအစား လေယာဉ်သည် ကွာလာလမ်ပူမှ တောင်ကိုရီးယားနိုင်ငံ၊ ဆိုးလ်မြို့တော်သို့ ပျံသန်းရင်း တနင်္လာနေ့ နံနက်အစောပိုင်းက ပြဿနာ ကြုံခဲ့ခြင်းဟု လေကြောင်းလိုင်း ပြောရေးဆိုခွင့်ရ အရာရှိ တစ်ဦးက အတည်ပြုခဲ့သည်။

ထို့ကြောင့် လေယာဉ်ကို မူလလမ်းကြောင်းမှ ခွဲထွက်ကာ ဟောင်ကောင်သို့ ဦးတည်ပျံသန်းပြီး ဆင်းသက်ခဲ့ရသည်။ “လျှပ်စစ်ပြဿနာ ကြုံခဲ့ပေမယ့် စွမ်းအင်ထောက်ပံ့မှုအပိုင်းမှာတော့ အပိုဆောင်း ပါဝါယူနစ်က ပုံမှန် အလုပ်လုပ်နိုင်ခဲ့ပါတယ်”ဟု မလေးရှား လေကြောင်းမှ တာဝန်ရှိသူ တစ်ဦးက ဆိုသည်။ ၎င်းက အသေးစိတ် အချက်အလက်များကို ပြောဆိုရန်မူ ငြင်းဆန်ခဲ့သည်။ ဟောင်ကောင်လေဆိပ် တာဝန်ခံ အမျိုးသမီး တစ်ဦးက လေယာဉ်သည် ဒေသစံတော်ချိန် နံနက်(၃)နာရီတွင် အမှားအယွင်းမရှိ ဘေးကင်းရန်ကင်း ဆင်းသက်နိုင်ခဲ့ကြောင်း ပြောကြားသွားသည်။

လေယာဉ်ပေါ်တွင် ခရီးသည် (၂၇၁)ဦး လိုက်ပါလာပြီးယင်းတို့ကို အခြားလေယာဉ် တစ်စင်းပေါ် ပြောင်းရွှေ့ပေးခဲ့သည်။ လတ်တလောတွင် မလေးရှားလေကြောင်း၏ MH370 လေယာဉ်ကို ရှာဖွေနေဆဲဖြစ်ပြီး တရုတ်နှင့် ပြင်သစ်ဂြိုဟ်တုများက လေယာဉ်ပျက်၏ အစိတ်အပိုင်းဟု ယူဆရသော အရာဝတ္ထုများကို နေရာ(၃)ခုတွင် တွေ့ရှိထားပြီး ယင်းတို့ကို စိစစ်ရန် လုပ်ဆောင်နေဆဲဟု သိရှိရသည်။

Planet Myanmar Network.

သန်းခေါင်စာရင်းတွင် ရိုဟင်ဂျာအမည် ထည့်ကောက်မည်ကို ကန့်ကွက်ကြောင်း ရမ်းဗြဲမြို့၌ ဆန္ဒထုတ်ဖော်


သန်းခေါင်စာရင်းတွင် ရိုဟင်ဂျာအမည် ထည့်သွင်းသွားမည့် ကိစ္စနှင့် ပတ်သက်၍ မတ် ၂၄ ရက်မှ စတင်ကာ သပိတ်မှောက် သည့်လုပ်ငန်းကို စတင်နေပြီဖြစ်ကြောင်းနှင့် ရခိုင်ပြည်သူ တစ်ရပ်လုံးကလည်း သာသ နာ့အလံများ အိမ်တိုင်းတွင် ချိတ်ဆွဲ၊ ကပ်ထားခြင်းများ ပြုလုပ်ထားရှိသွားရန် ထေရ် ကြီးဝါကြီး သံဃာတော်များက တိုက်တွန်း ထားကြောင်း၊ သန်းခေါင်စာရင်းတွင် ရိုဟင်ဂျာ ထည့်မည့်ကိစ္စအား ရမ်းဗြဲနှင့် မာန်အောင် မြို့များတွင်လည်း ဆက်လက် ဆန္ဒထုတ်ဖော် ကန့်ကွက်လျက်ရှိကြောင်း သိရသည်။
ယင်းနှင့်ပတ်သက်ပြီး ရခိုင်ပြည်လုံးဆိုင်ရာ ကျူးကျော်ဘင်္ဂါလီ သန်းခေါင်စာရင်း နာမည်လိမ် တိုက်ဖျက်ရေး ကော်မတီ(စစ်တွေ) မှ ဦးသာပွင့်က "ကျွန်တော်တို့ ရိုဟင်ဂျာဆိုတာကို လက်မခံတာက စစ်တကောင်း တောင်ပိုင်းသားဆိုတာ သမိုင်းအတိအကျရှိတယ်။ လူမျိုးတစ်ခုဆိုတာဟာ ကိုယ့်လူမျိုးနာမည်ရှိ လျက်နဲ့ နာမည်လိမ်ကို သုံးရတာလဲဆိုရင် (၁) တစ်ဖက် ဘင်္ဂလားဒေ့ရှ်မှာရှိတဲ့ ဘင်္ဂါလီ မဟုတ်တဲ့ ရိုဟင်ဂျာလူနည်းစုလို့ ကမ္ဘာကို လိမ်ချင်တာ ဖြစ်တယ်။ နောက်တစ်ချက်က တိုင်းရင်းသား ရှစ်မျိုးကလွဲလို့ နိုင်ငံခြားက ၀င်လာသူတွေဟာ တစ်ဦးချင်းစီပဲ နိုင်ငံသား လျှောက်ခွင့်ရှိတယ်။ လူမျိုးအရ နိုင်ငံသား ဖြစ်ခွင့် မရှိဘူး။ တိုင်းရင်းသားတွေကတော့ မွေးကတည်းက နိုင်ငံသား အခွင့်အရေးကိုရတယ်။ တိုင်းရင်းသားဖြစ်ချင်တာဟာ မွေးရာပါ နိုင်ငံသားအခွင့်အရေးကို လိုချင်တာ ဖြစ်တယ်။ တိုင်းရင်းသားမဟုတ်တော့ သီး ခြားပြည်နယ် တောင်းလို့မရဘူး။ ဒါကြောင့် ဒီစကားလုံးဟာ နိုင်ငံတော်ရဲ့ အချုပ်အခြာ အာဏာကို ထိပါးနေတဲ့ စကားလုံးဖြစ်တယ်။ ရိုဟင်ဂျာကိုလက်ခံလိုက်ရင် တိုက်ရိုက်ပြောင်း ပြီးသား ဖြစ်သွားမယ်။ အသိအမှတ်ပြုတာနဲ့ မြန်မာနိုင်ငံမှာ ရိုဟင်ဂျာ လေးငါးသန်း ဖြစ် သွားမယ်။ အရင်တုန်းက ဗမာမွတ်စလင်လို့ ပြောတဲ့ သူတွေကတောင် အခုရိုဟင်ဂျာတွေ ဖြစ်လာကြပြီ။ ဒါကြောင့် ကျွန်တော်တို့စိုးရိမ် စရာ အများကြီးမြင်လို့ ကန့်ကွက်တာဖြစ်ပါတယ်။ နိုင်ငံတကာစံနှုန်းလို့ပြောတိုင်း လက်ခံရမလား" ဟု ပြောကြားသည်။

သန်းလှိုင် (စစ်တွေ)Eleven Media Group

အစိုးရဝန်ထမ်းတွေ လစာထပ်တိုးရေး လွှတ်တော် ဆုံးဖြတ်မည်

မြန်မာအစိုးရက အခြေခံဝန်ထမ်းလစာတွေ တလကို ၂ သောင်းစီတိုးမြှင့်ပေးမယ့် အဆိုပြုချက်ကို အစိုးရက လွှတ်တော်ကို တင်သွင်းထားပြီ ဖြစ်ပြီး မနက်ဖြန်မှာ ဆုံးဖြတ်ချက်ကျနိုင်မယ်လို့ လွှတ်တော်ကိုယ်စားလှယ်တွေက ပြောပါတယ်။ အခုလို ဝန်ထမ်းလစာတွေ တိုးမြင့်ပေးမယ့် တချိန်တည်းမှာပဲ တခြား ဝန်ထမ်းမဟုတ်တဲ့ အပြင်အလုပ်သမားတွေရဲ့ အခြေခံလစာ တိုးမြှင့်ပေးနိုင်ဖို့အတွက်လည်း အစိုးရက ကော်မီတီဖွဲ့ ဆောင်ရွက်နေပြီ ဖြစ်ပါတယ်။ အပြည့်အစုံကိုတော့ ကိုဇော်ဝင်းလှိုင်က တင်ပြပေးထားပါတယ်။

နိုင်ငံတော် အစိုးရက ၂၀၁၄ - ၂၀၁၅ ခုနှစ် ဘဏ္ဍာနှစ်အတွင်း အခြေခံ ဝန်ထမ်းလစာတွေ တိုးမြှင့်ပေးဖို့ အစိုးရ ဘတ်ဂျက်ကော်မီတီက ရေးဆွဲထားတဲ့ အဆိုပြုချက်ကို လွှတ်တော်ကို တင်သွင်းထားတာဖြစ်ပါတယ်။ ဒီအဆိုပြုချက်အပေါ် လွှတ်တော်အမတ်အများစုက ကန့်ကွက်ဖို့ အလားအလာ မရှိတဲ့ အပြင် လွှတ်တော်မှာ လက်ရှိအာဏာရပါတီက အမတ်နေရာအများစု အနိုင်ရထားတာဖြစ်တဲ့အတွက် မနက်ဖြန် မတ်လ ၂၅ ရက်နေ့ လွှတ်တော် စည်းဝေးပွဲအတွင်း ဒီအဆိုပြုချက် အတည်ဖြစ်နိုင်ခြေများတယ်လို့ အမျိုးသားလွှတ်တော်အမတ်လည်းဖြစ်၊ ပူးပေါင်းငွေစာရင်း ကော်မီတီဝင် တစ်ဦးလည်းဖြစ်တဲ့ ဦးဖုန်းမြင့်အောင်က ပြောပါတယ်။

“ဒီဥပဒေအရဆိုလို့ရှိရင်တော့ ၂၀၁၄၊ First April ကနေပြီးတော့ တရားဝင်ဖြစ်မှာကိုး။ ဒီဟာကို မနက်ဖြန်ကျနော်တို့ အတည်ပြုပြီးလို့ရှိရင် ၂၀၁၄၊ ဧပြီလကစပြီးတော့ သူတို့ဆွဲထားတဲ့ Figure အတိုင်း သူတို့ပေးတော့မှာ။ သူတို့ဆွဲထားတဲ့အတိုင်းပါတဲ့ Detail စာရင်းပေါ့နော်၊ ဘယ်သူ ဘယ်လောက် ဘယ်လောက်ဆိုတဲ့စာရင်းအတိုင်း သူတို့ထုတ်ပေးလိုက်တော့မှာပါ။”

မေး။    ။ ဆိုတော့- တိုးပေးလိုက်တယ်ဆိုတော့ သူတို့မှာ အကြောင်းပြချက်ရော ရှိသလားဗျ။ ကျနော်ဆိုလိုချင်တာက နှစ်စဉ် ငွေကြေးဖောင်းပွမှုနှုန်းက ဒါလောက်ရှိတယ်။ ဒါကြောင့်မို့လို့ သူတို့ရဲ့လစာကို ဒီလို လိုက်ညှိပေးရမယ်ဆိုတဲ့ပုံစံမျိုးနဲ့ တိုးပေးတာလား။

ဖြေ။     ။ အဲလိုသဘောပေါ့။ ဒါကတော့ ထုတ်တော့မပြောဘူးပေါ့။ ဘာလို့လဲဆိုတော့ နိုင်ငံက ငွေကြေးဖောင်းပွမှုနှုန်းက ရှိနေတာကိုး။ အခြေခံစားကုန်တွေက တနှစ်ထက်တနှစ် တက်နေတာကိုး။ နောက်တစ်ခု ပွင့်ပွင့်လင်းလင်းပြောလို့ရှိရင်တော့ဗျာ- နောက်နှစ်ကျတော့ ရွေးကောက်ပွဲကာလဗျာ။ ဒီအစိုးရအနေနဲ့ကျတော့လည်း စည်းရုံးရေးသဘောမျိုးလည်း ရှိတာပေါ့ဗျာ။ ပါတီက အစိုးရဖွဲ့တဲ့အချိန်မှာ ဒါတွေ ဒါတွေ ရှိတယ်ဆိုတဲ့ Image ကိုလည်း လိုချင်တာကိုး။

ယေဘုယျအားဖြင့်တော့ ဝန်ထမ်းလစာတွေတိုးမြင့်ပေးလိုက်ရင် ငွေကြေးဖောင်းပွမှုနှုန်း ကြီးထွားလာလေ့ရှိတာကြောင့် လစာတိုးပေးတဲ့အပေါ် ဝမ်းသာ ဝမ်းနည်း ဖြစ်ကြရတာပါ။ ဒါပေမယ့် အခုနောက်ပိုင်း အစိုးရက နိုင်ငံပိုင် စီးပွားလုပ်ငန်းကြီးတွေရဲ့ ကုန်ကျစရိတ်သက်သာအောင် ဆောင်ရွက်ချက်တွေ ရှိလာတဲ့အတွက် ဒီတခါမှာတော့ အရင်လစာတိုးတာတွေထက် ပိုပြီး ထူးခြားမှုရှိနိုင်တယ်လို့ ဦးဖုန်းမြင့်အောင်က သုံးသပ်ပါတယ်။

“ဒီနေ့ Figure မှာတော့ capital တော်တော်များများ လျှော့လိုက်တယ်ဗျ။ နောက်တစ်ခါကျတော့ ဘာဖြစ်သလဲဆိုလို့ရှိရင် အခု ကျနော်တို့ ပြည်ထောင်စုလွှတ်တော် နာယက ဦးရွှေမန်းက ဘာပုံစံကို အစပျိုးထားလဲဆိုလို့ရှိရင် အခု နိုင်ငံပိုင် စီးပွားရေးအဖွဲ့အစည်းတွေ အတော်များများကို အရှိန်လျှော့ပစ်လိုက်ပြီ။ အရှိန်လျှော့ပစ်လိုက်တဲ့အတွက် အခု သူတို့ တော်တော်များများကို ပုဂ္ဂလိကတွေ၊ ဖက်စပ်တွေ တော်တော်များများ ပေးတယ်ပေါ့ဗျာ။ နိုင်ငံပိုင်စီးပွားရေး လုပ်ငန်းကြီးတွေမှာ ငွေကို ထင်သလိုသုံးတယ်။ အဲဒီဟာက တိုင်းပြည်ကို ပိုပြီး ဒုက္ခရောက်တာပါ။ အခု နေပြည်တော်မှာတို့ ဘာတို့ရှိတဲ့လူတွေဆိုရင် ကျနော်တို့ အရင်ခေတ်ကနဲ့မတူဘူးပေါ့နော်။ ဦးသန်းရွှေလက်ထက်မှာဆိုလို့ရှိရင် capital တွေ တအားများပြီး နေပြည်တော်ကြီးက စည်ကားပြီးတော့ ကန်ထရိုက်တွေရဲ့ ပွဲတော်ကြီး၊ မြို့တော်ကြီးဖြစ်နေတာပေါ့။ အခုကျတော့လည်း အားလုံး ဒါတွေ ရှင်းသွားပါပြီ။ နောက်ပြီး ပညာရေးနဲ့ပတ်သက်တဲ့ ဘတ်ဂျက်တွေဆိုလို့ရှိရင် တိုင်းနဲ့ပြည်နယ်တွေ ကျနော်တို့က ဖြန့်ပေးလိုက်တာပေါ့နော်။ အဲဒါတွေကတော့ တနှစ်နှစ်နှစ်အတွင်းမှာ သိသာလိမ့်မယ်။ SOE Capital တွေ လျော့တဲ့အတွက် inflation rate ကတော့ သက်သာလိမ့်မယ်။ ဝန်ထမ်းလစာတိုးပေးတာကတော့ စည်းရုံးရေးအရ တိုးပေးတာပဲ။ သို့သော်ငြားလည်း တဘက်က ပြန်ကြည့်လို့ရှိရင်တော့ နိုင်ငံပိုင် စီးပွားရေးလုပ်ငန်းတွေကို ဘရိတ်အုပ်တာတော့ ကြိုဆိုရမယ့်အချက်ပါဗျ။”

အစိုးရဝန်ထမ်းလစာတွေအပြင် တခြား အစိုးရဝန်ထမ်းမဟုတ်တဲ့ ပြင်ပ အလုပ်သမားတွေရဲ့ အခြေခံလာစာ တိုးမြှင့်ပေးရေးအတွက်လည်း တနိုင်ငံလုံးအတိုင်းအတာနဲ့ အစိုးရက ကော်မီတီဖွဲ့ပြီး အချက်အလက်တွေကို စုဆောင်းနေတယ်လို့ - အနည်းဆုံး အခကြေးငွေဆိုင်ရာ အမျိုးသားကော်မီတီအဖွဲ့ဝင် - အလုပ်သမားကိုယ်စားလှယ် ဒေါက်တာ စိုင်းခိုင်မျိုးထွန်းက ပြောပါတယ်။

“ဟုတ်ကဲ့။ ၂ ပိုင်း ပြောရမှာပေါ့နော်။ တပိုင်းက အစိုးရဝန်ထမ်းပိုင်းပေါ့။ အစိုးရဝန်ထမ်းပိုင်းကတော့ ၂ သောင်းတိုးပေးမယ်ဆိုပြီးတော့ အစိုးရပိုင်းကနေ ကြော်ငြာထားတာကိုး။ နောက်တပိုင်း Survey ကောက်နေတဲ့ဟာကျတော့ ပုဂ္ဂလိကပိုင်းက အလုပ်သမား၊ ဝန်ထမ်းတွေပေါ့။ သူတို့တွေကို တရက်လုပ်ခ လစာ၊ အခကြေးငွေဘယ်လောက် သတ်မှတ်ရင်ဖြစ်မလဲဆိုတဲ့အနေအထားကို ပြန်လိုက်ကောက်တာ။ ကောက်ပြီးလို့ရလာတော့မှ အမျိုးသားကော်မီတီ တင်ပါလိမ့်မယ်။ အဲဒီ အမျိုးသားကော်မီတီကျမှ အလုပ်သမား၊ အလုပ်ရှင်၊ အစိုးရ နောက် ပညာရှင်အားလုံး ဆွေးနွေးပြီးတော့မှ ဘယ်လောက် သတ်မှတ်သင့်သလဲဆိုတာ ပြန်သတ်မှတ်ရမှာ။ သတ်မှတ်လိုက်တာကလည်း အတည်ရယ်လို့ မဟုတ်ပါဘူး။ ထွက်လာတဲ့အချိန်မှာ အလုပ်သမားတွေကနေပြီး ပြန်ကန့်ကွက်ခွင့်ရှိတယ်။ အဲဒီဟာကို။”

ဒီကော်မီတီကိုတော့ အလုပ်သမားဝန်ကြီး ဦးအေးမြင့်က ဦးဆောင်နေတာဖြစ်ပြီး လာမယ့် ဇူလိုင်နဲ့ သြဂုတ်လတွေလောက်မှာ စစ်တမ်းကောက်ယူမှုတွေ ပြီးစီးမယ်လို့ ခန့်မှန်းထားပါတယ်။

သမ္မတ ဦးသိန်းစိန်အစိုးရတက်လာပြီးနောက်ပိုင်း အခြေခံ ဝန်ထမ်းလစာတွေကို ဒေသတွင်း အာဆီယံနိုင်ငံတွေနဲ့ တပြေးညီဖြစ်အောင် လုပ်ဆောင်ပေးသွားမယ်ဆိုတဲ့ ပြောဆိုမှုတွေ ထွက်ပေါ်ခဲ့ပါတယ်။ စစ်အစိုးရ အုပ်ချုပ်ခဲ့တဲ့ ၁၉၈၈ ခုနှစ်နဲ့ ၂၀၁၀ ခုနှစ်တွေအကြား ဝန်ထမ်းလစာ ၅ ကြိမ် တိုးမြှင့်ပေးခဲ့တာမှာ နောက်ဆုံးအကြိမ်အဖြစ် ၂၀၁၀ ခုနှစ် ဇန်နဝါရီလက တိုးမြှင့်ပေးခဲ့တာ ဖြစ်ပါတယ်။ 
ကိုဇော်ဝင်းလှိုင်(VOA)

မောင်တော၊ ဘူးသီးတောင် ခွဲထွက်ရေးဆောင်းပါး မြန်မာအစိုးရကန့်ကွက်

ရခိုင်ပြည်နယ် စစ်တွေနဲ့ မောင်တောနယ်တွေမှာ ပြည်သူ့ဆန္ဒကောက်ခံပြီး ဘင်္ဂလားဒေ့ရှ်နဲ့ ပူးပေါင်းရေး အကြံပြုရေးသားထားတဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံထုတ် Dhaka Tribune သတင်းစာပါ ဆောင်းပါးနဲ့ ပတ်သက်ပြီး မြန်မာအစိုးရအနေနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံနဲ့ သံတမန်နည်းအရ တုံ့ပြန်သွားမယ်လို့ သမ္မတပြောခွင့်ရှိသူက ပြောပါတယ်။
စစ်တွေနဲ့မောင်တောနယ်တွေကို ရခိုင်ပြည်နယ်က ခွဲထုတ်ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ စစ်တကောင်းပြည်နယ်နဲ့ ပူးပေါင်းရေး ပြည်သူ့ဆန္ဒခံယူခြင်းအားဖြင့် ရိုဟင်ဂျာပြဿနာကို ဖြေရှင်းလို့ ရနိုင်တယ်ဆိုတဲ့ သုံးသပ်ချက်ကို ပြည်တွင်း နိုင်ငံရေးအင်အားစုတွေကလည်း ရှုတ်ချကြောင်းကိုလည်း ဗွီအိုအေကို ပြောပါတယ်။ အပြည့်အစုံကိုတော့ ဆက်သွယ်မေးမြန်းထားတဲ့ ဗွီအိုအေ မြန်မာပိုင်းသတင်းထောက် ကိုအောင်ရဲမောင်မောင်က တင်ပြပေးထားပါတယ်။

မတ်လ ၂၀ ရက်နေ့ နေ့စွဲနဲ့ Dhaka Tribune သတင်းစာ အင်တာနက်ဆောင်းပါးမှာ ဆောင်းပါးရှင် Zeeshan Khan က ယူကရိန်းနိုင်ငံက ခရိုင်းမီးယားဒေသကို Russia နဲ့ ပူးပေါင်းလိုက်သလို ရခိုင်ပြည်နယ်အတွင်းက စစ်တွေနဲ့မောင်တောနယ်တွေကို ရခိုင်ပြည်နယ်က ခွဲထုတ်ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ စစ်တကောင်းပြည်နယ်နဲ့ ပူးပေါင်းဖို့ဆိုတဲ့ ရေးသားချက်နဲ့ ပတ်သက်ပြီး မြန်မာအစိုးရ နိုင်ငံခြားရေးဝန်ကြီးဌာနက ဘင်္ဂလားဒေ့ရှ်အစိုးရနဲ့ ဆက်သွယ် ပြောဆိုနေတဲ့အကြောင်း သမ္မတပြောခွင့်ရှိသူ ဦးရဲထွဋ်က ပြောပါတယ်။
ဒီကိစ္စကိုဖြေရှင်းဖို့ နည်းလမ်း ၂ ခု အသုံးပြုမှာဖြစ်ပြီး  မြန်မာနိုင်ငံဆိုင်ရာ ဘင်္ဂလားဒေ့ရှ် သံအမတ်ကြီးကို ဆင့်ခေါ်တွေ့ဆုံဖို့နဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံအမတ်ကြီးကလည်း ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးဌာနကို ခေါ်ယူကန့်ကွက်မယ်လို့ ဦးရဲထွဋ်က ပြောပါတယ်။

“၂ မျိုးပေါင်းမှာလေ၊ ဒီမှာရှိတဲ့ သံအမတ်ကြီးကို ကျနော်တို့က ခေါ်ပြောမယ်၊ ဟိုမှာရှိတဲ့သံအမတ်ကလည်း ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီးကို ခေါ်ပြောမယ်၊ အဲဒီသဘောပါ။ ”
နိုင်ငံခြားရေးဝန်ကြီးဌာနအနေနဲ့လည်း ဒီကိစ္စအပေါ်မှာ သီးသန့်ထုတ်ပြန်ချက် ထုတ်ပြီး ကန့်ကွက်ဖို့ရှိတယ်လို့လည်း ဦးရဲထွဋ်က ပြောပါတယ်။ မတ်လ ၂၄ ရက်နေ့ ညနေပိုင်းအထိ ဒီကိစ္စနဲ့ ပတ်သက်ပြီး တစ်စုံတစ်ရာ ပြောဆိုမှုတွေ လုပ်တာမျိုးတော့ မြန်မာအစိုးရဘက်က ဆောင်ရွက်တာ မတွေ့ရသေးပါဘူး။
ဆောင်းပါးရှင် Zeeshan Khan ရေးသားတဲ့  A Referrendem In Rakhaine State ဆိုတဲ့ ဆောင်းပါးဟာ မကြာသေးခင် လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခတွေဖြစ်ခဲ့တဲ့ မြန်မာနိုင်ငံအတွက် စိုးရိမ်စရာ အနေအထားရှိပြီးတော့ အခုလို ရေးသားမှုအပေါ်မှာ လက်ခံနိုင်စရာ အကြောင်းမရှိ ရှုတ်ချတယ်လို့ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်း လူမှုအဖွဲ့အစည်းက ခေါင်းဆောင်တစ်ဦးလည်းဖြစ်၊ အစ္စလာမ်ဘာသာဝင်တစ်ဦးလည်းဖြစ်တဲ့ ကိုမြအေးက ပြောပါတယ်။
“Dhaka Tribune က ထုတ်တယ်ဗျာ။ အဲဒီသတင်းစာထဲမှာ ဆောင်းပါးပါတာ။ ကျနော်တို့ မြန်မာနိုင်ငံရဲ့ အချုပ်အခြာအာဏာကို ထိပါးတယ်လို့ ကျနော် မြင်တယ်ဗျာ။ ဆောင်းပါးရှင်ရေးထားတဲ့ အာဘော်တွေက- ယူကရိန်း၊ ခရိုင်းမီးယားနဲ့ယှဉ်ပြီး ပြောထားတဲ့ဟာ ကျနော်တို့ လက်ခံနိုင်စရာမရှိဘူးဗျ။ ကျနော်တို့နိုင်ငံမှာ ဒီမိုကရေစီအသွင်ကူးပြောင်းရေးကာလအတွင်းမှာ ကျနော်တို့မှာ ဖြေရှင်းလို့ မပြီးသေးတဲ့ လူမျိုးရေးပြဿနာတွေ၊ ဘာသာရေး ပြဿနာတွေ၊ ဘာသာရေးဆန်ဆန်ပြဿနာတွေကနေ ညီညွတ်မှုကို အတော်လေး ကြိုးစားပမ်းစားတည်ဆောက်နေရတဲ့အချိန် ဖြစ်တယ်ဗျာ။ တဘက်ကလည်း တိုင်းရင်းသားအားလုံး တန်းတူညီမျှ အခွင့်အရေးရဖို့၊ ဒီမိုကရက်တစ်ပြည်ထောင်စုကိုသွားဖို့ ကျနော်တို့ ကြိုးစားနေရတဲ့ အချိန်အခါမျိုးဖြစ်တယ်ဗျ။ အဲဒီအခါမျိုးမှာ ကျနော်တို့နိုင်ငံရဲ့ တည်ငြိမ်မှု၊ ကျနော်တို့နိုင်ငံရဲ့ အချုပ်အခြာ အာဏာပိုင်စိုးမှုကို ထိပါးမယ့်ကိစ္စမျိုးတွေကို ကျနော်တို့ ပြည်သူအချင်းချင်းကြားထဲမှာ၊ လူမျိုးပေါင်းစုံ၊ ဘာသာပေါင်းစုံအချင်းချင်းကြားထဲမှာ သွေးခွဲစေမယ့်လုပ်ရပ်မျိုးကိုလုပ်တဲ့ ဘယ်အဖွဲ့အစည်းဖြစ်ဖြစ်၊ ဘယ်နိုင်ငံဖြစ်ဖြစ်၊ ဘယ်ဘာသာဝင်ပဲဖြစ်ဖြစ်၊ ဘယ်သတင်းစာပဲဖြစ်ဖြစ် ကျနော်ကတော့ လက်ခံနိုင်တဲ့အခြေအနေမှာ မရှိဘူးဗျ။ အဲဒါကြောင့်မို့လို့ ကျနော့်သဘောထားကတော့ အဲဒီသတင်းစာရော၊ အဲဒီဆောင်းပါးရေးတဲ့ ဆောင်းပါးရှင်ကိုရော၊ သတင်းစာပါ ဆောင်းပါးထဲက အကြောင်းအရာတွေကိုရော ကျနော်ကတော့ ပြင်းပြင်းထန်ထန် ကန့်ကွက်တယ်၊ ရှုတ်ချတယ်။ ဒါကတော့ ကျနော့်ရဲ့သဘောထားပဲဗျ။”
ပြည်ထောင်စုပြိုကွဲရေးအထိ ဖြစ်စေနိုင်တဲ့ Dhaka Tribune သတင်းစာရဲ့ အရေးအသားဟာ မြန်မာနိုင်ငံရဲ့ အချုပ်အခြာအာဏာကိုပါ ထိပါးတဲ့ အနေအထားထိ ဖြစ်စေတာကြောင့်  ရေးသားခဲ့တဲ့ဆောင်းပါးအပေါ်မှာ ကန်ကွက်ရှုတ်ချတယ်လို့ အမျိုးသားဒီမိုကရေစီ အင်အားစုပါတီ ဥက္ကဋ္ဌ ဦးခင်မောင်ဆွေက ပြောပါတယ်။

“အားလုံးဟာ ကိုယ့်ရေ၊ ကိုယ့်မြေအပေါ်မှာ အင်မတန်တွယ်တာတဲ့သူတွေပါ။ ဒါကတော့ လုပ်မယ်ဆိုရင်တော့လည်း ကာကွယ်ဖို့အဆင်သင့်၊ တပ်လှန့်နေစရာ မလိုပါဘူး။ ဒါပေမယ့် ဒါမျိုး ရေးတာသားတာကတော့ စစ်မက်ကိုတိုက်ခိုက်ဖို့ဆိုတာ ရေးတဲ့လူက မဆင်မခြင်ရေးတာမျိုးဖြစ်လို့ ရှုတ်ချသင့်ပါတယ်။ ၂၁ ရာစုခေတ်ထဲမှာ နယ်ချဲ့ပြီး ကျူးကျော်တိုက်ခိုက်တာမျိုးကို လက်မခံပါဘူး။ ခရိုင်းမီးယားမှာ ဘာပဲဖြစ်ဖြစ်ပေါ့။ ကျနော်တို့မြန်မာနိုင်ငံမှာ ဒါမျိုးလုပ်လို့ရှိရင်တော့ ကျနော်တို့က လုံးဝလက်ခံမှာလည်း မဟုတ်ပါဘူး။”

မြန်မာနိုင်ငံ သတင်းစား ဆရာများ အသင်း (MJA) ကလည်း အခုလို Dhaka Tribune သတင်းစာရဲ့ရေးသားချက် နဲ့ ပတ်သက်ပြီး ကန့်ကွက်ရှုတ်ချတဲ့ သဘောထား ကြေငြာချက် တစ်စောင်ထုတ်ခဲ့သလို၊ ပြည်တွင်း စာနယ်ဇင်း အသိုင်းအ၀ိုင်းကလည်း အခု ကိစ္စ အပေါ်မှာ ကန့်ကွက်မှု တွေ ရှိနေတာပါ ခင်ဗျား။ 
အောင်ရဲမောင်မောင်(VOA)

ခရိုင်မီးယားက ယူကရိန်းတပ်တွေ ဆုတ်ခွာခိုင်းပြီ

Donuzlav ပင်လယ်အော်မှာရှိတဲ့ Konstantin Olshansky ရေတပ်သင်္ဘောကနေ ထွက်ခွာနေကြတဲ့ ယူကရိန်းတပ်ဖွဲ့ဝင်များ။ (မတ်လ ၂၄၊ ၂၀၁၄)  
Donuzlav ပင်လယ်အော်မှာရှိတဲ့ Konstantin Olshansky ရေတပ်သင်္ဘောကနေ ထွက်ခွာနေကြတဲ့ ယူကရိန်းတပ်ဖွဲ့ဝင်များ။ (မတ်လ ၂၄၊ ၂၀၁၄)
ယူကရိန်းနိုင်ငံ၊ ခရိုင်မီးယားဒေသက စစ်စခန်းသုံးခုကို လွန်ခဲ့တဲ့သုံးရက်အတွင်း ရုရှားတပ်တွေက သိမ်းလိုက်ပြီးတဲ့နောက် တပ်ဖွဲ့ တွေအကုန်လုံး ဆုတ်ခွာဖို့ ယူကရိန်း ယာယီအစိုးရက အမိန့်ထုတ်လိုက်ပါတယ်။

ခရိုင်မီးယားကို ရုရှားပိုက်နက်ထဲ ထည့်သွင်းလိုက်ပြီးတဲ့နောက် တပ်ဖွဲ့တွေကို ရုပ်သိမ်းတာဖြစ်တယ်လို့ ယူကရိန်းအစိုးရက တနင်္လာနေ့မှာပြောပါတယ်။ ပင်လယ်နက်ကျွန်းဆွယ်ကနေ ယူကရိန်းတပ်ဖွဲ့တွေထွက်ခွာဖို့ ကာကွယ်ရေးဝန်ကြီးချုပ်ဌာနကို ညွှန်ကြားထားတယ်လို့ ယူကရိန်းယာယီသမ္မတ Oleksandr Turchynov က ပြောပါတယ်။ ယူကရိန်းတပ်ဖွဲ့ဝင်တွေနဲ့ သူတို့ရဲ့ မိသားစုတွေရဲ့ အသက်အန္တရာယ်ကို ရုရှားတပ်တွေက ခြိမ်းခြောက်တဲ့အတွက် အခုလိုလုပ်ဆောင်တာလို့ သူကဆိုပါတယ်။

တပ်ဖွဲ့တွေဆုတ်ခွာမယ့်ကိစ္စ ယူကရိန်းက တနင်္လာနေ့မှာ ကြေညာခဲ့တာနဲ့အမျှ ရုရှားကာကွယ်ရေးဝန်ကြီး Sergei Shoigu ဟာ Sevastopol က ရုရှား စစ်ဌာနချုပ်ဆီ သွားရောက်ခဲ့ပါတယ်။ အဲဒီမှာ တပ်ဖွဲ့တွေကို စစ်ဆေးပြီး ယူကရိန်းရေတပ်အကြီးအကဲဟောင်း ဗိုလ်ချုပ်ကြီး Denis Berezovsky နဲ့ တွေ့ဆုံခဲ့ပါတယ်။ အဲဒီရေတပ်ဗိုလ်ချုပ်ကြီးဟာ ယူကရိန်းဘက်ကနေ ရုရှားဘက် ကူးပြောင်းခဲ့သူဖြစ်ပြီး ပင်လယ်နက် ရေတပ်ဖွဲ့ရဲ့ ဒုတိယတပ်မှူး ဖြစ်လာသူပါ။ ယူကရိန်းတာဝန်ရှိသူတွေကတော့ သူ့ကို နိုင်ငံတော် သစ္စာဖောက်ဖျက်မှုနဲ့ စွဲဆိုထားပါတယ်။

ယူကရိန်းတပ်ဖွဲ့ဝင် ဘယ်နှစ်ဦးဟာ အဲဒီကနေ မထွက်ခွာဘဲ ရုရှားတပ်ဖွဲ့တွေနဲ့ ပူးပေါင်းသွားဖွယ်ရှိသလဲဆိုတာကတော့ ရှင်းရှင်းလင်းလင်း မသိရပါဘူး။ 
ဗွီအိုအေ (မြန်မာဌာန)

Sunday, March 23, 2014

ပျောက်ဆုံး မလေးရှားလေယာဉ် ရှာဖွေရေး တရုတ်ရေယာဉ်တွေ လက်မလျှော့ သေး

 
မလေးရှားလေယာဉ် MH370 ပျောက်ဆုံးနေတာ ၁၆ ရက် မြောက်နေ့ကို ရောက်လာပေမယ့် တရုတ်ရှာဖွေရေး ရေယာဉ်တွေကတော့ လက်မလျှော့သေးဘဲ နောက်ဆုံးရထားတဲ့ သဲလွန်စကို သဲကြီးမဲကြီး ရှာဖွေနေပါတယ်။

မလေးရှားနိုင်ငံ ကွာလာလမ်ပူကနေ တရုတ်နိုင်ငံ ဘေဂျင်ဆီကို ဦးတည်တဲ့ လေယာဉ်ဟာ မတ်လ ၈ ရက်နေ့ကတည်းက လမ်းဝက်ကနေ ပျောက်ဆုံးနေခဲ့တာပါ။ လေယာဉ်ပေါ်မှာ ခရီးသည် ၂၂၇ ယောက်၊ လေယာဉ်ဝန်ထမ်း ၁၂ ယောက်ပါဝင်ပြီး၊ ခရီးသည်တွေထဲက ၁၅၄ ယောက်ကတော့ တရုတ်လူမျိုးတွေ ဖြစ်ပါတယ်။

မတ်လ ၂၃ ရက်နေ့မှာ တရုတ်ရှာဖွေရေး ရေယာဉ် လေးစင်းဟာ နိဂိုအစီအစဉ်အတိုင်းပဲ အင်ဒိုနီးရှား အနောက်ပိုင်းက ရေပြင်မှာ ဆက်လက်ရှာဖွေနေပါတယ်။ ဒီနေရာမှာ လေယာဉ်နဲ့ ပတ်သက်တဲ့ သဲလွန်စကို မတွေ့ရရင်တော့ အိန္ဒိယသမုဒ္ဒရာ တောင်ပိုင်းကို ဆက်လက် ဦးတည်သွားဖို့ရှိပါတယ်။

အိန္ဒိယသမုဒ္ဒရာထဲက အဲဒီ ရေပြင်ဟာ မတ်လ ၂၀ ရက်နေ့တုန်းက ဂြိုလ်တုကနေ လေယာဉ်ရဲ့အစိတ်အပိုင်းတခုလို့ ယူဆရတဲ့ အရာဝထ္ထုတခုကို ဓာတ်ပုံ ရိုက်ကူးမိခဲ့တဲ့ နေရာဖြစ်ပါတယ်။ တရုတ်ရေတပ်သင်္ဘော ၃ စင်းနဲ့ ရေခဲခွဲ သင်္ဘောတစင်းဟာလည်း အိန္ဒိယသမုဒ္ဒရာ တောင်ပိုင်းကို အရှိန်နဲ့ ခရီးနှင်နေပြီး မတ်လ ၂၅ ရက်နေ့ကျရင် အဲဒီနေရာကို ရောက်သွားဖို့ ရှိပါတယ်။

လာလောဆယ် ရှာဖွေရေးရေယာဉ်တွေဟာ တရုတ်ဂြိုလ်တုကနေ မတ်လ ၁၈ ရက်နေ့က ရိုက်ကူးခဲ့မိထားတဲ့ အလျား ၂၂ မီတာ အနံ ၁၃ မီတာ ရှိတဲ့ အရာဝထ္ထုကို အာရုံစိုက် ရှာဖွေနေပါတယ်။

ကျွမ်းကျင်သူတွေက ဂြိုလ်တုဓာတ်ပုံက ဖော်ညွန်းတဲ့ အရာဝတ္ထုရဲ့ အရွယ်နဲ့ ပုံစံ အနေအထားဟာ ပျောက်ဆုံးနေတဲ့ ဘိုရင်း ၇၇၇ ရဲ့ တောင်ပံ အစိတ်အပိုင်း ဖြစ်နိုင်တယ်လို့ ယုံကြည်နေကြပါတယ်။

By ဒီဗွီဘီ

ထိုင်း မြန်မာ လာအို သုံးနိုင်ငံ စုပေါင်း၍ သံဃာတော် အပါး ၁၀၀၀၀အား စည်ကားသိုက်မြိုက်စွာဖြင့် ဆွမ်းလောင်းပွဲ ကျင်းပ

ဓာတ်ပုံ-တာချီလိတ် Online new

 သာသနာတော်ပြန့်ပွားရေးနှင့် ဗုဒ္ဓမြတ်စွာဘုရားအား ပူဇော်ခြင်းအဖြစ် ရွှေတြိဂံနယ်မြေဖြစ်သည့် ထိုင်းနိုင်ငံ၊ မြန်မာနိုင်ငံ နှင့် လာအိုနိုင်ငံတို့မှ သံဃာတော် အရှင်သူမြတ် အပါး (၁၀,၀၀၀)အား တာချီလိတ်မြို့၏ တစ်ဖက်ဖြစ်သော ထိုင်းနိုင်ငံ မယ်ဆိုင်မြို့မှာ စုပေါင်းဆွမ်းလောင်းပွဲအဖြစ် ယနေ့ ၂၀၁၄ခုနှစ် မတ်လ(၂၂)ရက်၊ နံနက်(၆)နာရီအချိန်မှ စ၍ နံနက် (၈)နာရီကျော်အထိ စုပေါင်းလောင်းလှူကြရာ မြန်မာနိုင်ငံ တာချီလိတ်ဘက်မှ သံဃာတော်၊ ကိုရင် နှင့် သီလရှင် စုစုပေါင်း အပါး(၁၂၀၀)ခန့် ကြွရောက်ခဲ့ကြသည်။
အဆိုပါ ဆွမ်းလောင်းပွဲသို့ မြန်မာနိုင်ငံဘက်မှ နဂါးနှစ်ကောင်ကျောင်းတိုက် အဘိဓဇ အဂ္ဂမဟာသဒ္ဓမ္မဇောတိက အဂ္ဂမဟာပဏ္ဍိတ Honorary Ph.D. နဂါးနှစ်ကောင်ဆရာတော် ဘုရားကြီး "ဘဒ္ဒန္တဓမ္မသီရိ" အမှူးပြု၍ သံဃာတော်၊ ကိုရင် နှင့် သီလရှင် စုစုပေါင်း အပါး (၁၂၀၀)ကျော် ကြွရောက်ခဲ့ကြပြီး လောနိုင်ငံ၊ ထိုင်းနိုင်ငံတို့မှ သံဃာတော်များအပါအ၀င် စုစုပေါင်း တစ်သောင်းဝန်းကျင် ကြွရောက်၍ အလှူခံတော်မူခဲ့ကြသည်။
ထိုင်းနိုင်ငံဘက်မှာ ချင်းရိုင်းခရိုင် အုပ်ချုပ်ရေးမှူး နိုင်းချာ့ချိုင်း ဆ၀မ်ဖုမ်း နှင့် ဒေသအုပ်ချုပ်ရေး ဆိုင်ရာများ နှင့် မြန်မာနိုင်ငံဘက်မှာ အလှူရှင်များလည်း တက်ရောက်၍ စုပေါင်း ဆွမ်းလောင်းလှူခဲ့ကြသည်။
တာချီလိတ် မှကူးယူပါသည် ။
ကောင်းထက်

မလေးရှားနိုင်ငံ မြန်မာသံရုံးမှ မြန်မာအလုပ်သမားများအား အသိပေး

 
ကွာလာလမ်ပူ မတ် ၂၂

မလေးရှားနိုင်ငံ မြန်မာသံရုံးမှ မလေးရှားကုမ္ပဏီတစ်ခုနှင့် စပ်လျဉ်း၍ မြန်မာအလုပ်သမားများအား အသိပေး ကြေညာထားကြောင်း မလေးရှားရောက် မြန်မာများ၏ ဆက်သွယ်ပြောချက်အရ သိရသည်။

အဆိုပါ မလေးရှားနိုင်ငံ မြန်မာသံရုံးမှ မြန်မာအလုပ်သမားများအား အသိပေးကြေညာထားချက်အရ မလေးရှားနိုင်ငံ၌ လာရောက်အလုပ် လုပ်ကိုင်နေထိုင်လျက်ရှိကြသည့် မြန်မာနိုင်ငံသား တရားမဝင် အလုပ် သမားများအား တရားဝင်ဖြစ်စေရန် ဆောင်ရွက်ပေးမည့် လက်ဗွေနှိပ်၍ မှတ်ပုံတင်ခြင်းအစီအစဉ် Cooperation in Registration, Legalization and Deportation of Undocumented Myanmar Workers in Malaysia) ကို ဆောင်ရွက်ရန် နှစ်နိုင်ငံအစိုးရမှ ညှိနှိုင်းဆောင်ရွက်လျက်ရှိနေကြောင်း၊ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ရန်
 ညှိနှိုင်းဆဲ ကာလဖြစ်သည့်အတွက် ယခင်က မလေးရှားကုမ္ပဏီဖြစ်သော Seroja Anggerik Company ကို ဆောင်ရွက်ပေးနိုင်ပါရန် တာဝန်ပေးထားမှုကို ဖေဖော်ဝါရီ ၂၅ ရက်ကပင် တရားဝင်ရပ်ဆိုင်းထားခဲ့ပြီး ဖြစ် ကြောင်းနှင့် ယင်းသို့ ရပ်ဆိုင်းထားပြီးဖြစ်ကြောင်းကိုလည်း မလေးရှားနိုင်ငံ ပြည်ထဲရေးဝန်ကြီးဌာနသို့လည်း တရားဝင်အကြောင်းကြားထားပြီး ဖြစ်ပါကြောင်း၊ ထို့အတွက်ကြောင့် Seroja Anggerik Company မှ OSC အမည်ဖြင့် One Stop Service ဖွင့်လှစ်ကာ မြန်မာ နိုင်ငံသားများကိစ္စနှင့်ပတ်သက်၍ ဆောင်ရွက်နေခြင်းမှာ မြန်မာသံရုံး နှင့်ပတ်သက်ခြင်း မရှိပါကြောင်း အသိပေးကြေညာထားကြောင်း သိရသည်။

MOI Webportal Myanmar

ခရိုင်းမီးယားက ယူကရိန်းရဲ့ နောက်ဆုံး စစ်အခြေစိုက်စခန်း ရုရှားသိမ်းပိုက်

Belbek လေတပ်အခြေစိုက်စခန်းကို သိမ်းပိုက်ဖို့ ချီတက်လာကြတဲ့ ရုရှားစစ်သားတွေနဲ့ ရုရှားလိုလားသူများ။ (မတ် ၂၂၊ ၂၀၁၄)

ခရိုင်းမီးယား ဒေသက နောက်ဆုံး ကျန်နေသေးတဲ့ အဓိက ယူကရိန်း စစ်စခန်းကို ရုရှားတပ်တွေက သိမ်းလိုက်ပါပြီ။  ရုရှားတပ်ဖွဲ့တွေဟာ သေနတ်တွေ ပစ်ဖောက်ပြီး သံချပ်ကာကားတွေနဲ့ Belbek လေတပ်အခြေစိုက်စခန်းရဲ့ ဂိတ်တွေကို စနေနေ့ က ချိုးဖျက် ဝင်ရောက်ခဲ့ကြတာပါ။

ယူကရိန်းတပ်ဖွဲ့တွေက မခုခံခဲ့ပါဘူး။ သူတို့လက်နက်တွေကို လက်နက်တိုက်ထဲ မထည့်ခင်မှာ ယူကရိန်းစစ်သားတွေက သူတို့ နိုင်ငံတော်သီချင်းကို သီဆိုခဲ့ကြပါတယ်။ ယူကရိန်းစစ်သားတစ်ဦးထက်မနည်း ဒဏ်ရာရခဲ့ပါတယ်။

စစ်စခန်းသိမ်းတာကို သတင်းယူတဲ့ သတင်းထောက်နဲ့ ကင်မရာသမားတချို့ကို ရုရှားစစ်သားတွေက ကြမ်းကြမ်းတမ်းတမ်း ပြုမူဆက်ဆံပြီး ပစ္စည်းကိရိယာတွေကို သိမ်းယူခဲ့ပါတယ်။

Belbek လေတပ်စခန်းဟာ ခရိုင်းမီးယားကို ရုရှားက သိမ်းလိုက်တာမှာ နောက်ဆုံးကျန်နေသေးတဲ့ အဓိက စစ်စခန်းဖြစ်ပါတယ်။

စနေနေ့တရက်ထဲမှာပဲ ရုရှားလိုလားသူတွေက Novofedorovka မှာရှိတဲ့ ယူကရိန်းရေတပ်စခန်းထဲ အတင်းဝင်ရောက်ဖို့ ကြိုးစားခဲ့ကြပါသေးတယ်။ ယူကရိန်းတွေဘက်က မီးခိုးဗုံးတွေသုံးပြီး တုံ့ပြန်ခဲ့ပါတယ်။ အခုထိတော့ လူအုပ်က စခန်းကို သိမ်းလိုက်သလားဆိုတာ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။

ဗွီအိုအေ (မြန်မာဌာန)

အာဆီယံနိုင်ငံများအတွင်း မြန်မာနိုင်ငံသည် ပညာရေးအသုံးစရိတ် အနိမ့်ဆုံးနှင့် ကျန်းမာရေးအသုံးစရိတ် တတိယအနိမ့်ဆုံးနိုင်ငံဖြစ်


(သံတွဲမြို့နယ်ရှိ အခြေခံပညာ မူလတန်းကျောင်းတစ်ကျောင်းအား တွေ့ရစဉ်) အာဆီယံနိုင်ငံများအတွင်း မြန်မာနိုင်ငံသည် ပညာရေးအသုံးစရိတ် အနိမ့်ဆုံးနှင့် ကျန်းမာရေးအသုံးစရိတ် တတိယအနိမ့်ဆုံး နိုင်ငံဖြစ်ကြောင်း Action Aid Myanmar ၏ စစ်တမ်းတွင် ဖော်ပြထားသည်။

၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်၏ အသုံးစရိတ်ကို လေ့လာကြည့်ပါက ပညာရေးဝန်ကြီးဌာန အသုံးစရိတ်သည် ၀န်ကြီးဌာနအားလုံး၏ အသုံးစရိတ်တွင် ၁၁ ဒသမ ၈ ရာခိုင်နှုန်းနှင့် ကျန်းမာရေးဌာန၏ အသုံးစရိတ်သည် ၆ ဒသမ ၅ရာခိုင်နှုန်းသာ ရှိကြောင်း သိရသည်။

“မြန်မာနိုင်ငံမှာ ပညာရေးနဲ့ ကျန်းမာရေးကဏ္ဍမှာ အစိုးရအသုံးစရိတ် နည်းနေပါတယ်။ ကျွန်တော်တို့ ကောက်ယူတဲ့ စစ်တမ်းအရဆိုရင်တော့ ပညာရေးနဲ့ ကျန်းမာရေးကဏ္ဍတွေမှာ အသုံးစရိတ် ပိုသုံးတာကို ပြည်သူတွေက ကြိုက်ကြပါတယ်။ ရရှိတဲ့စစ်တမ်းအရ ဆိုရင်တော့ ၇၄ ဒသမ ၅ ရာခိုင်နှုန်းက ပညာရေးအတွက် ဘတ်ဂျက်ပိုမို သုံးစွဲဖို့ မဲပေးတဲ့ သူတွေပါ။ ကျန်းမာရေးကဏ္ဍကို ပိုသုံးစွဲဖို့ မဲပေးတဲ့သူကတော့ ၆၂ ရာခိုင်နှုန်း ရှိပါတယ်။ ပြီးတော့ ငြိမ်းချမ်းရေးနဲ့ တိုင်းရင်းသားဒေသတွေ ဖွံ့ဖြိုးရေးအတွက် ဆန္ဒပြုတဲ့မဲက ၂၄ ဒသမ ၄ ရာခိုင်နှုန်း ရှိပါတယ်”ဟု Action Aid Myanmar မှ Development Economist ဖြစ်သူ Bart Robertson က ပြောကြားသည်။

အဆိုပါ စစ်တမ်းမှာ ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်အတွက် ဘတ်ဂျက်တစ်ခုအား လျာထားရာတွင် လူထုဆန္ဒမဲ ကောက်ယူထားသော စစ်တမ်းဖြစ်ကြောင်း သိရသည်။ ယင်းကဲ့သို့ ပညာရေးနှင့် ကျန်းမာရေးကဏ္ဍတွင် အစိုးရအသုံးစရိတ်တွင် အားနည်းနေသော်လည်း ကာကွယ်ရေးကဏ္ဍတွင် အသုံးစရိတ်မြှင့်တက်နေကြောင်းနှင့် ၂၀၁၃ -၂၀၁၄ ဘဏ္ဍာနှစ်တွင် ကာကွယ်ရေးအတွက် အသုံးစရိတ် ၀န်ကြီးဌာန စုစုပေါင်းအသုံးစရိတ်၏ ၂၉ ဒသမ ၁ ရာခိုင်နှုန်း ရှိကြောင်း ဖော်ပြထားသည်။

သို့သော်လည်း ယခုနှစ်ပိုင်းအတွင်း အစိုးရအနေဖြင့် ပညာရေးနှင့် ကျန်းမာရေးအား ယခင်နှစ်များထက် ပိုမိုသုံးစွဲလာကြောင်း လွန်ခဲ့သည့် သုံးနှစ်ကာလ ၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ်နှင့် နှိုင်းယှဉ်ပါက ၂၀၁၁ ခုနှစ်တွင် ပညာရေးအသုံးစရိတ်သည် ၅ ဒသမ ၂ ရာခိုင်နှုန်းသာ ရှိခဲ့ရာမှ ၂၀၁၃-၂၀၁၄ ခု နှစ်တွင် ၇ ဒသမ ၅ ရာခိုင်နှုန်းအထိ တိုးတက်လာကြောင်း သိရသည်။

အလားတူ ၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ်တွင် ကျန်းမာရေးအတွက် အသုံးစရိတ် ၁ ဒသမ ၃ ရာခိုင်နှုန်းသာ ရှိခဲ့ရာမှ ၂၀၁၃-၂၀၁၄ ဘဏ္ဍာ နှစ်တွင် ၃ ဒသမ ၈ ရာခိုင်နှုန်းအထိ တိုးတက်လာခဲ့ကြောင်း ထုတ်ပြန်ထားသည်။

အလားတူ ကာကွယ်ရေးဝန်ကြီးဌာနအနေဖြင့် အသုံးစရိတ် အနည်းငယ်ကျဆင်းသွားပြီး ၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ်တွင် ၁၉ ဒသမ ၂ ရာခိုင်နှုန်း ရှိခဲ့ရာမှ ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်တွင် ၁၇ ဒသမ ၂ ရာခိုင်နှုန်းသို့ ကျဆင်းသွားကြောင်း သို့သော်လည်း ယင်းပမာဏမှာ ၂၀၀၉-၂၀၁၀ ဘဏ္ဍာနှစ် အသုံးစရိတ် ၁၃ ဒသမ ၂ရာခိုင်နှုန်း၏ အထက်တွင် ရှိနေသေးကြောင်း သိရသည်။

Eleven Media Group

မြစ်ဆုံဆည်စီမံကိန်း အပြီးရပ်ဆိုင်းရေး လှုပ်ရှားမှုအဖြစ် မြစ်ဆုံအထိ လမ်းလျှောက်ဆန္ဒထုတ်ဖော်မှုကို ယနေ့ စတင်မည်



မြစ်ဆုံဆည် စီမံကိန်း အပြီးရပ်ဆိုင်းရေး လှုပ်ရှားမှုအဖြစ် မြစ်ဆုံအထိ လမ်းလျှောက်ဆန္ဒထုတ်ဖော်မှုကို လူအင်အား ၁၀၀ ကျော် ဖြင့် မတ် ၂၃ရက် နံနက်ပိုင်းတွင် ရန်ကုန်မြို့မှ စတင်မည်ဟု မြစ်ဆုံဆည်စီမံကိန်း အပြီးရပ်ဆိုင်းရေး လှုပ်ရှားဆောင်ရွက်နေသူ နိုင်ငံရေးအကျဉ်းသားဟောင်းများ အင်အားစု ဗဟိုကော်မတီဝင် ဦးရဲထွဋ်ခေါင်က ဆိုသည်။

“မတ် ၂၃ ရက် နံနက်မှာ ရွှေတိဂုံအရှေ့ဘက်မုခ်ကနေ စတင်ထွက်ခွာမယ်။ လမ်းလျှောက်မယ့် လူစာရင်းက ၁၀၀ ကျော်ရှိတယ်။ စာရင်းပေးထားတဲ့ လူစာရင်းမှာ ရန်ကုန်မြို့ကလည်း ပါသလို အခြားသော မြို့နယ်တွေကလည်း ပါတယ်။ မန္တလေးမြို့ကို ရောက်တဲ့အချိန်မှာ လူအင်အားက ၅၀၀ ကျော် သွားလိမ့်မယ်။ မြစ်ကြီးနားရောက်တဲ့ အခါမှာတော့ လူအင်အားက ၃၀၀၀ ကနေ ၅၀၀၀ အကြားကို ကျွန်တော်တို့က မှန်းထားတယ်။ တန်ဖဲရွာကို ရောက်တဲ့အခါမှာ မြစ်ဆုံဆည် စီမံကိန်းဖျက်သိမ်းရေး ဟောပြောပွဲ လုပ်သွားမှာပါ။ ခရီးစဉ်က ရက်ပေါင်း ၆၀လို့ မှန်းထားပေမယ့် ရာသီဥတု ပူပြင်းတာရယ် လမ်းလျှောက်မယ့် သူတွေထဲမှာ သက်ကြီးရွယ်အိုတွေ အမျိုးသမီးတွေလည်း ပါမှာဖြစ်တဲ့အတွက် မှန်းထားတဲ့ ရက်ထက်ကျော်ရင်လည်း ကျော်သွားနိုင်တယ်”ဟု ဦးရဲထွဋ်ခေါင် က ပြောပြသည်။

မြစ်ဆုံဆည် စီမံကိန်းရပ်ဆိုင်းရေး လမ်းလျှောက်ဆန္ဒထုတ်ဖော်မည့်သူများ၏ စားဝတ်နေရေးအတွက် နိုင်ငံရေးအကျဉ်းသားဟောင်းများက လှူဒါန်း မ,တည်ထားသည့် ငွေကျပ် သိန်း ၂၅၀ ၀န်းကျင်ရှိကြောင်းနှင့် ရန်ကုန်မှ မြစ်ဆုံအထိ ငွေကျပ်သိန်း ၁၀၀၀ ကျော် ကုန်ကျမည်ဟု ခန့်မှန်းထားကာ ပြည်သူများ၏ လှူဒါန်းထောက်ပံ့ကူညီမှုများကို လက်ခံသွားမည် ဖြစ်သော်လည်း ခရိုနီ စီးပွားရေးလုပ်ငန်းရှင်များ၏ ထောက်ပံ့ကူညီမှုကိုမူ လက်ခံသွားမည် မဟုတ်ဟု ဦးရဲထွဋ်ခေါင်က ဆိုသည်။

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ၎င်း၏ သမ္မတသက်တမ်းကာလအတွင်း မြစ်ဆုံစီမံကိန်းအား ရပ်ဆိုင်းကြောင်း တရားဝင် ထုတ်ပြန်ကြေညာထားသော်လည်း China Power Investment (CPI) ကုမ္ပဏီအနေဖြင့် မြစ်ဆုံစီမံကိန်းအား ပြန်လည်စတင်နိုင်ရေး ကြိုးပမ်းနေမှုများကြောင့် မြစ်ဆုံဆည်စီမံကိန်း အပြီးရပ်ဆိုင်းမှုအား လိုလားကြောင်း လှုပ်ရှားမှုများကို ပြည်သူများ၊ သဘာဝပတ်ဝန်းကျင် ပညာရှင်များအပါအ၀င် နယ်ပယ်အသီးသီး မှ ထင်ရှားကျော်ကြားသူများက မကြာခဏ ပြုလုပ်လျက်ရှိသည်။

မြစ်ဆုံဆည်စီမံကိန်းကို ဆက်လက်လုပ်ဆောင်ပါက မြစ်ဆုံဒေသသာမက ဆည်အောက် မိုင်ရာပေါင်းများစွာ အကွာအဝေးထိ မြစ်ကြောင်းတစ်လျှောက် နေထိုင်သူများ ထိခိုက်နိုင်ကြောင်း၊ စီမံကိန်းအရွယ်အစား ကြီးမားကာ အဆင့်များစွာပါဝင်သော ရေအားလျှပ်စစ် ထုတ်လုပ်ရေးအစီအစဉ်နှင့် ပတ်သက်၍ ပေါ်ပေါက်လာနိုင်သော အကျိုးသက်ရောက်မှု ဖြစ်လာနိုင်ခြေများအပေါ် ၂၀၁၁ ခုနှစ်အတွင်းက ထုတ်ပြန်ခဲ့သည့် China Power Investment ကုမ္ပဏီ၏ အစီရင်ခံစာ၌ တိတိကျကျဖော်ပြရန် ပျက်ကွက်ခဲ့ကြောင်း၊ ဧရာဝတီမြစ် အထက်ပိုင်းဒေသအတွင်း ရေအားလျှပ်စစ် ထုတ်လုပ်ရေးဆိုင်ရာ လုပ်ငန်းများနှင့် ပတ်သက်၍ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အကဲဖြတ် ဆန်းစစ်ချက် (EIA) အစီရင်ခံစာအား သုံးသပ်ကြည့်လျှင် အကဲဖြတ်ဆန်းစစ်ချက်၌ အားနည်းချွတ်ယွင်းမှုများနှင့် ပြည့်စုံမှုမရှိသော ကောက်ချက်ချမှုများကို တွေ့ရသည်ဟု ပြည်တွင်း ပြည်ပ ပညာရှင်များ ပါဝင်သည့် အဖွဲ့က ၂၀၁၃ နှစ်ကုန်ပိုင်းတွင် စာတမ်းတစ်စောင် ထုတ်ပြန်၍ ထောက်ပြထားသည်။

Ekeven Media Group